သုံးရလွယ်ကူစေသည့် Link များ

ငြိမ်းချမ်းရေးလုပ်ငန်း အမျိုးသမီးပိုမိုပါဝင်ခွင့် မြန်မာအမျိုးသမီးလှုပ်ရှားသူတွေ တိုက်တွန်း


“ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး” စကားဝိုင်း။ (ဓာတ်ပုံ - DVB၊ Women's League of Burma (WLB)- စက်တင်ဘာ ၂၁၊ ၂၀၂၀)
“ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး” စကားဝိုင်း။ (ဓာတ်ပုံ - DVB၊ Women's League of Burma (WLB)- စက်တင်ဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ဖို့အတွက် အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်နဲ့ သမားရိုးကျနည်းလမ်းတွေကနေ ဖောက်ထွက်ဖို့ လိုအပ်နေပြီလို့ အမျိုးသမီးရေးလှုပ်ရှားသူတွေ တိုက်တွန်းလိုက်တဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ဦးဆောင်ပြီး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စကားဝိုင်းမှာ အွန်လိုင်းကနေ ကျင်းပရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု ရနိုင်မယ့် နည်းလမ်းတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ဲ့တာပါ။

၂၀၁၈ ခုနှစ်မှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးက ကျား၊ တန်းတူညီမျှရေးမူဝါဒ ချမှတ်ဖို့နဲ့ ကဏ္ဍအသီးသီးမှာ အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးဖို့ သဘောတူညီထားခဲ့ပေမဲ့ လက်တွေ့မှာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထောက်ပြဆွေးနွေးကြပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ဆိုရင် သက်ဆိုင်ရာ အစု အဖွဲ့တွေက သမားရိုးကျအတိုင်း ဆောင်ရွက်လို့ မရနိုင်ကြောင်းကို KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေး အကြံပေးဖြစ်သူ နော်မေဦးက အခုလို ပြောဆိုပါတယ်။

“အဖွဲ့အစည်းတစ်ခုစီရဲ့ တည်ဆောက်ထားတဲ့အတိုင်းပဲဆိုရင် သမားရိုးကျ တွေးခေါ်၊ ထုံးတမ်းစဉ်လာတွေအတိုင်း တည်ဆောက်ထားတဲ့ အဖွဲ့အစည်းမှာ ချက်ချင်းဆို ၃၀ ရာခိုင်နှုန်း ဘယ်လို ထည့်မလဲ။ အဖွဲ့အစည်းကို ရိုက်ချိုးပြီးတော့၊ တစ်ခါတည်း ဖျက်ဆီးပြီးတော့ လုပ်ဖို့ ဆိုတာလည်း လက်တွေ့က မဖြစ်နိုင်ဘူး။ ဆိုတော့ ကျမတို့ စဉ်းစားရတော့မယ်။ တစ်မျိုးစဉ်းစားရတော့မယ်။ အင်္ဂလိပ်လိုဆို Creative ပေါ့။ နည်းနည်းထွင်ပြီးတော့ တီထွင်ကြံဆပြီးတော့ ကျမတို့ စဉ်းစားရတော့မယ်။ အဓိကက တကယ်ပဲ အနှစ်သာရရှိရှိ ရှေ့တိုးနိုင်ဖို့ ဖြစ်တယ်။ အမျိုးသမီးအဖွဲ့အစည်းအသီးသီး အစဉ်အလာနဲ့ လုပ်ခဲ့ပြီးသားပဲဖြစ်တယ်။ ဒါကို အသိအမှတ်ပြုနိုင်ဖို့ သတ္တိပဲလိုတယ်။ အသိအမှတ်ပြုနိုင်ဖို့ အရည်အချင်းပဲ လိုတယ်။”

၂၁ ရာစုပင်လုံအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ဗဟိုကော်မတီဝင် မိဆူးပွင့်က နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖို့ လိုကြောင်းလည်းဆွေးနွေးပါတယ်။

“သဘောတူညီချက်က ရှိထားပြီ။ သဘောတူညီချက်က သတ်သတ်ပဲ ဆိုတာမျိုး မဟုတ်ဘဲနဲ့။ ဒါတွေဟာ အခုကတည်းက စပြီး ပြင်ဆင်ရမယ်ဆိုတဲ့ နားလည်မှုပေါ့နော်။ ဒီလိုပြင်ဆင်ထားခြင်းအားဖြင့် အနာဂတ်မှာ အမျိုးသမီးတွေ၊ ပစ္စုပ္ပန်မှာ လက်တွေ့ အမျိုးသမီးတွေ ပါဝင်လာနိုင်တဲ့ လမ်းကြောင်းတွေ ပိုပွင့်လာပြီးတော့မှ မတူညီတဲ့အမြင်တွေနဲ့၊ မတူညီတဲ့အတွေ့အကြုံတွေ၊ မတူညီတဲ့ ခံစားမှုတွေ အဲဒါတွေအားလုံးပေါင်းစုံပြီးတော့မှ ကျမတို့ ဆက်သွားမယ့် အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုအတွက် အလားအလာကောင်းတွေ ဖော်ဆောင်မယ် ဆိုတဲ့အဆင့်ထိကို နားလည်နိုင်တဲ့ စိတ်နှလုံး ကျမတို့ နိုင်ငံရေးခေါင်းဆောင်တွေမှာ အများကြီးရှိဖို့ လိုနေသေးတယ်လို့ဖို့ ကျမအနေနဲ့ ပြောချင်တယ်။”

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ ဦးဆောင်အဖွဲ့ဝင် မော်ဖရေးမြာကတော့ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တပ်မတော်က နိုင်ငံတကာစံနှုန်းနဲ့ အညီ ပြုပြင် ပြောင်းလဲဖို့ လိုအပ်ကြောင်းလည်း အခုလို တိုက်တွန်းပါတယ်။

“အစိုးရအပြင် EAO၊ တပ်မတော်တွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ်တွေ၊ နောက်ပြီးတော့မှ နိုင်ငံတကာ စံချိန် စံညွှန်းနဲ့ ညီတဲ့ဟာမျိုးတွေကိုလည်း သူတို့ရဲ့ မူထဲမှာ ထားဖို့ တာဝန်အပြည့်ရှိတယ်ပေါ့။ အဲဒါတွေကို သူတို့ ပြုပြင်ပြောင်းလဲဖို့ လိုတယ်။”

ဒါအပြင် အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့ ဥပဒေနဲ့ ဓလေ့ထုံးစံတွေကိုလည်း ပြုပြင်ဖို့ လိုအပ်တယ်လို့ တောင်းဆိုထားပါတယ်။

အရင်နှစ်တွေကတော့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ချီတက်ပွဲတွေ၊ ဟောပြောပွဲတွေကို ကျင်းပလေ့ ရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ COVID 19 ကပ်ရောဂါကြောင့် အွန်လိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂက စက်တင်ဘာလ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် ၁၉၈၁ခုနှစ်မှာ စတင်သတ်မှတ် ကျင်းပခဲ့တာဖြစ်ပြီး အထွေထွေညီလာခံက ငြိမ်းချမ်းရေးတိုးတက်ဖြစ်ထွန်းစေရေးအတွက် ဒီနေ့မှာ အကြမ်းမဖက်ဖို့နဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကုလသမဂ္ဂက စစ်ပွဲတွေမှာ တိုက်ခိုက်မယ့် အစား COVID 19 ကပ်ရောဂါကို အလေးထား တိုက်ဖျက်ဖို့ ဆော်သြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG