သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်တွင်း ဆွဲမိုင်းကြောင့် အစိုးရတပ် တပ်ရင်းမှူးကျဆုံး


၂၀၁၆ စက်တင်ဘာလတုန်းက မြန်မာ့တပ်မတော်ယာဉ်တန်း ကို ကရင်ပြည်နယ်တွင် တွေ့ရစဉ်။
၂၀၁၆ စက်တင်ဘာလတုန်းက မြန်မာ့တပ်မတော်ယာဉ်တန်း ကို ကရင်ပြည်နယ်တွင် တွေ့ရစဉ်။

(Zawgyi/unicode)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နဲ့ ဖာပွန်မြို့နယ်အကြား မြန်မာ့တပ်မတော် စစ်ကြောင်းတခု ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရတာ ကြောင့် မြန်မာစစ်တပ်အရာရှိတဦး ကျဆုံးသွားတယ်လို့ တပ်မတော်ဘက်ကပြောပါတယ်။

ဒါပေမယ့် KNU ကရင်အမျိုးသား အစည်းအရုံး ကတော့ ဖါးပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်း ခွင့်ပြူချက်မရဘဲ မြန်မာစစ်တပ်က ဝင်ရောက်လာပြီး KNU ဘက်ကထောင်ထားတဲ့ မော်တော်ကားမိုင်းကို ဖောက်ခွဲစဉ် ထိခိုက်သွားတာလို့ KNUတာဝန်ရှိသူတွေကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်း သတင်းပေးပို့ ထားပါတယ်။

သံတောင်ကြီးမြို့နယ်အလွန် ဖါးပွန်မြို့နယ်အတွင်း လမ်းကြောင်းအခြေအနေကြည့်ရှုဖို့လာတဲ့ တပ်မတော်စစ်ကြောင်း မိုင်း ဆွဲခံရပြီး တပ်ရင်းမှူးအဆင့်အရာရှိတဦး ကျဆုံး သွားတယ်လို့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ကျော်စိုးမိုးက ပြောပါတယ်။

“ဖြစ်စဉ်က ကျွန်တော်တို့ဆီကပုံမှန်လမ်းကြောင်းအတိုင်းဘဲ လမ်းကြောင်းစစ်တာပေါ့။ တပ်ရင်းမှူး အဖွဲ့သွားတဲ့အချိန် သူတို့ ဆွဲမိုင်း နဲ့တိုက်တာပေါ့။ ထိခိုက်မှုအခြေအနေကတော့တပ်ရင်းမှူးကျသွားတယ်။ ကျန်တာမရှိပါဘူး။ ကျွန်တော်တို့ ၃၈၁၇ ထင်းရှူးတောင်ကြားဗျ။”

ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းမှာ သံတောင်ကြီးမြို့နယ်အလွန် ဖားပွန်မြို့နယ်အတွင်း လမ်းကြောင်းအခြေအနေ ကြည့်ရှု ဖို့ အလာ ထင်းရှုးတောင် ကြားထဲမှာ ဆွဲမိုင်းဆွဲခံရပြီးတော့ ခမရ (၇၀၈)တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီး အောင်ကျော်စိုး ကျဆုံးသွားခဲ့ တယ်လို့ လည်း ပြောပါတယ်။

မိုင်းပေါက်ကွဲတဲ့နေရာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅) အခြေပြုရာဒေသ ဖြစ်ပါတယ်။ ဒီနေရာမှာ အခုလို မိုင်းခွဲခံရတယ်လို့ စစ်တပ်ဘက်က ပြောပေမယ့် KNU တပ်မဟာ(၅) ပြောခွင့်ရ ဗိုလ်မှူး ကလယ်ဒို ကတော့ ဒီ မိုင်းကို စစ်တပ်ဘက်က ဖောက်ခွဲခဲ့တာလို့ ပြောပါတယ်။

“မြန်မာ့တပ်မတော်ဘက်ကပေါ့လေ သူတို့ရိက္ခာပို့ဖို့ဆိုပြီးတော့မှ ကားလမ်းဖောက်ဖို့သူတို့တောင်းတယ်။ ဒါပေမဲ့တပ်မဟာ(၅) ဘက်ကခွင့်မပြူဘူးလေ။ သူတို့ကနေပြီးတော့မှ ခွင့်ပြုသည်ဖြစ်စေ ၊ မပြုသည်ဖြစ်စေ သူတို့ကလုပ်မှာ သဘောကအဲဒီလိုမျိုး ရှိတဲ့အပေါ်မှာ တပ်မဟာ(၅)ဘက်ကပေါ့လေ သူတို့လာမယ့် လမ်းကြောင်းအပေါ်မှာ တပ်မဟာ(၂)ရဲ့ဂိတ်စခန်းကျော် လွန်ပြီးတော့ တပ်မဟာ(၅)နယ်မြေထဲမှာ သူတို့ရောက်လာတယ်။ အဲဒီမှာ သူ့လူတွေကိုလုံခြုံရေးယူခိုင်းတယ်။ နောက်ပြီးတော့မိုင်းရှင်းတဲ့ တပ်ဖွဲ့ကို သူတို့ရှာခိုင်းတယ်။ ဒီမိုင်းကိုသူသွားတွေ့သွားတယ်။ တပ်မဟာ(၅)ဘက်ကထောင်ထားတဲ့ကားမိုင်းကို သူတို့ကဖေါက်ခွဲပစ်တယ်လေ။ အဲဒီပေါက်ကွဲမှုကြောင့် သူတို့ကိုပြန်ပြီးတော့အဲဒီလိုမျိုး။ တပ်မဟာ(၅)ဘက်က ဒီဆွဲမိုင်းနဲ့သွားဆွဲတာ မဟုတ်ဘူးနော်။ ထိခိုက်မှုကတော့ သတင်းပေးတာကတော့ သေဆုံးတာက(၂)ယောက် ဒဏ်ရာရတာက တယောက်တဲ့။ ”

ဖါပွန်ခရိုင် တပ်မဟာ(၅)ဒေသ အတွင်းမှာ တပ်မတော်ကနေ လမ်းဖောက်လုပ်မှူဖြစ်စဉ်တွေကြောင့် ဒေသအခြေပြုနေတဲ့ KNU တပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်နေတာပါ။

ဗိုလ်မှူးကြီး ကျော်စိုးမိုး က တော့ အခု မိုင်းခွဲခံရမှုနဲ့ပက်သက်လို့ တပ်မတော်အနေနဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက် မှှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ JMCU နဲ့KNUဆီကန့်ကွက်စာတွေ ပို့ထားတယ်လို့ ပြောပါ တယ်။

“NCA ထိုးထားတာဘဲ NCA အတိုင်းလိုက်နာပေါ့။ ကျွန်တော်တို့က တရားဝင်ကန့်ကွက်စာတွေ ဘာတွေကျွန်တော်တို့ ဆက်လုပ် သွားမယ်လေ။ ဒါကတော့လူကြီးတွေညွှန်ကြားထားတဲ့မူဝါဒအတိုင်း NCAကျွန်တော်တို့ထိုးထားတဲ့အတွက် ဒီပုံစံအတိုင်းဘဲ သွား ရမယ်လေ။”

အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေရတာဟာ တပ်မတော်ဘက်က NCAကိုအကြောင်းပြုပြီး ကစားကွက်ရွှေ့နေတာလို့ KNU ဘက်က စွပ်စွဲနေသလို ငြိမ်းချမ်းရေး အတွက် တပ်မတော်က သေသေချာချာ လုပ်ဆောင်ချင်စိတ် မရှိဘူးလို့ လည်း ပြောပါတယ်။

“တပ်မတော်က အဲဒီNCAအပစ်ရပ်စဲရေးစာချုပ်ကို ကစားကွက်တခုလိုဘဲသူတို့ထားပြီးတော့မှ တကယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေး ကျတော့ မဖေါ်ကြဘူးလို့ အဲဒီလိုမျိုးသုံးသပ်ကြတယ်။ တကယ့်လက်တွေ့မှာလဲဘဲ တပ်မတော်က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး တဲ့နေရာမှာရော တပ်နေရာချထားတဲ့နေရာမှာရော သိပ်ပြီးတော့တစိုက်မတ်မတ်ပေါ့လေ ကြိုးစားလုပ်ဆောင်မှုကျတော့ သူတို့ လဲဆန္ဒဒီလောက်မရှိကြဘူးလို့ လက်တွေ့မှာလဲဘဲအဲဒီလိုမျိုးအဖြေတွေကပေါ်လာတယ်။ စစ်မှန်တဲ့ ပြည်နယ်ပေါင်းစုပြည် ထောင်စု ဖက်ဒရယ်ပြည်ထောင်စုကို ဆွေးနွေးဖို့ကျတော့ သူတို့မလိုလားကြဘူးဘဲ။ အဲဒီလိုမျိုးဖြစ်နေတယ်။”

ဒါကတော့ KNU တပ်မဟာ(၅)ပြောခွင့်ရ ဗိုလ်မှူး ကလယ်ဒိုပြောဆိုခဲ့တာပါ။

မြန်မာစစ်တပ်နဲ့KNUနှစ်ဖက်စလုံးက သူ့ဖက်ကိုယ့်ဘက် NCA စာချုပ်ကို ချိုးဖောက်နေကြောင်း အပြန်အလှန် စွပ်စွဲနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေတုန်းကလဲ တပ်မဟာ(၅)တပ်စခန်းကို မြန်မာစစ်တပ်ဘက်က မောင်းသူမဲ့ဒရုန်းယာဉ်တွေနဲ့ ထောက်လှန်းနေ တယ်လို့ ပြောပြီး KNUဘက်ကနေ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေး ကော်မတီ JMC-S ကို ကန့်ကွက်စာပေးပို့ထားပါတယ်။ တပ်မတော်ဘက်ကတော့ စစ်ရေးအတွက် ဒရုန်းလွှတ်တင်တာ မဟုတ်ဘဲ ဒေသလုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေအတွက်တာ အသုံးပြုတာလို့ ဖြေရှင်းချက်ပေးထားပါတယ်။

ဖါးပွန်ခရိုင်ဘက်မှာ တပ်မတော်ကနေ လမ်းဖောက်လုပ်မှုကြောင့် ၂၀၁၈ခုနှစ် မတ်လပထမအပတ်မှာ KNU တပ်မဟာ(၅) တပ်ဖွဲ့နဲ့တပ်မတော် အကြား စစ်ရေးတင်းမာခဲ့သလို လယ်မူပလောဒေသခံ(၁၀)ရွာက ရွာသား (၂၀၀၀)ကျော် ရွာကနေ တိမ်းရှောင်နေခဲ့ကြရပါတယ်။

တပ်မတော်နဲ့ကရင်အမျိုးသားအစည်းအရုံးKNUအကြား အခြေအနေတင်းမာနေမှုအပေါ် နှစ်ဘက်တာဝန်ရှိသူတွေကနေ ညှိနှိုင်းအဖြေရှာကြပေမဲ့ ဒီကနေ့အထိ ပြေလည်မှုမရရှိသေးပါဘူး။ ကရင်အမျိုးသားအစည်းအရုံးKNUဟာ မြန်မာအစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCAကို လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့ တခုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


......................


(unicode)

















XS
SM
MD
LG