(Zawgyi / Unicode)
အီရန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) က စေ့စပ်ညှိနှိုင်းသူတွေရဲ့ အီရန်နျူကလီးယားအရေး လနဲ့ချီတဲ့ တဆင့်ခံဆွေးနွေးမှုတွေကို သြစတြီးယား နိုင်ငံမှာ ပြန်လည်စတင်နေပါပြီ။ တချိန်တည်းမှာပဲ အီရန်နိုင်ငံဟာ နျူကလီးယားသန့်စင်တဲ့ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်လာနေကြောင်း နိုင်ငံတကာ စစ်ဆေးရေးမှူးတွေက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
Vienna မြို့မှာ တွေ့ဆုံဖို့ ဗုဒ္ဓဟူးနေ့ကပဲ ရုတ်တရက် ကြေညာခဲ့တဲ့ အစီအစဉ်မှာတော့ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားအရေး သဘောတူညီချက်မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံတွေက အဆင့်မြင့် ကိုယ်စားလှယ်တွေ တက်ရောက်မယ့်ပုံ မပေါ်ပါဘူး။ ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို ပြန်လည်အကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းမှုတွေအပေါ် အနောက်နိုင်ငံတွေက သံသယသဘောထားတွေ တိုးလာနေချိန်မှာပဲ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စလိုက်တာပါ။
နောက်ထပ် ထူးထူးခြားခြား အပေးအယူစေ့စပ်နိုင်မယ့် အခွင့်အလန်း နည်းပါးနေပြီလို့လည်း EU ထိပ်တန်းသံတမန်က သတိပေးထားပါတယ်။ အီရန်စေ့စပ်ညှိနှိုင်းရေးမှူး Ali Bagheri Kani ဟာ EU ညှိနှိုင်းရေးမှူး Enrique Mora နဲ့ တွေ့ဆုံခဲ့ကြောင်း အီရန်သတင်းတွေက ဖော်ပြပါတယ်။ အမေရိကန်ကတော့ EU ညှိနှိုင်းရေးမှူးကတဆင့် အီရန်နဲ့ ဆွေးနွေးမှာပါ။
အီရန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Rob Malley ကတော့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မဖြစ် စောင့်ကြည့်သွားမယ့်အကြောင်း Twitter လူမှုကွန်ရက်မှာ ပြောဆိုခဲ့ပါတယ်။ EU ညှိနှိုင်းရေးမှူးနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့တဲ့ ရုရှားသံကိုယ်စားလှယ် Mikhail Ulyanov ဟာ အီရန်ညှိနှိုင်းရေးမှူးနဲ့လည်း သီးခြားတွေ့ဆုံခဲ့တာပါ။
(Unicode)