သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဒဏ်သင့် မြန်မာတိုင်းရင်းသားဒေသ အကူအညီ လိုအပ်ချက်တွေ ကြီးမား


ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံများ။ (မေ ၁၁၊ ၂၀၁၈)
ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံများ။ (မေ ၁၁၊ ၂၀၁၈)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာနေတာကြောင့် စစ်ရှောင်ဒုက္ခသည်တွေ ပိုများလာနေသလို အကူအညီ လိုအပ်ချက်တွေလည်း ကြီးမားလာနေပါတယ်။ တချိန်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် အကူအညီပေးရေး လုပ်ငန်းတွေမှာ ပိုမိုခက်ခဲလာနေတယ်လို့လည်း ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး စာနာမှု အကူအညီတွေ ပေးနေတဲ့ PRAD (Partners for Relief and Development) NGO အဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ PRAD အဖွဲ့ ဥက္ကဋ္ဌ Steve Guamer ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် PRAD အဖွဲ့ဟာ ၁၉၉၄ ခုနှစ်ကစလို့ ဆယ်စုနှစ်နဲ့ချီပြီး နဂိုကတည်းက မြန်မာနိုင်ငံထဲ တိုင်းရင်းသားဒေသတချို့မှာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတာပါ။ အထူးသဖြင့်တော့ ကရင်၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေထဲက စစ်ရှောင်ဒုက္ခသည်တွေကို အဓိက အကူအညီပေးနေတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း တိုင်းရင်းသားဒေသအတွင်း ထိုးစစ်တွေကြောင့် သူတို့ရဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေ အခက်အခဲနဲ့ ရင်ဆိုင်လာရတယ်လို့ PRAD အဖွဲ့ဥက္ကဋ္ဌ Steve Guamer က ရှင်းပြပါတယ်။

"ဟုတ်ပါတယ်။ အကူအညီပေးရေး လမ်းကြောင်းတွေမှာ အခက်အခဲတွေ ကြုံနေရတာပါ။ အခုဆိုရင် ကရင်ပြည်နယ်ထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု နောက်ပိုင်း ထွက်ပြေးလာကြတဲ့ ဒေသခံ ကရင်ရွာသားတွေနဲ့အတူ ကျနော်တို့အဖွဲ့သားတွေလည်း အဲဒီမှာ ပိတ်မိနေကြပါတယ်။ ကျနော်တို့အဖွဲ့ဝင်တွေက နယ်စပ်ဖြတ်ကျော်ပြီး အကူအညီ ပေးနေရတာဆိုတော့ ခုလို စစ်ရေးပဋိပက္ခတွေ ကြုံနေရတဲ့ ကရင်ပြည်နယ်မှာ အကူအညီပေးရေး လမ်းကြောင်းက ပိုခက်ခဲလာပါတယ်။ ကျနော်တို့အဖွဲ့ဝင်တွေ အတွက်လည်း အန္တရာယ် ပိုရှိလာပါတယ်။

“ကချင်ပြည်နယ်ဘက်မှာ ဆိုရင်လည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ရှိနေပြီး အဲဒီဒေသမှာရှိတဲ့ ကျနော်တို့အဖွဲ့သားတွေနဲ့ နေ့စဉ် အဆက်အသွယ်ရဖို့ ကြိုးစားနေပါတယ်။ သူတို့ရဲ့ ပြောဆိုချက်အရဆိုရင် အဲဒီဒေသမှာ အန္တရာယ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ အရင်ကဆိုရင် တရုတ်နယ်စပ်ကတဆင့် အကူအညီပေးရေး ပစ္စည်းတွေ သွင်းလို့ရတယ်ဆိုပေမယ့် မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ စစ်ရေးပဋိပက္ခတွေကြောင့်ရော၊ ကိုဗစ်အခြေအနေကြောင့်ပါ တရုတ်နယ်စပ်တလျှောက် လုံခြုံရေး တိုးချထားသလို လုံခြုံရေးဗွီဒီယို ကင်မရာတွေနဲ့ စောင့်ကြည့်နေတာတွေပါ ရှိနေတဲ့အတွက် ကချင်ဒေသခံတွေကို အထောက်အပံ့ပစ္စည်း ပို့ဆောင်ရေးလမ်းကြောင်းက အရင်ထက် ပိုကျပ်တည်းသွားပါတယ်။"

မြန်မာစစ်တပ်ရဲ့ လတ်တလော စစ်ဆင်ရေးကြောင့် ထိုင်းနယ်စပ်ဒေသကို ထွက်ပြေးလာတဲ့ ကရင်ပြည်နယ်ထဲက စစ်ရှောင်ဒုက္ခသည် သောင်းဂဏန်း ရှိနိုင်တယ်လို့ PRAD NGO အဖွဲ့က ခန့်မှန်းထားပါတယ်။

ကိုဗစ်ကူးစက်မှု အခြေအနေကြောင့် ထိုင်းအာဏာပိုင်တွေရဲ့ ကန့်သတ်ချက်ကြောင့်ရော မြန်မာစစ်တပ်ကလည်း သူတို့လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို နယ်စပ်မှာ အများအပြား လာရောက်ဝယ်ယူနေတဲ့ အခြေအနေတွေကြောင့်ပါ သူတို့ PRAD NGO အဖွဲ့အနေနဲ့ ကယ်ဆယ်ရေးပစ္စည်း ဝယ်ယူပို့ဆောင်ရတဲ့ အပိုင်းမှာ အခက်အခဲတွေ ကြုံလာရတာဖြစ်တယ်လို့ Steve Guamer က ပြောပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်မှာလည်း ဒုက္ခသည်စခန်းထဲက လူတွေရော နောက်ထပ်တိုးလာတဲ့ ဒုက္ခသည်တွေအတွက်ပါ ကူညီထောက်ပံ့မှုတွေ ပိုပြီး လိုအပ်လာတယ်လို့ PRAD အဖွဲ့ဥက္ကဋ္ဌ Steve Guamer က ပြောပါတယ်။

"စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရခိုင်ပြည်နယ် စစ်တွေမြို့တဝိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲက မှတ်ပုံတင်ထားပြီးသား ဒုက္ခသည်တွေကို WFP ခေါ် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့က ဆန်ပေးဝေ ထောက်ပံ့နေတာကို အာဏာပိုင်တွေ တားမြစ်ထားတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပြီး အရေးပေါ် ကူညီထောက်ပံ့မှုတွေ လိုအပ်နေပါတယ်။ အရင်က မှတ်ပုံတင်ထားတဲ့ ပြည်တွင်းဒုက္ခသည် ၈ သောင်းဝန်းကျင်ရှိပေမယ့် အခု နောက်ထပ်တိုးလာတဲ့ စာရင်းမသွင်းရသေးတဲ့၊ မှတ်ပုံမတင်ရသေးတဲ့ ဒုက္ခသည်က ၇ သောင်းဝန်းကျင်လောက် ရှိပါတယ်။ အဲဒီမှာရှိတဲ့ ကျနော်တို့လူတွေက ဒေသခံ အာဏာပိုင်တွေကို လာဘ်ထိုးပြီး ဒုက္ခသည်တွေကို စားနပ်ရိက္ခာတချို့ ပေးပို့ ကူညီနိုင်အောင် စီစဉ်နေရတာ ဖြစ်ပါတယ်။ ကျနော်တို့ အကူအညီပေးနေရတဲ့ ဒုက္ခသည်အများစုက ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။"

ဒါတွေကတော့ PRAD အဖွဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ အကူအညီပေးရေး လမ်းကြောင်း အခက်အခဲတွေပဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအာဏာပိုင်တွေက ခုထိ အသိအမှတ် မပြုသေးပါဘူး။

မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ပိုတိုးလာနေတယ်လို့ Steve Guamer က သုံးသပ်ပါတယ်။

"စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲမှာ ဆန္ဒပြသူတွေကို နှိမ်နင်းဖြိုခွဲမှုအတွင်း လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်သလို အဲဒီထဲမှာ ကလေးငယ် ၄၀ ကျော် ပါဝင်နေတာကို ကြည့်ရင် မြန်မာစစ်တပ်ဟာ တိုင်းရင်းသားဒေသတွေမှာ အရင်ကတည်းက ကျင့်သုံးလာခဲ့တဲ့ အကြမ်းဖက် ဖိနှိပ်မှု နည်းတွေအတိုင်းပဲ လုပ်ဆောင်နေတာကို တွေ့ရမှာပါ။ ဒါတွေဟာ စစ်ရာဇဝတ်မှု မြောက်သလို တိုင်းရင်းသားဒေသတွေမှာလည်း အလားတူ ဖြစ်နေတာပါ။ ဒါကြောင့် စစ်တပ်ရဲ့ လက်ရှိလုပ်ရပ်တွေကို ရပ်တန့်ဖို့ လိုပါတယ်။"

PRAD NGO အဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့တခု မဟုတ်ပေမယ့် မြန်မာနဲ့ တိုင်းရင်းသား အပါအဝင် နိုင်ငံခြားသားတချို့ပါ မြန်မာနိုင်ငံထဲမှာ ဒီအဖွဲ့အတွက် အလုပ်လုပ်နေသူ အယောက် ၆၀ ဝန်းကျင် ရှိတယ်လို့ ပြောပါတယ်။

စစ်ရေးပဋိပက္ခရှိတဲ့ ဒေသတွေမှာ အကူအညီပေးရေး လုပ်တဲ့အခါ တရားဝင် မှတ်ပုံတင်ပြီး လုပ်ဖို့က အခက်အခဲမျိုးစုံ ကြုံရလေ့ရှိတာကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာသာ ရုံးစိုက်ပြီး မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေကို စီမံခန့်ခွဲနေတာ ဖြစ်တယ်လို့ PRAD NGO အဖွဲ့က ပြောပါတယ်။

သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ ပဋိပက္ခဒေသထဲက အဖိနှိပ်ခံ ကလေးငယ်တွေ လွတ်လပ်စွာနဲ့ သက်တမ်းပြည့် အသက်ရှင်နေထိုင်ရေး ဖြစ်ပြီး ကလေးငယ်တွေ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားခွင့် ရရှိဖို့နဲ့ သူတို့နေထိုင်ရာ လူ့အဖွဲ့အစည်းကို ပြန်လည်အကျိုးပြုရေးပဲ ဖြစ်တယ်လို့ Partners for Relief and Development - NGO အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒီအဖွဲ့ဟာ ပဋိပက္ခ ဒေသကြီးတွေဖြစ်တဲ့ ဆီးရီးယား၊ အီရတ်၊ ယီမင်၊ လက်ဘနွန်နိုင်ငံတွေ အပါအဝင် မြန်မာပြည်တွင်း ဒုက္ခသည်တွေကို အကူအညီတွေ ပေးနိုင်ဖို့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာပါ လှုပ်ရှား ဆောင်ရွက်နေကြပါတယ်။

----------------------------

(Unicode)

















XS
SM
MD
LG