[Zawgyi/Unicode]
ဒီနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ၄၆ ယောက်မြောက် သမ္မတသစ်ကျမ်းသစ္စာ ကျိန်ဆိုမယ့်နေ့ဖြစ်ပါတယ်။ နောက်ထပ် ၂ နာရီကျော်လောက် အချိန်ကျရင် သမ္မတသစ်အဖြစ် Joe Biden နဲ့ ဒုသမ္မတသစ်အဖြစ် Kamala Harris တို့ Capitol လွှတ်တော်အဆောက်အဦးရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုကြတော့မှာပါ။ လွန်ခဲ့တဲ့သီတင်း ၂ ပတ်က သမ္မတ Trump ကိုထောက်ခံသူ လူအုပ်ကြီး အတင်းဝင်စီးခဲ့ကြတဲ့ အဆောက်အဦးမှာ ကျမ်းကျိန်ပွဲကို လုပ်တာမို့ လုံခြုံရေးက အရင်သမ္မတကျမ်းကျိန်ပွဲတွေထက်ကို ၃ ဆလောက် ပိုချထားပါတယ်။ အစွန်းရောက်အမြင်ရှိသူတွေ တိုက်ခိုက်နိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေကြောင့်လည်း ဝါရှင်တန်မြို့တော်ထဲမှာ ခြံစည်းရိုးတွေကာပြီး အထပ်ထပ်ပိတ်ဆို့ထားပါတယ်။ တာဝန်ရှိသူတွေက လွဲလို့ အဝင်အထွက်လုပ်လို့ မရပါဘူး။ ကျမတို့ရဲ့ VOA ဝိုင်းတော်သူ မအင်ကြင်းကတော့ သမ္မတသစ်ကျမ်း သစ္စာကျိန်ဆိုပွဲသတင်းယူဖို့အတွက် Capitol လွှတ်တော်အဆောက်အဦးရှေ့က အမျိုးသားရင်ပြင်နားမှာ အခုရောက်နေပါတယ်။
အဲဒီတော့ မအင်ကြင်း လက်ရှိရောက်နေတဲ့နေရာ မြင်ရတဲ့မြင်ကွင်းအခြေအနေတွေကို ပြောပြပေးပါရှင်။
မအင်ကြင်း။ ကျမ ရောက်နေတဲ့ နေရာက သမ္မတ ကျမ်းသစ္စာကျိန်ဆိုမယ့် လွှတ်တော်အဆောက်အဦးနား ဗွီအိုအေ အဆောက်အဦး အနီးအနားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးအခြေအနေအရ ကျမတို့ သတင်းထောက်တွေကို သမ္မတကျမ်းသစ္စာဆိုမယ့် နေရာအထိကို သွားခွင့်မပေးတဲ့အတွက် သံဇကာတွေ ကာရံထားတဲ့အနောက်ပေါ့.. အဲဒီနေရာနဲ့ မလှမ်းမကမ်းမှာ ရောက်နေပါတယ်။ ဒါပေမဲ့ ကျမ်းသစ္စ္စာကျိန်ဆိုမယ့်အခမ်းအနားနေရာကိုတော့ လှမ်းမြင်နေရပါတယ်ရှင့်။
မစုမြတ်မွန်။ ဝါရှင်တန်မြို့တော်ကို တံတိုင်းတွေကာထားတဲ့ ခံတပ်ကြီးလိုဖြစ်နေပြီဆိုပြီးလည်း တင်စားပြောနေကြပါတယ်။ အဲဒီလောက် လုံခြုံရေးတင်းကြပ်တဲ့ကြားက မအင်ကြင်းတို့လို သတင်းထောက်တွေ သတင်းယူနိုင်ဖို့အတွက်ရော ဘယ်လို စီစဉ်ပေးထားပါလဲရှင့်။
