သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန်ခရိုင်တိုက်ပွဲ ဆရာနဲ့ကျောင်းသူကျောင်းသားတချို့ သေဆုံး


ကေအဲန်ယူထိန်းချုပ်နယ်မြေ ဒွယ်လိုးမြို့နယ် နားကိုခီးကျေးရွာအုပ်စုအတွင်းရှိ ထီးဂေါ်တာကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်တိုက်ခိုက်ခံရတဲ့ မြင်ကွင်း။ (Photo: KNU)
ကေအဲန်ယူထိန်းချုပ်နယ်မြေ ဒွယ်လိုးမြို့နယ် နားကိုခီးကျေးရွာအုပ်စုအတွင်းရှိ ထီးဂေါ်တာကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်တိုက်ခိုက်ခံရတဲ့ မြင်ကွင်း။ (Photo: KNU)

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒေသအခေါ်မူတြော်ခရိုင်အတွင်းမှာ စစ်ကောင်စီက ၃ ရက်အတွင်း လေကြောင်းကနေ ၈ ကြိမ်တိုက်ခိုက်ခဲ့တာမှာ စာသင်ကျောင်းတွေ ကို ဗုံးထိမှန်ခဲ့တာကြောင့် ကျောင်းသားကျောင်းသူတွေနဲ့ ဆရာတွေ စုစုပေါင်း ၄ ဦးသေဆုံးခဲ့ပါတယ်။ အခုလောလောဆယ်မာ စာသင်ကျောင်းပေါင်း ၁၁ ကျောင်းပိတ်ထားရပြီး ကျေးရွာပေါင်း ၆ ရွာကတော့ စစ်ဘေးရှောင်နေရတယ်လို့ကေအန်ယူက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒေသအခေါ်မူတြော်ခရိုင် ကေအန်ယူတပ်မဟာ (၅) ထိန်းချုပ်ရာနယ်မြေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က ခြေလျင်တိုက်ခိုက်ရာမှာလည်း အရေးနိမ့်ခဲ့သလို သူတို့အခြေချတပ်စွဲထားတဲ့စခန်းတွေ လက်လွှတ်ဆုံးရှုံးရတာတွေကြောင့် လေကြောင်းကနေ ၃ ရက်ဆက်တိုက် လက်နက်ကြီးနဲ့ပစ်ကူတိုက်ခိုက်ခဲ့ပါတယ်။

ဒီသုံးရက်အအတွင်း လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်လုပ်ခဲ့ရာမှာ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေကိုလည်း ထိခိုက်ခဲ့ပြီး အရပ်သားကျောင်းဆရာတွေ၊ ကျောင်းသားကျောင်းသူတွေ ၄ ဦးသေဆုံးပြီး ၇ ဦးက ပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးက VOA ကိုပြောပါတယ်။

"၆ ရက်၊ ၇ ရက်၊ ၈ ရက်- စက်တင်ဘာ ခြောက် ခွန် ရှစ် မှာဖြစ်သွားတာပါ။ သုံးရက်အတွင်းမှာ စကစ ရဲ့လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်လုပ်ခဲ့ပြီး အရပ်သားကျောင်းသား ကျောင်းသူ ကျောင်းဆရာ ၄ ဦးသေဆုံးခဲ့ပါတယ်။"

ဒီ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ပြည်သူလူထုပိုင် နေအိမ် (၁၀) လုံး၊ ဘုရားရှိခိုးကျောင်း (၁) ကျောင်း၊ ဝတ်ပြုဆုတောင်းရာကျောင်းဆောင် (၁) ဆောင် ထိခိုက်ပျက်စီးခဲ့ရသလို ကျေးရွာပေါင်း ၆ ရွာကပြည်သူတွေလည်း အသက်ဘေးလွတ်အောင် ထွက်ပြေးနေရတယ်လို့ဆိုပါတယ်။ ဖာပွန်ခရိုင်ထဲက စာသင်ကျောင်း ၁၁ ကျောင်းလည်းပိတ်ထားရတယ်လို့လည်းပြောပါတယ်။

"လောလောဆယ် စာသင်ကျောင်းတွေ ပိတ်ထားပါတယ်။ ကျေးရွာပေါင်း ၆ ရွာလောက်ကတော့ လောလောဆယ် စစ်ရှောင်နေရပါတယ်။"

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၅) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၆ ရက်နေ့က ခေးပူအခြေစိုက် စစ်ကောင်စီရဲ့စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာတော့ ကျေးရွာတွေက လယ်ယာလုပ်ငန်းခွင်တွေ၊ စာသင်ကျောင်းနေရာတွေကိုပ စ်မှတ်ထားတိုက်ခိုက် တာဖြစ်တယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူတွေကလည်းဆိုပါတယ် ။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဒွယ်လိုးမြို့နယ် နားကိုခီးကျေးရွာအုပ်စုအတွင်းရှိ ထီးဂေါ်တာကျေးရွာကို လေကြောင်းကတိုက်ခိုက်ချိန်မှာ အသက် ၁၃ နှစ်၊ ၁၄ နှစ်နဲ့ ၁၆ နှစ်အရွယ် ကလေးတွေသေဆုံးခဲ့ပြီး ၅၆ နှစ်အရွယ် ကျောင်းဆရာတဦးလည်းသေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်းမှာပဲ အသက် ၉ နှစ်ကနေ ၁၆ နှစ်ကြား ကလေး ၆ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

နောက်ထပ် လူသောမြို့နယ်ထဲကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်း ၁၁ ကျောင်းပိတ်ပြီး ကျောင်းသားကျောင်းသူတွေလည်းထွက်ပြေးနေရပါတယ်။ အခုဆိုရင် ကေအန်ယူတပ်မဟာ (၅) ထိန်းချုပ်ရာနယ်မြေတခုလုံးနီးပါးက ဒေသခံတွေထွက်ပြေးနေကြရပြီး နေရပ်ပြန်ဖို့ရော စားသောက်ရေးအတွက်ပါ အခက်အခဲတွေရှိနေတယ်လို့ ကူညီနေသူတွေကပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG