သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုးဝင်သူတွေ တားဆီးဖို့ ထိုင်းနယ်စပ်ကို ပိုမိုတင်းကျပ်မည်


 ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲကို ဒီရက်ပိုင်းမှာ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားများ ။(နယ်ခြားစောင့်တပ်)
ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲကို ဒီရက်ပိုင်းမှာ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားများ ။(နယ်ခြားစောင့်တပ်)

(Zawgyi/Unicode)

ထိုင်းနဲ့ နယ်နမိတ် ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကနေ ဒီရက်ပိုင်းအတွင်း အစုအဝေးနဲ့ ခိုးဝင်လာသူတွေများတဲ့အတွက် ပိုမိုတင်းကျပ်စွာ စောင့်ကြည့်အရေးယူဖို့၊ ရဲစစ်သားအုပ်ချုပ်ရေးအဖွဲ့စတဲ့ အာဏာပိုင်တွေပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ဖို့ နယ်စပ်မှာရှိတဲ့ ထိုင်းခရိုင်အာဏာပိုင်တွေကို ထိုင်းပြည်ထဲရေးက ညွှန်ကြားလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲကို တပတ်အတွင်းရာနဲ့ ချီခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမိခဲ့ပြီးတဲ့နောက် နယ်စပ် အားလုံးကို တင်းတင်းကြပ်ကြပ်လုံခြုံရေးချပြီး ခိုးဝင်လာသူတွေကို စစ်ဆင်ရေးလုပ်ဖမ်းဆီးဖို့ အတွက် ထိုင်းပြည်ထဲရေး က နယ်စပ်ဒေသ အာဏာပိုင်တွေကို ညွန်ကြားလိုက်ကြောင်း FED အဖွဲ့က အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက အခုလိုပြောပါတယ်။

“ လက်ရှိပြည်ထဲရေးက ညွန်ကြားတယ်။ အဓိကတော့ ကိုဗစ်ကြောင့်ရယ် အခုဆို ခိုးဝင်တဲ့သူတွေက တောက်လျောက်အရမ်းများတယ်။ အဓိကတော့ နယ်စပ်ဒေသတွေပေါ့၊ ထိုင်းနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေး ပေါ့။ အဲဒီ နယ်စပ်တွေမှာရှိတဲ့ ခရိုင်တွေ၊ မြို့နယ်တွေက သက်ဆိုင်ရာတွေကို ပြည်ထဲရေးက ညွန်ကြားတာပေါ့။ အဲဒီသက်ဆိုင်ရာ နယ်မြေမှာ ရဲရှိမယ်၊ ခရိုင်ရုံးက ဝန်ထမ်းတွေရှိတယ်။ စစ်တပ်ရှိတယ်၊ ကျန်းမာရေးဌာနရှိမယ်။ အဲဒါတွေပေါင်းပြီး နယ်စပ်တွေက အဝင်အထွက်တွေကို သေချာစောင့်ကြည့်ပြီး ဖမ်းဆီးဖို့ လုပ်တယ်။ အခုတလော အထူးသဖြင့် မြန်မာတွေ တပတ်ထဲမှာ ၃၀၀ ကျော်လောက် ဖမ်းမိတာကိုး။”

ထိုင်းနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ကူးစက်မှုက နေစဉ်လူဦးရေ ထောင်နဲ့ ချီ ကူးစက်နေသလို သေဆုံးမူတွေလည်း မြင့်တက်လာနေတာကြောင့် ခိုးဝင်လာသူတွေဆီကနေ ကိုဗစ်ကပ်ရောဂါပိုး ပါလာမှာကို ထိန်းချုပ်နိုင်ဖို့ အတွက်လည်း ရည်ရွယ်ပုံရတယ်ဆိုပြီး ဦးမင်းဦးက ဆိုပါတယ်။

“အဲဒီ ခိုးဝင်တဲ့ သူတွေမှာ ရောဂါပါလာမှာကိုစိုးရိမ်တယ်။ မလေးရှားနယ်စပ် နဲ့ မလေးရှားမှာလည်း ရောဂါပိုးတွေရှိတော့ ကိုဗစ်ကူးစက်မှာကိုလည်း စိုးရိမ်တယ်။ အခုက လက်ရှိမှာလည်း သူတို့မှာက ရောဂါကူးစက်မူနှုန်းနဲ့ သေဆုံးမူနှုန်းက အရမ်းမြင့်နေတယ် ဒီရက်ပိုင်းတွေမှာလေ။”

တရားမဝင် ဝင်ရောက်လာနေမှုကို တားဆီးနိုင်ဖို့ ထိုင်းအစိုးရက ဒီရက်ပိုင်းမှာပဲ ဥပဒေသစ်တွေ ချမှတ်ပြီး အခု မေလမှာပဲ စတင် ကျင့်သုံးမယ်လို့ ပြောပါတယ်။

ချမှတ်လိုက်တဲ့ နယ်စပ်ဆိုင်ရာ ဥပဒေသစ်အရ မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းဖက်အခြမ်း ၁၀ ကီလိုမီတာ အတွင်းမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကို ချက်ချင်း နေရပ် ပြန်နှင် သွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အတွင်းပိုင်း ၁၀ ကီလိုမီတာအထက် ကျော်ပြီး ဝင်ရောက်လာတဲ့ သူတွေကိုတော့ နယ်စပ်ရဲသင်တန်းကျောင်းမှာ ထိန်းသိမ်းထားပြီး ကိုဗစ် ရောဂါကပ် ပိုးရှိမရှိ ဆက်လက် စစ်ဆးပြီး အရးယူ သွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တွေကနေ လူအဝင်အထွက်အားလုံးကို ၂၀၂၀ မတ်လ ထဲက ပိတ်ပင်ထားတာ ဖြစ်ပါတယ် ။ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေး ကူးစက်သူ ၇၁၀၀၀ ကျော်ရှိပြီး သေဆုံးသူက ၂၇၆ယောက်ရှိကြောင်း ထိုင်းအစိုးရက အတည်ပြု ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)









XS
SM
MD
LG