မအင်ကြင်းနိုင်။ ။ ကျမတို့ သတင်းထောက်တွေအတွက် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားမှာ တက်ရောက်သတင်းယူဖို့ဆိုတဲ့ အထူးခွင့်ပြုချက်ကဒ်တွေ သီးသန့်ထုတ်ပေးထားပါတယ်။ အဲဒီအတွက် လုံခြုံရေးအရ ကျမတို့ နောက်ကြောင်းမှတ်တမ်းရာဇဝင်တွေ အထပ်ထပ်စစ်ဆေးပါတယ်။ သတင်းယူမယ့် သတင်းထောက်တွေအနေနဲ့ COVID 19 ရောဂါပိုးကင်းရှင်းကြောင်းဆိုတဲ့ စာကိုလည်းကိုင်ထားရပါတယ်။ အဲဒါကို ကျမတို့ တယ်လီဖုန်းထဲမှာ သူတို့ application လုပ်ပေးထားတယ်။ အဲဒီမေးခွန်းတွေဖြေထားကြောင်း အထောက်အထားရှိပါတယ်။ သူတို့ အထူးခွင့်ပြုထားတဲ့ သတင်းထောက်ကဒ်ပြား ရှိရပါတယ်။ နောက် ကျမတို့ ဗွီအိုအေ သတင်းထောက်ကဒ်ပြားရှိပါတယ်။ ရုံးထဲမှာ သွားခွင့်လာခွင့် အထောက်အားကဒ် အားလုံးပေါင်း လေးခုပေါ့။ အဲဒါတွေ ကျမတို့ အဆင်သင့်ကိုင်ဆောင်ထားရပါတယ်။ ခါတိုင်းဆိုရင် သတင်းထောက်တွေကို သမ္မတ ကျမ်းသစ္စာဆိုတဲ့နေရာအနီးမှာ စင်မြင့်ထိုးပြီး နေရာပေးပေမဲ့ ဒီတကြိမ်မှာတော့ ခပ်ဝေးဝေးပေါ့.. အမျိုးသားရင်ပြင်ကြီးမှာ tent တွေပေးပြီး သတင်းယူခွင့်ပေးပါတယ်။
မစုမြတ်မွန်။ ။ သမ္မတသစ်အဖြစ် Joe Biden က ဝါရှင်တန်အချိန် နေ့လယ် ၁၂ နာရီမှာ ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။ ဆိုတော့ အဲဒီကျမ်းကျိန်ပွဲနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကိုလည်း ပြောပြပါဦးရှင့်။
မအင်ကြင်းနိုင်။ ။ အမေရိကန်သမိုင်းမှာ ထုံးတမ်းအစဉ်အလာအရ အမေရိကန်သမ္မတတွေက နေ့လယ် ၁၂ နာရီတိတိမှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်ရှင့်။ အဲဒီတော့ ရွေးကောက်ခံသမ္မတ Joe Biden ကျမ်းသစ္စာ မကျိန်ဆိုခင်မှာ ရွေးကောက်ခံဒုသမ္မတ Kamala Harris ကအရင် ကျမ်းသစ္စာကျိန်ဆိုမယ်။ ပြီးရင် Democrat ရွေးကောက်ခံသမ္မတ Joe Biden ကကျမ်းသစ္စာကျိန်ဆိုပါတယ်။ အဲဒီနောက်မှာတော့ သမ္မတမိန့်ခွန်းပြောပါမယ်။ ပြီးရင် ဖျော်ဖြေပွဲ အခမ်းအနားတွေရှိပါမယ်။ သမ္မတသစ် Joe Biden ကတော့ Arlington စစ်သချိုၤင်းကို သွားပြီးတော့ အညတရစစ်သည်တွေအတွက် လွမ်းသူ့ပန်းခွေချပါမယ်။ အဲဒီမှာ သမ္မတဟောင်းတွေဖြစ်ကြတဲ့ Barack Obama၊ George W. Bush နဲ့ Bill Clinton တို့ကလည်း သမ္မတနဲ့အတူ ရှိမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ သမ္မတဖြစ်လာပြီဆိုရင် သူက စစ်သေနာပတိချုပ်လည်း ဖြစ်လာတယ်ဆိုတော့ စစ်သချိုၤင်းကနေ သမ္မတအိမ်ဖြူတော်ကို ဝင်တဲ့အခါမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ၁၅ လမ်းကနေ သွားရောက်မှာဖြစ်ပါတယ်။
မစုမြတ်မွန်။ ။ အခုလည်း ဝေဟင်ကနေ လုံခြုံရေးတွေ ရှိနေတယ်ထင်ပါတယ်။ ရဟတ်ယာဉ်အသံတွေလည်း ကြားနေရပါတယ်။ ဆိုတော့ မအင်ကြင်းပြောသလိုပဲ ကျမ်းကျိန်ပြီးတာနဲ့ သမ္မတသစ်အဖြစ် Joe Biden မိန့်ခွန်းပြောမှာပါ။ အမေရိကားမှာ သဘောထားအမြင်တွေ သိသိသာသာကွဲနေချိန်မှာ သမ္မတတာဝန်ယူရတဲ့ သမ္မတသစ်မိန့်ခွန်းမှာ ဘာတွေကို ဦးစားပေးပြောမယ်လို့ ခန်မှန်းရပါလဲ။
မအင်ကြင်းနိုင်။ ။ ကျမတို့ ခန့်မှန်းထားတာက သဘောထား စိတ်ဝမ်းကွဲပြားနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ စုစည်းညီညွတ်ရေးကိစ္စကို သမ္မတဖြစ်လာမယ့် Joe Biden က အဓိကထား ဆောင်ရွယ်မယ်ဆိုတဲ့အကြောင်း ပြောကြားမယ်။ နောက် COVID-19 အလူးအလဲခံနေရတဲ့ အမေရိကန်ပြည်ထောင်စုမှာ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေ၊ စီးပွားရေးအရ နလန်ထူနိုင်ရေး အစီအစဉ်တွေကို အဓိက ထည့်သွင်းပြောမယ်လို့ မေ ျှာ်လင့်ရပါတယ်ရှင့်။
မစုမြတ်မွန်။ ။ Joe Biden က သူသမ္မတဖြစ်လာတဲ့ ပထမဆုံးရက်မှာပဲ တိုင်းပြည်အတွက် လုပ်စရာရှိတာတွေကို လုပ်မယ်လို့ အမြဲပြောပါတယ်။ ဆိုတော့ ဘာတွေ လုပ်ဖို့ရှိတယ်ဆိုတဲ့ အစီအစဉ်ကိုလည်း ပြောပြပါရှင့်။
မအင်ကြင်းနိုင်။ ။ သမ္မတဖြစ်လာမယ့် Joe Biden က သူပထမဆုံးတာဝန်ထမ်းဆောင်မယ့်နေ့တင်ကို သူ့ရဲ့ သမ္မတလုပ်ပိုင်ခွင့်အာဏာနဲ့ လက်မှတ်ရေးထိုးပြဌာန်းမယ့် ဥပဒေ ၁၇ ခုရှိပါတယ်။ အဲဒါချက်ချင်းအတည်ပြုပြဌာန်းမှာပါ။ အဲဒီထဲမှာ အဓိကက သမ္မတ Trump လက်ထက်တုန်းက ကန့်သတ်ချက်တွေ၊ အထူးသဖြင့် နိုင်ငံတကာစာချုပ်တွေထဲက ဥပမာ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး Paris သဘောတူစာချုပ်ကနေ သမ္မတ Trump ထွက်ခဲ့တာကနေ ပြန်ဝင်မယ်။ နောက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ထွက်ခဲ့တာကို ပြန်ဝင်ဖို့လုပ်မယ်။ အမေရိကန်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ကန့်သတ်ထားတာတွေ၊ DACA လို့ခေါ်တဲ့ ကလေးဘဝထဲက တရားမဝင်ရောက်နေသူတွေ ပညာသင်ခွင့်ရပ်ဆိုင်းခဲ့တာလို ကိစ္စတွေကို ဖျက်သိမ်းမယ်။ သမ္မတ Trump လက်ထက်က မွတ်ဆလင်နိုင်ငံတချို့က သူတွေ နိုင်ငံထဲ ဝင်ခွင့်မပြုတဲ့ ကန့်သတ်ချက်တွေ ရုပ်သိမ်းတာမျိုးကို သမ္မတသစ်က ချက်ချင်းလက်မှတ်ထိုးလုပ်ဖို့ရှိပါတယ်။ အားလုံးပေါင်း ၁၇ ခု ရှိပါတယ်။ သူပထမဆုံးလုပ်မယ့် အစီအစဉ်ထဲမှာ။ နောက် COVID 19 ထောက်ပံ့ရေးအစီအစဉ်တွေကိုလည်း သမ္မတလုပ်ပိုင်ခွင့်အာဏာနဲ့ လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ပြဌာန်းမှာဖြစ်ပါတယ်။
