သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ဒုက္ခသည်တချို့ ထိုင်းဘက်က နေရပ်ပြန်ပို့ပေး


ထိုင်းမြန်မာနယ်စက်ကိုထွက်ပြေးလာတဲ့ကရင်ဒုက္ခသည်အချို့။ (ဧပြီ ၂၉၊ ၂၀၂၁)
ထိုင်းမြန်မာနယ်စက်ကိုထွက်ပြေးလာတဲ့ကရင်ဒုက္ခသည်အချို့။ (ဧပြီ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ်ထဲ ရောက်လာတဲ့ ကရင်စစ်ဘေးဒုက္ခသည်တွေထဲက ရာဂဏန်းလောက်ကို ထိုင်းဘက်က မေလ ၉ ရက်နေ့က မြန်မာပြည်ဘက်ကို ပြန်ပို့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ မြန်မာစစ်ကောင်စီ တပ်စခန်းတခုကို ကေအန်ယူ တပ်မဟာ ၅ က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စစ်တပ်ကလည်း လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ်ထဲကို နောက်ထပ် ထွက်ပြေးလာတဲ့ ကရင်ဒုက္ခသည် ထောင်ဂဏန်းလောက်ရှိတာပါ။

ဒီထဲက ရာဂဏန်းလောက်ကို ထိုင်းဘက်က ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး မေလ ၉ ရက်နေ့ကစပြီး နေရပ်ပြန်ပို့နေပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ကတော့ ဒီအချိန်မှာ လုံခြုံမှု မရှိသေးဘူးလို့ ကရင်လူ့အခွင့်အရေးအုပ်စုက ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလိုပြောပါတယ်။

“အထဲကအခြေအနေမှာက လုံခြုံမှု မရှိသေးဘူးလေ။ လုံခြုံရေးပိုင်း အခြေအနေကို ကြည့်မယ်ဆိုရင် ပြန်နေလို့ရမယ့် အခြေအနေမှာ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ ရွာသားတွေ ပစ်ခတ်ခံရတဲ့ အခြေအနေမျိုးတွေ ဒီကနေ့ထိ ထိခိုက်မှုတွေက ရှိနေသေးတယ်။ ဖာပွန် ကမမောင်းဘက်မှာလည်း စစ်တပ်က တပ်အင်အားထပ်ပို့တယ်။ ချောင်းမြောင်းပစ်ခတ်မှု တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားနေတုန်းပဲ။ တကယ့်တကယ် ပြန်သွားနေမယ်ဆိုရင်လည်း လုံခြုံတဲ့အနေအထားမှာ မရှိသေးဘူး။”

ကရင်ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ မတ်လတုန်းက စစ်အုပ်ချုပ်ရေးကောင်စီ တပ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထောင်နဲ့ချီပြီး ထိုင်းဘက်ကို ထွက်ပြေးလာပေမယ့် ထိုင်းနိုင်ငံဘက်က အဝင်မခံတာကြောင့် သံလွင်မြစ်ကမ်းနားမှာပဲ နေထိုင်နေကြရပါတယ်။ ဒါပေမယ့် တချို့ဒုက္ခသည် အနည်းငယ်ကိုတော့ ထိုင်းဘက်က လက်ခံပေးထားတာ ရှိပါတယ်။

ဧပြီနောက်ဆုံးအပတ်မှာတော့ စစ်တပ်က ၄ ရက်ခန့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒုက္ခသည် ၃,၀၀၀ လောက်ဟာ ထိုင်းဘက်ကို ထပ်မံထွက်ပြေးလာကြပါတယ်။ ဒီနေရာကိုတော့ ဒေသခံ လူမှုအဖွဲ့အစည်းတွေ သွားရောက်ခွင့်မရတာကြောင့် အခြေအနေတွေကို စုံစမ်းဖို့ ခက်ခဲခဲ့တယ်လို့လည်း စောနန္ဒဆူးက ပြောပြပါတယ်။

“ဒါးခွင်ဘက်က စစ်တပ်စခန်း အသိမ်းခံရတုန်းက ဧပြီ ၂၈ လောက်က လူ ၃,၀၀၀ လောက် ထွက်ပြေးသွားကြတယ်။ အဖွဲ့အစည်းတွေက သွားလို့မရဘူး။ သူတို့အခြေအနေ ဘယ်လိုရှိလဲ ပြီးခဲ့တဲ့သောကြာနေ့က ကျနော် လိုက်စုံစမ်းသေးတယ်။ ဒေသခံ CSO၊ CBO တွေက သတင်းယူဖို့ သွားလို့မရဘူးဖြစ်နေတယ်။ ထိုင်းစစ်တပ်တွေ လုံခြုံရေးချထားတဲ့ အတွက်ကြောင့်လေ။”

ထိုင်းဘက်ကတော့ ယာယီဒုက္ခသည်စခန်းမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ဖျားနာသူတွေကိုသာ လက်ခံပေးထားပြီး ကျန်တဲ့သူတွေကို နေရပ်ကို ပြန်ပို့ပေးနေပါတယ်။ စစ်တပ်က လေကြောင်းကနေ ပျံဝဲ ခြိမ်းခြောက်မှုတွေ ရှိနေသေးတာကြောင့် ဒုက္ခသည်အများစုကတော့ နေရပ်ပြန်ဖို့အတွက် စိုးရိမ်နေတယ်လို့ ကရင်လူ့အခွင့်အရေး အဖွဲ့တွေကတော့ ပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)










XS
SM
MD
LG