သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်မှု၊ မတရားအသင်းပုဒ်မတို့နဲ့ ကချင်ပြည်နယ်အတွင်း အဖမ်းအဆီးများပြား


ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ရတဲ့ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - MYITKYINA NEWS JOURNAL via AFPTV - မတ် ၂၇၊ ၂၀၂၁)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ရတဲ့ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - MYITKYINA NEWS JOURNAL via AFPTV - မတ် ၂၇၊ ၂၀၂၁)

(Zawgyi/Unicode)

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်တွေ ဖမ်းမိပြီးနောက် စစ်ဆေးရှာဖွေမှုတွေကို စစ်ကောင်စီတပ်တွေက တိုးမြှင့်လုပ်နေပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နဲ့ဆက်စပ်ပြီး ဒေသခံ ၁၀ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။ တချိန်တည်းမှာပဲ တနိုင်းမြို့မှာလည်း လူငယ် ၂၀ ကျော်ကို မတရားသင်းနဲ့ ဆက်သွယ်မှုနဲ့ ဖမ်းဆီးထားပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က အဖမ်းအဆီးသတင်းတွေကို ဦးသိန်းထိုက်ဦး က တင်ပြထားပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့နဲ့ ဗန်းမော်မြို့အကြားက စင်းခမ်းတံတားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လက်နက်တွေဖမ်းဆီးရမိတဲ့ သတင်းထွက်ပေါ်ပြီးတဲ့နောက် ရွှေကူမြို့မှာ လုံခြုံရေး ပိုမိုတင်းကြပ်လာတယ်လို့ ရွှေကူမြို့ခံတစ်ယောက်က VOA ကို ပြောပါတယ်။

“မနေ့က သေနတ်မိတယ်လို့ ကြားတယ်နော်။ မိတာက စင်းခမ်းစစ်ဆေးရေးဂိတ်မှာ မိတာ။ စင်းခမ်းတံတား ကျနော်တို့ ဗန်းမော်အသွားလမ်းပေါ့။ နာရေးကားနဲ့သွားပြီးတော့ စစ်ဆေးရေး ဂိတ်မှာ မိတာ။ မိတဲ့အမျိုးသားနဲ့ အမျိုးသမီးကိုတော့ ထိန်းသိမ်းထားတယ်။ အဲဒီသတင်း ဆက်စပ်မှုနဲ့ နေမှာပေါ့။ ကျနော်တို့ အမှတ် ၃ က အိမ်တွေကို လိုက်စစ်တယ်။ ရှာဖွေတယ်လို့ သတင်းတော့ ရလိုက်တယ်။”

လက်နက်တွေ ဖမ်းမိတဲ့နောက်မှာ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးရှာဖွေတာတွေ လုပ်နေသလို အဖမ်းအဆီးတချို့လည်းရှိတယ်လို့ နောက် ဒေသခံက ပြောပါတယ်။

“ အဲဒီ လက်နက်မိတာကြားပြီး နောက်ပိုင်း ရက်ဆက်ပဲ။ မနေ့ကရော ဒီနေ့ရောပေါ့။ စစ်ဆေးတာတွေ ရှာဖွေတာတွေ လုပ်နေကြတယ်။ ဧည့်စာရင်းစစ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လာတာ။ ဟိုးအရင်ရက်တွေက ည မှောင်တဲ့အချိန်မှာ လုပ်ကြတာ။ အခုရက်ပိုင်းမှာတော့ နေ့ပိုင်းတွေမှာပါ လုပ်လာကြတာ။ သူတို့ရဲ့ အဆက်အစပ်တွေနဲ့ပေါ့နော်။ PDF တွေကို သတင်းအစအနရလို့ လိုက်တဲ့သဘောပေါ့။ ဖမ်းဆီးခံရတာကတော့ ၁၀ယောက် ပတ်ဝန်းကျင်လောက် ရှိလိမ့်မယ်ထင်တယ်။”

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရွှေကူမြို့မှာ ၁၃ ရက်နေ့က လက်နက် ဖမ်းဆီး ရမိတာရှိခဲ့ကြောင်း အခုလို ပြောပါတယ်။

“ နာရေးကူညီမှုကားတစ်စီးကို စင်းခမ်းတံတားမှာ စစ်တယ်။ အဲဒီပေါ်မှာ လိုက်ပါလာတဲ့ တစ်ယောက် ၊ သူ့မှာ ခြေထောက်မှာတော့ ဒဏ်ရာရရှိထားတယ်။ လက်နက်ငယ်ဒဏ်ရာရရှိထားတယ်။ စစ်ဆေးတဲ့အခါမှာတော့ ရွှေကူ မြို့မရဲစခန်းကို ဇွန်လ ၄ရက်နေ့ ပစ်ခတ်တဲ့ဖြစ်စဉ်ဖြစ်တယ်။ အဲဒီမှာ သူပါတယ်လို့ သိရတယ်။ သူနဲ့အတူ သူ့မိန်းမပါတယ်။ သူမိန်းမနဲ့ သူနဲ့ အတူပါလာတဲ့ ခရီးဆောင်အိတ်ထဲကနေ ပစ္စတိုတစ်လက်နဲ့ ကျည် ၈တောင့် မိခဲ့တာရှိပါတယ်။”

ဖမ်းဆီးရမိသူကို စစ်ဆေးပြီး ရွှေကူမြို့ ခြံတစ်ခြံကနေ လက်နက်တွေ ဖော်ထုတ်ဖမ်းဆီးရမိတာရှိကြောင်းလည်း ဆက်ပြောပါတယ်။

ဒီလအစောပိုင်းက စတင်ပြီး ရွှေကူမြို့နယ်အတွင်းက ကျောက်ကြီးရဲစခန်း ၂ ကြိမ်တိုက်ခိုက် ခံရသလို၊ ရွှေကူမြို့ အနီး မြစ်ကျဉ်းနေရာမှာလည်း စစ်သင်္ဘောတွေ ပစ်ခတ်ခံခဲ့ရပါတယ်။ ဇွန်လ ၄ရက်နေ့ ကလည်း ရွှေကူရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပါတယ်။ ဒီတိုက်ခိုက်မှုဟာ KIA နဲ့ သူတို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ကြောင်း ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ SPDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၉ ရက်တုန်းကလည်း ရဲစခန်းနဲ့ ရွှေကူသင်္ဘောဆိပ်မှာ ဆိုက်ကပ်ထားတဲ့ စစ်ရေယာဉ် ပစ်ခတ်တိုက်ခိုက် ခံရကြောင်း သတင်းတွေ ထွက်ခဲ့ပေမဲ့ SPDF က သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆန်ပါတယ်။

ကချင်ပြည်နယ် တနိုင်းမြို့မှာလည်း လူငယ် ၂၀ကျော်ကို စစ်တပ်က ဖမ်းဆီး ခဲ့ပြီးနောက် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇-၁ နဲ့ အမှုစွဲဆိုထားကြောင်း တနိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

“ ဟိုတလောက တောဘက်က ပြန်လာတဲ့ လူငယ် ၂၀ ကျော်ကို တနိုင်စုပေါင်းဂိတ်မှာ ဖမ်းထားတယ်။ ဖမ်းပြီးတော့ သူတို့ ဒီ ဒကစမှာ ထိန်းသိမ်းထားတယ်ပေါ့။ အခုကျနော်ကြားမိတာက ၁၇- ၁ နဲ့ စွဲထားတယ်လို့ ကြားတယ်။ ”

ဖမ်းဆီးခံထားရတဲ့ လူငယ် ၂၀ ကျော်အနက်က စစ်ဆေးစဉ် ၈ ယောက် သေဆုံးတယ်ဆိုတဲ့သတင်းတွေလည်း ဒေသခံတွေကြားမှာ ပျံနှံနေပါတယ်။

ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ KNG ခေါ် ကချင်သတင်းဌာနကတော့ ပြီးခဲ့တဲ့လ ၁၅ ရက်နေ့က လူငယ် ၂၉ ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ ဖမ်းဆီးစစ်ဆေးစဉ် ၈ ယောက်သေဆုံးတာ မဟုတ်မှန် ကြောင်းနဲ့ သူတို့ကို ဒီလ ၁၁ ရက်နေ့က ၁၇-၁ နဲ့ တရားစွဲဆိုဖို့ စစ်တပ်ကနေ ရဲစခန်းကို လွှဲပြောင်း ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီနေ့ထုတ်သတင်းစာမှာတော့ KIA ဌာနချုပ် လိုင်ဇာကို စစ်သင်တန်းစေလွှတ်ရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ညွှန်ကြားစေခိုင်းခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားသလို ကရင် ပြည်နယ် က KNU တပ်မဟာ ၅နယ်မြေကိုလည်း လက်နက်ခဲယမ်းဝယ်ယူဖို့ ၊ ဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ဖို့နဲ့ စစ်သင်တန်းစေလွှတ်ဖို့ ညွှန်ကြားထားကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)
















XS
SM
MD
LG