မစုမြတ်မွန်။ ။ ခုလို သမ္မတသစ်အဖြစ် Joe Biden အာဏာလွဲှယူတဲ့ အခမ်းအနားတွေ မတိုင်ခင် ဒီနေ့မနက် အစောပိုင်းကတော့ သမ္မတ Donald Trump က ဝါရှင်တန်မြို့တော် အပြင်ဖက်နားမှာရှိတဲ့ Andrews စစ်အခြေစိုက်စခန်းမှာ နှုတ်ဆက်ပွဲ အခမ်းအနားလုပ်ပါတယ်။ ဒါကလည်း အမေရိကန်သမိုင်းမှာ အစဉ်အလာအရ သမ္မတသက်တမ်းကုန်ဆုံးတော့မယ့် သမ္မတက သမ္မတသစ်ကျမ်းကျိန်ပွဲ မတက်တာ နှစ်ပေါင်း ၁၅၀ ကျော်အတွင်း ပထမဆုံးဖြစ်ပါတယ်။ အဲဒီအစား သီးသန့်နှုတ်ဆက်ပွဲလုပ်ခဲ့တဲ့ အကြောင်းလဲ ပြောပြပါဦးရှင့်။
မအင်ကြင်းနိုင်။ ။ ဟုတ်ပါတယ်။ စစ်အခမ်းအနားနဲ့ နှုတ်ဆက်ပွဲလုပ်တာပါ မစုမြတ်မွန်ရေ။ အဲဒီအခမ်းအနားကိုတော့ ဒုသမ္မတ Mike Pence မတက်နိုင်ပါဘူး။ ဒုသမ္မတ Pence က သမ္မတသစ်ကျမ်းကျိန်ပွဲ အခမ်းအနားကို တက်မယ်လို့ပြောထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတ Trump နှုတ်ဆက်ပွဲကို မတက်နိုင်ပါဘူး။ အဓိကအကြောင်းက သွားရေးလာရေး အခက်အခဲကြောင့်ပါ။ Andrews စစ်အခြေစိုက်စခန်းက ဝါရှင်တန်မြို့ပြင်မှာရှိတာပါ။ ဝါရှင်တန်မြို့တော်ပတ်လည်မှာ လုံခြုံရေးကြောင့် လမ်းတွေ ပိတ်ဆို့ထားတော့ ဒုသမ္မတအနေနဲ့ အဲဒီကိုသွားပြီး လွှတ်တော်အဆောက်အဦးကို ကျမ်းကျိန်ပွဲကို ပြန်လာတက်မယ်ဆိုရင် ကျမ်းကျိန်ပွဲကို အချိန်မီ ပြန်လာနိုင်တဲ့ အခြေအနေမရှိတာကြောင့် သမ္မတ Trump နှုတ်ဆက်ပွဲကို မတက်တာဖြစ်ပါတယ်။ နောက် သမ္မတ Trump ရဲ့ နှုတ်ဆက်ပွဲကို Republican ပါတီက သြဇာညောင်းတဲ့ လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ အထက်လွှတ်တော်လူများစုခေါင်းဆောင် Mitch McConnell နဲ့ အောက်လွှတ်တော် Republican ခေါင်းဆောင် Kevin McCarthy တို့လည်း သမ္မတ Trump နှုတ်ဆက်ပွဲကို မတက်ကြပါဘူး။ သမ္မတသစ် Joe Biden ကျမ်းကျိန်ပွဲ မတိုင်ခင် ဝါရှင်တန်မြို့တော်ထဲက ဘုရားကျောင်းမှာ လုပ်တဲ့ ဝတ်ပြုပွဲ အခမ်းအနားကို တက်ကြတာဖြစ်တဲ့အတွက် သမ္မတ Trump ပွဲကို မတက်နိုင်ကြပါဘူး။ သမ္မတ Trump ကတော့ အဲဒီနှုတ်ဆက်ပွဲကနေ Airforce One သမ္မတလေယာဉ်နဲ့ Florida ပြည်နယ်က သူ့ရဲ့နေအိမ်ကို သွားခဲ့တာဖြစ်ပါတယ်ရှင့်။
မစုမြတ်မွန်။ ။ ကျေးဇူးပါ မအင်ကြင်းရှင့်။ ကျမ်းကျိန်ပွဲသတင်းတွေကို နောက်ပိုင်း ပြည့်ပြည့်စုံစုံတင်ပြမှာကို စောင့်ကြည့်နားထောင်နေပါမယ်ရှင့်။
မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ပါ။ ကျမတို့လည်း သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာပါ။
[Unicode Version]