သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဟာမတ် အကျဉ်းသားချင်းဖလှယ်


ပြန်လွှတ်လာသည့် အကျဉ်းသားတွေကို ခေါ်ဆောင်ဖို့ အစ္စရေးလုံခြုံရေးအဖွဲ့တွေ စောင့်နေစဉ်။
ပြန်လွှတ်လာသည့် အကျဉ်းသားတွေကို ခေါ်ဆောင်ဖို့ အစ္စရေးလုံခြုံရေးအဖွဲ့တွေ စောင့်နေစဉ်။

အစ္စရေးနဲ့ Hamas စစ်သွေးကြွတို့ကြား သဘောတူညီချက်အရ Hamas တို့ဖမ်းဆီးထားတဲ့ အစ္စရေး ဓါးစာခံ ၁၃ ယောက်ပြန်လွတ်လာပါပြီ။ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တဲ့ အစ္စရေးဓားစာခံတွေကို ဂါဇာမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့လက်ကို Hamas အဖွဲ့က လွှဲပေးခဲ့တယ်လို့ အခုအသံလွှင့်နေချိန်မှာပဲ အစ္စရေးကလာတဲ့ သတင်းတွေက ထုတ်ပြန်ပါတယ်။

အီဂျစ်နိုင်ငံကနေတဆင့် ရောက်လာကြမယ့် ဓားစာခံတွေကို အစ္စရေးစစ်တပ်က နိုင်ငံတောင်ပိုင်းမှာရှိတဲ့ Hatzerim လေတပ်စခန်းမှာ လက်ခံယူမှာဖြစ်ပြီး သူတို့ကို ဆေးကုသဖို့ နိုင်ငံအနှံ့က ဆေးရုံ ၅ ခုကို ပို့ဆောင်မှာဖြစ်တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက အစောပိုင်းက ပြောကြားထားပါတယ်။ အစ္စရေး ၁၃ ယောက်အပြင် Hamas တို့ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၁၂ ယောက်ပြန်လွတ်လာတယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

သံရုံးတာဝန်ရှိသူတွေက လွတ်လာသူတွေကို သွားခေါ်နေပြီလို့ ဝန်ကြီးချုပ် Srettha Thavisin ကလည်း X လူမှုကွန်ရက်မှာ လွန်ခဲ့တဲ့ ၁ နာရီလောက်က သတင်းထုတ်ပြန်ပါတယ်။ Hamas တို့ဖမ်းထားတဲ့ ဓါးစာခံ ၁ ယောက်ကို ပြန်လွှတ်ပေးရင် ပါလက်စတိုင်း အကျဉ်းသား ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ အစ္စရေးဖက်က သဘောတူထားပါတယ်။ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ဖမ်းဆီးထားသူတွေကို အပြန်အလှန် လဲလှယ်လွှတ်ပေးမယ်ဆိုတဲ့ အစီအစဉ်အတိုင်း ဒီနေ့စတင်လွှတ်ပေးနေတာပါ။

အပြန်အလှန်အားဖြင့် အစ္စရေးမှာ ထောင်ကျနေတဲ့ ပါလက်စတိုင်းအကျဉ်းသား ၃၉ ယောက်ကို အစ္စရေးဘက်က ပြန်လွှတ်ပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းက အစ္စရေး အခြေချနေရာမှာရှိတဲ့ Ofer အစ္စရေး စစ်အကျဉ်းထောင်ကနေ ပါလက်စတိုင်း အကျဉ်းသားတွေကို စတင်လွှတ်ပေးတာ ဖြစ်ပြီး သူတို့ကို နိုင်ငံတကာကြက်ခြေနီ ICRC လက်ကို အစ္စရေးစစ်တပ်က လွှဲပေးပါတယ်။

ပြန်လွှတ်လာမယ်လို့ မျှော်လင့်တဲ့ အမျိုးသမီး ၂၄ ယောက်နဲ့ ဆယ်ကျော်သက်ယောကျ်ားလေး ၁၅ ယောက်ရဲ့ နာမည်တွေကို ပါလက်စတိုင်း အာဏာပိုင်တွေက အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးမြို့တွေထဲ Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်စဉ် ဖမ်းဆီးခံခဲ့ရတဲ့ ဓါးစာခံ ၂၄၀ ကျော်ထဲက ၅၀ ကို ၄ ရက်အပစ်အခတ်ဆိုင်းထားဖို့ သဘောတူညီထားတဲ့ ကာလအတွင်း Hamas စစ်သွေးကြွဘက်က လွှတ်ပေးရမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ပါလက်စတိုင်းအကျဉ်းသား ၁၅၀ ကို အစ္စရေးတို့က လွှတ်ပေးမယ်လို့ သဘောတူထားပါတယ်။

ယာယီ အပစ်အခတ်ရပ်ဆိုင်းထားမှုကို ဒီနေ့ အစောပိုင်းက စတင်ခဲ့ပြီး မကြာခင်မှာပဲ ဆေးဝါး၊ အစားအသောက်နဲ့ လောင်စာဆီတင်ထားတဲ့ ကုန်ကားတွေ အီဂျစ်နိုင်ငံ နယ်စပ်ဂိတ်ဖက်ကနေ ဂါဇာကမ်းမြောင်ဒေသထဲကို ဝင်ရောက်သွားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG