သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ယူရေနီယံသန့်စင်မှု အဆင့်တိုးမြှင့်


အီရန်ရှိ နျူကလီးယား စက်ရုံတရုံ။
အီရန်ရှိ နျူကလီးယား စက်ရုံတရုံ။

အီရန်က သူ့ရဲ့ ခေတ်မီ နျူကလီးယား ဗဟိုခွါအားသုံးစက်တွေမှာ ယူရေနီယံဓာတ်ငွေ့သွင်းဖို့ စလုပ်နေပြီလို့ အီရန် အဏုမြူစွမ်းအင် အေဂျင်စီက စနေနေ့မှာ ပြောကြားလိုက်တာကြောင့် အီရန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်ကြား ၂၀၁၅ က ရရှိထားတဲ့ နျူကလီးယား သဘောတူညီချက် JCPOA ကို တတိယအကြိမ်မြောက် ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒါဟာ အီရန်က ရေနံတင်သင်္ဘော နောက်ထပ်တစင်းကို ဖမ်းဆီးလိုက်တယ်လို့ အာရပ်သတင်းတွေမှာ ဖော်ပြချိန်မှာ အခုလို ထုတ်ပြောလိုက်တာလည်း ဖြစ်ကြောင်း ကိုင်ရိုက VOA သတင်းထောက် Edward Yeranian ပေးပို့ထားတဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အီရန်ရဲ့ အခုလို ရန်လိုတဲ့ လုပ်ဆောင်မှုတွေကြောင့် အနောက်နိုင်ငံတွေနဲ့ရော သူ့ရဲ့ အိမ်နီးချင်း အာရပ်နိုင်ငံတွေနဲ့ပါ တင်းမာမှုတွေ ထပ်ပြီး တိုးလာစေပါတယ်။ Gibraltar က ပြန်လွှတ်ပေးလိုက်တဲ့ အီရန်ရေနံတင်သင်္ဘော ဆီးရီးယားဆိပ်ကမ်း Tartous ကို ရောက်သွားချိန်မှာပဲ ပင်လယ်ကွေ့ဒေသမှာ အီရန်က စတုတ္ထမြောက် ရေနံတင်သင်္ဘော တစင်းကို ဖမ်းဆီးလိုက်တယ်လို့ အာရပ်သတင်းမှာ ကြေညာခဲ့တာပါ။

တချိန်တည်းမှာပဲ အီရန် အဏုမြူစွမ်းအင် အေဂျင်စီ ပြောခွင့်ရ Behrouz Kamalvandi ကလည်း အီရန်ရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေကို အခုလို ကြေညာခဲ့ပါတယ်။

“အီရန်ဟာ သူ့ရဲ့ နောက်ဆုံးပေါ် အဏုမြူဗဟိုခွါအားသုံးစက်မှာ ယူရေနီယံဓာတ်ငွေ့တွေ သွင်းဖို့ လုပ်နေပြီ” လို့ ပါရှန်ဘာသာနဲ့ ပြောသွားတာပါ။

ဒါဟာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ ရုရှား၊ အမေရိကန်တို့နဲ့ ၂၀၁၅ ကတည်းက ရရှိထားတဲ့ JCPOA နျူကလီးယား သဘောတူညီချက်ကို တတိယအကြိမ်မြောက် ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ကတော့ ၂၀၁၈ မေလထဲမှာ စာချုပ်က နုတ်ထွက်ခဲ့တာပါ။

တကယ်လို့ အနောက်နိုင်ငံတွေက အီရန်အပေါ် အရေးယူဒဏ်ခတ်မှုတွေ လျှော့ချမယ်ဆိုတဲ့ သူတို့ကတိအတိုင်းလုပ်ရင် အီရန်ဘက်က JCPOA စာချုပ်အတိုင်း လိုက်နာဖို့ ပြန်လုပ်နိုင်ကြောင်း၊ ဒါပေမယ့် အခု ဒီလိုဖြစ်လာဖို့ ပိုခက်ခဲလာတာကြောင့် အီရန်က ရှေ့တိုးလုပ်ဆောင်ရကြောင်း တဟီရန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Kamalvandi က ပြောပါတယ်။ ဒါ့အပြင် အီးယူ ဥရောပနိုင်ငံတွေအနေနဲ့ သူတို့အတွက် အချိန်သိပ်မရှိတော့ဘူးဆိုတာ နားလည်ရင်တော့ လုပ်စရာရှိတာကို အမြန်လုပ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ပြင်သစ်နိုင်ငံကိုရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper ကတော့ အီရန်ဟာ နျူကလီးယားစာချုပ်ကို ချိုးဖောက်နေတာ နှစ်ပေါင်းများစွာရှိနေပြီ ဖြစ်တဲ့အတွက် အခုလို အီရန်ဘက်က ၂၀၁၅ သဘောတူစာချုပ်ကို ချိုးဖောက်မယ်ဆိုတဲ့ ကြေညာချက်ဟာ အမေရိကန်အတွက် အဆန်းမဟုတ်ကြောင်း စနေနေ့ ပြင်သစ်ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Kamalvandi က အီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုကို ၂၀ % သန့်စင်ဖို့ လုပ်ဆောင်မှာ ဖြစ်သလို လာမယ့်လတွေအတွင်း ထုတ်လုပ်မှုကိုလည်း တဖြည်းဖြည်း တိုးမြှင့်သွားမယ်လို့ ပြောခဲ့တာပါ။

ဘေရွတ် အမေရိကန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားသူ Hilal Khashan ကတော့ အီရန်က အခုလို နျူကလီးယား သန့်စင်မှုတွေ တိုးလုပ်လာတာဟာ အပေးအယူ ညှိနှိုင်းမှုတွေ လုပ်ချင်တဲ့သဘောက ပိုများနေတယ်လို့ ပြောပါတယ်။

“အီရန်အနေနဲ့ အနောက်နိုင်ငံတွေ အထူးသဖြင့် ဥရောပနိုင်ငံတွေနဲ့ သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းဖို့ စိတ်သန်နေဆဲပါ။ နျူကလီးယား သန့်စင်မှုအတွက် ကန့်သတ်ချက်တွေ အားလုံးကို သူတို့ဖယ်ပစ်မယ်လို့ ကြေညာတဲ့အတိုင်း တကယ်လုပ်မယ်လို့လည်း ကျနော် မထင်ပါဘူူး။”

အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ရာမှာ ပြင်သစ်ကာကွယ်ရေးဝန်ကြီး Parly က ပြင်သစ်အနေနဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို အီရန်က အပြည့်အဝ လေးစားလာအောင် ဆက်လုပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ပင်လယ်ကွေ့ဒေသ ရေကြောင်းသွားလာရေး လုံခြုံစိတ်ချရဖို့အတွက် အမေရိကန်က ပိုမို ပူးပေါင်းဆောင်ရွက်ဖို့လည်း ပန်ကြားခဲ့ပါတယ်။ ပင်လယ်ကွေ့ဒေသမှာ သွားလာတဲ့ ရေကြောင်းလိုင်းတွေကို ကာကွယ်ရေးအတွက် အမေရိကန်စစ်တပ်ရဲ့ လုပ်ဆောင်မှုမှာလည်း ပြင်သစ်က ပါဝင်ဆောင်ရွက်မှု မရှိပါဘူး။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG