သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန် ကလော်ဒေးကျေးရွာသား ၇ ဦး လက်နက်ကြီးထိမှန် သေဆုံး


စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖာပွန်ခရိုင် တောတွင်း ထွက်ပြေး ပုန်းအောင်းနေရတဲ့ ဒေသခံများ။ (မတ် ၂၉၊ ၂၀၂၁)
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖာပွန်ခရိုင် တောတွင်း ထွက်ပြေး ပုန်းအောင်းနေရတဲ့ ဒေသခံများ။ (မတ် ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ကလော်ဒေးကျေးရွာကို စစ်ကောင်စီတပ်တွေက မတ်လ ၅ ရက်နေ့ညက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ်တဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က သတင်းထုတ်ပြန်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ကလော်ဒေးကျေးရွာဘက်ကို စစ်ကောင်စီတပ်တွေက စနေနေ့ညက လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ၂ နှစ်သမီးအရွယ် ကလေးငယ်တဦး၊ ၅ နှစ်သမီးအရွယ် ကလေးငယ်တဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအဝင် စုစုပေါင်း အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၂ ဦး ထိမှန်သေဆုံးခဲ့ပြီး ၄ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောပါတယ်။

“၅ ရက်နေ့ မနေ့ညက ၇ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ပစ်လို့ ရွာသား ၇ ယောက် ဆုံးသွားတယ်။ ကလေးတွေနဲ့ အမျိုးသမီးတွေများတယ်။ ဒဏ်ရာရတာက အားလုံးက ၄ ယောက်ပါ။ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ အခုကတော့ ရွာသားတွေကို ပစ်မှတ်ထားလာတယ်။ အရင်ကတော့ လက်နက်ကြီးနဲ့ပစ်တာ ရွာထဲကိုမဟုတ်ဘူး။ လယ်တွေ ခြံတွေနားပစ်တာ။ အခုကတော့ ရွာထဲကို သက်သက်ပစ်ချတာ ပိုများလာတယ်။”

ပြီးခဲ့တဲ့လတုန်းကတော့ ကေအန်ယူ ထိန်းချုပ်ရာ နယ်မြေထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။ အခုတော့ တနေ့တည်း အရပ်သား ၇ ဦး သေဆုံးတာကတော့ များပြားတဲ့ အရေအတွက် ဖြစ်တယ်လို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးကလည်း အခုလိုပြောပါတယ်။

“ညက ဖြစ်တာကတော့ တော်တော်များတဲ့ဦးရေပဲ။ အထူးသဖြင့် သူတို့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေကြတာတော့ ရွာသားတွေ ခနခန ထိနေကြတယ်။ ကျနော်တို့က အရပ်သားတွေကို ပစ်မှတ်ထားတာကိုတော့ ရှုတ်ချတယ်။ အဲဒါကိုလည်း ခနခန ပြောပြီးသားပါ။ သို့သော်လည်း အဲဒါတွေ လျော့ကျတာမရှိဘူး။ ထပ်ခါထပ်ခါ ပိုဆိုးလာတဲ့ အနေအထားမှာ ရှိတယ်။ ကျနော်တို့က အဲဒါကို ကန့်ကွက်ပါတယ်။”

သေဆုံးသွားသူတွေကတော့ ကလော်ဒေးကျေးရွာမှာ နေထိုင်နေတဲ့ အသက် ၂ နှစ်အရွယ် နော်တာလူ၊ အသက် ၅ နှစ်အရွယ် နော်ထူးဖော၊ အသက် ၁၄ နှစ်အရွယ် နော်တင်နီလာဝင်း စတဲ့ အသက်မပြည့်သေးသူ ၃ ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့တာပါ။ ၄ ဦးကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိပြီး စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ စစ်ကောင်စီဘက်က ညဘက်အချိန် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် မာထောကျေးရွာအုပ်စု တဒွံခို့‌ကျေးရွာ ရွာသား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဇန်နဝါရီလထဲမှာတော့ ၂ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်တဲ့ဒဏ်ရာ ရခဲ့ပါတယ်။

ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွေဟာ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)










XS
SM
MD
LG