သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလင်းမြို့မှာ လူဦးရေစာရင်းကောက်၊ လူငယ်အများအပြား ဖမ်းဆီးခံရ


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ (Crd: MIMU)/Arson villages in Kawlin Tsp, Sagaing
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ (Crd: MIMU)/Arson villages in Kawlin Tsp, Sagaing

{Zawgyi}

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း လုံခြုံရေးအင်အားအပြည့်နဲ့ လူဦးရေစာရင်းကောက်ယူနေသလို၊ တပြိုင်တည်းမှာပဲ မြို့ပေါ်ရပ်ကွက်က အိမ်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးရာမှာ အမျိုးသား ၁၈ ဦးထက်မနည်း ဒီရက်ပိုင်းထဲမှာ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်တင်ဆက်ပေးမှာပါ။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ဇန်နဝါရီ ၈ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်တာတွေကို စတင်လုပ်နေကြပါတယ်။ ကောလင်းမြို့နယ်အတွင်းမှာ ကောလင်းမြို့ပေါ်တခုမှာသာ စစ်ကောင်စီက လုံခြုံရေးအင်အားအပြည့်အစုံနဲ့ လူဦးရေစာရင်းကောက်နိုင်တာဖြစ်ပြီး ကျန်တဲ့ ကျေးရွာတွေမှာတော့ မကောက်နိုင်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လူဦးရေစာရင်းကောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ စာရင်းကောက်ယူမယ့် ရပ်ကွက်ကို အင်အားအများအပြားနဲ့ ဝင်ရောက် လမ်းတွေကို ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်သလို နေအိမ်တွေကိုလည်း ဝင်ရောက် စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သူတို့ရွေးကောက်ပွဲ အတွက်ကတော့ မြို့ပေါ်ရပ်ကွက်တွေ ရှိတာပေါ့နော်။ မြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီက ပုံမှန်မနက်ဆို ထွက်လာပြီးတော့ ရပ်ကွက်တစ်ခုဆို တစ်ခုပိတ်ပြီးတော့မှ လမ်းသွားလမ်းလာတွေကိုစစ်၊ အဲ့ဒါပြီးတော့မှ အိမ်တွေကို သန်းခေါင်စာရင်းကောက်ယူ၊ စစ်ဆေး အဲဒါမျိုးတွေ လုပ်နေတာပဲ။ ဥပမာ ရပ်ကွက်တစ်ခုကို စစ်မယ်ဆိုရင် လာပြီးတော့မှ အဲဒီရပ်ကွက်ကို ဝင်လမ်းထွက်လမ်း အစောင့်တွေနဲ့ စောင့်ထားပြီးတော့မှ ဖြတ်သွားဖြတ်လာတွေ ဝင်မယ်ဆိုရင် စစ်ဆေးတယ်။ စစ်ဆေးပြီးတော့မှ သွားခိုင်းတယ်။ သူတို့ မင်္သကာတာတွေ့ရင် ဖမ်းခေါ်သွားတယ် အဲဒါမျိုးတွေပေါ့။ အဲဒါတွေကို သူတို့ ဒီလပိုင်း ၈ ရက်နေ့ကစပြီးတော့ လုပ်ခဲ့တာဗျ၊ ဖမ်းတာတွေ စစ်တာတွေ"

ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ကောလင်းမြို့ထဲမှာ လူဦးရေစာရင်းကောက်ရင်း စစ်ကောင်စီက ဖမ်းဆီးထားသူအ‌ရေအတွက်က ၁၈ ဦးထက်မနည်း ရှိနေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး ကောလင်းမြို့မရဲစခန်းကို ခေါ်သွားခံရင် အနည်းဆုံး ၃ လ ကနေ အများဆုံး ၅ လ အထိ ဖမ်းခံရနိုင်တာကြောင့် ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ဆိုပါတယ်။

"အိမ်တစ်အိမ်ကို ဝင်လိုက်ပြီဆိုရင် အိမ်ထောင်စုစာရင်းကို အရင်ကြည့်တယ် သူတို့က အဲဒါပြီးတော့မှ အိမ်ထောင်စုစာရင်းမှာရှိတဲ့အတိုင်း လူ ၅ ယောက်ရှိတယ်ဆိုရင် အဲ့ ၅ ယောက်လုံးအိမ်မှာရှိလား၊ မရှိဘူးဆိုရင် ယောကျာ်းသားတွေဆိုရင်၊ မိန်းမတွေကတော့ ပြဿနာမရှိဘူး၊ ယောကျာ်းတွေဆိုရင် ဘယ်သွားတာလဲ အဲ့ဒါမျိုးတွေ စစ်မေးတာပေါ့။ အဲဒါမျိုးတွေပြီးတော့မှ ခင်မင်ရာခင်မင်ကြောင်း ဟိုဖက်အိမ် ဒီဖက်အိမ် လည်နေတာမျိုးတွေ့ရရင်တောင် ဘယ်ကလဲ ဟိုဖက် ၅ အိမ်ကျော်ကပါ၊ အဲ့လိုဆိုရင်တောင် ဘာလို့လာတာလဲပေါ့၊ သူတို့ မသင်္ကာဘူးဆိုရင် တခါတည်းဖမ်းသွားတာပေါ့။ အဲဒါမျိုးတွေ ၊ ရွေးကောက်ပွဲ လူစာရင်းကောက်ကတည်းက အဲဒါမျိုးစစ်ဆေးပြီးတော့ ဖမ်းတာတွေ ဆိုရင်တော့ လောလောဆယ် ခန့်မှန်းခြေကတော့ ၁၈ ယောက်လောက်ရှီသွားပြီ။ ဖမ်းပြီးရင်တော့ သူတို့က အဲဒီကောလင်းရဲစခန်းထဲကို ခေါ်သွားတော့တာပဲ။ သူတို့ဖမ်းထားပြီးရင် အနည်းဆုံး ၄၊ ၅ လလောက်ကြာပြီးမှ လွတ်တာဗျ"

ဒီလို စစ်ကောင်စီဖက်က အဖမ်းအဆီးတွေ များနေတာကြောင့် ပြည်သူတွေက ကြောက်လန့်ပြီး တိမ်းရှောင်တာတွေမျိုး ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးစဉ်မှာ အိမ်ထောင်စုစာရင်းမှာ ပါတဲ့ အမျိုးသားတွေ အိမ်မှာ ရှိမနေရင် ဘာကြောင့် ရှိမနေတာလဲ ဆိုတာတွေ စစ်မေးပြီး အိမ်ထောင်ဦးစီး ဒါမှမဟုတ် အိမ်မှာ ရှိနေတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးသွားတာမျိုးတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ မြေပြင်တော်လှန်ရေး အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ဆောင်ရွက်တဲ့ အစီအစဉ်တွေမှာ ပြည်သူတွေ မပါဝင်ကြဖို့ တိုက်တွန်းထားတာပါ။ ဒါပေမယ့်လည်း စစ်ကောင်စီတပ်တွေ စိုးမိုးမှုရှိနေတဲ့ ဒေသတွေမှာတော့ အဲ့ဒီလိုလုပ်နိုင်ဖို့ ခက်ခဲတဲ့အကြောင်း ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

"ကောလင်းဆိုရင် ကောလင်းမြို့ပေါ်ပိုင်း ရပ်ကွက်ပိုင်းပေါ့၊ ရပ်ကွက်တွေမှာက ပူးပေါင်းပါဝင်တဲ့သူတွေများတယ်။ ဒါပေမယ့် သူတို့က(စကစ) တစ်အိမ်တက်ဆင်း စာရင်းကောက်တာဆိုတော့ တချို့က ကြောက်တော့ စစ်တာကို အစစ်ခံကြရတာပေါ့၊ ကောလင်းမြို့နယ် ရပ်ကွက်ပိုင်းကလွဲလို့ ကျန်တဲ့ ဧရိယာမှာ ရှိတဲ့ ကျေးရွာတွေကျတော့ လုံးဝကိုမှ မပါဝင်ဘူးဗျ ပြည်သူတွေက။ သူတို့ ရပ်ကွက်တခုထဲကို ဝင်လိုက်ပြီဆိုရင် ကြောက်ကြတာပေါ့ ပြည်သူတွေက ငါ့များဖမ်းမလား၊ ကြောက်ကြတာပေါ့၊ ဘာအပြစ်မှမရှိလဲ သူတို့ဖမ်းချင်ရင် ကောက်ခေါ်သွားတာလေ။ လိုက်ခဲ့အုံးဆိုပြီး ခေါ်သွားပြီးရင် အဲ့လူကို နောက်ကနေ တောက်လျောက် လိုက်ကြည့်ပေးလို့လဲ မရတော့ဘူး၊ နောက် ၃၊ ၄ လ‌လောက် နေပြီးတောမှပဲ လွတ်တော့တာဗျ။"

ရန်ကုန်နဲ့ မန္တလေးတို့အပါအဝင် အချို့မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်တွေက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခံမှုတွေ လုပ်နေတာပါ။ စစ်အာဏာသိမ်း ၂ နှစ်ပြည့်ပြီး နောက်ပိုင်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတွေ အနေနဲ့ ပူးပေါင်းပါဝင်တာတွေ မလုပ်ဖို့နဲ့ အသိအမှတ်မပြုကြဖို့အတွက် ရည်ရွယ်တိုက်တွန်းတဲ့ ဆန္ဒပြပွဲတွေလည်း နေ့စဉ်ဆိုသလို စစ်ကိုင်းတိုင်းနဲ့ တချို့ဒေသတွေမှာ ပြုလုပ်နေကြပါတယ်။

မြန်မာစစ်ကောင်စီကတော့ ရွေးကောက်ပွဲတွေကို ဒီနှစ် ဩဂုတ်လလောက် လုပ်နိုင်အောင်ရည်မှန်းထားပြီး၊ ရွေးကောက်ပွဲမတိုင်ခင် တည်ငြိမ်အေးချမ်းရေးရအောင် ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်တွေက ပြောထားပါတယ်။ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်လိမ့်မယ်လို့ ဝေဖန်ခဲ့သလို၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိဘူးလို့ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}













XS
SM
MD
LG