သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kirin ဂျပန်ဘီယာကုမ္ပဏီကို သပိတ်မှောက်ရေးလှုပ်ရှားမှု စတင်


Kirin Ichiban ကုမ္ပဏီ၏ တရားဝင် အင်တာနက်စာမျက်နှာ
Kirin Ichiban ကုမ္ပဏီ၏ တရားဝင် အင်တာနက်စာမျက်နှာ

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ ဖက်စက်လုပ်ကိုင်နေတဲ့ နာမည်ကြီး Kirin Ichiban ဂျပန် ဘီယာကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေ ပါဝင်တဲ့ Action Network က စတင်စည်းရုံးလှုပ်ရှားနေပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှုတွေကျူးလွန်ကြောင်း စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ပူးပေါင်း လုပ်ကိုင်တာကို အဆုံးသတ်ဖို့ ဖိအားပေးတာဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူတဦးက ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

Kirin ဘီယာကုမ္ပဏီထုတ် အဖျော်ယမာကာတွေကို သပိတ်မှောက်ကြဖို့ အမေရိကန်အခြေစိုက် Action Network အွန်လိုင်း လက်မှတ်ရေးထိုးလှုပ်ရှားမှုကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စတင် ထားတာပါ။ Kirin လို ဘီယာကုမ္ပဏီအပါအဝင် နာမည်ကြီး ဖက်ရှင်အဝတ်အထည် ကုမ္ပဏီတွေ၊ အခြား နိုင်ငံတကာစီးပွားရေးကုမ္ပဏီပေါင်း အနည်းဆုံး (၄၄)ခုဟာ မြန်မာစစ်တပ်နဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး စီးပွားရေးအရ ဖက်စပ် လုပ်ကိုင်နေကြောင်း သြဂုတ်လက ထုတ်ပြန်တဲ့ FFM ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်းရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲ ခံထားရတဲ့ မြန်မာစစ်တပ်နဲ့ ဖက်စပ်လုပ်ကိုင်နေတာကို Kirin ဂျပန်ဘီယာကုမ္ပဏီ အနေနဲ့ ရပ်တန့်ရေး အမေရိကန်ပြည်ထောင်စုမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ အခြေအနေကို ဝါရှင်တန် အခြေစိုက် ICR နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Simon Billenness က ဗွီအိုအေကို အခုလို ပြောပါတယ်။

"Kirin ဘီယာ ကုမ္ပဏီကို တောင်းဆိုနေတာက မြန်မာစစ်တပ်ပိုင် ကုမ္ပဏီနဲ့ပူးတွဲလုပ်ကိုင်နေတာကို အဆုံးသတ်ဖို့ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ မြန်မာ ဘီယာ၊ မန္တလေး ဘီယာ ကုမ္ပဏီတွေနဲ့ Kirin ဟာ ပူးပေါင်းလုပ်ကိုင်နေတာပါ။ ဒါကြောင့် Kirin အနေနဲ့ မြန်မာစစ်တပ်နဲ့ မိတ်ဖက်စီးပွားရေးလုပ်ကိုင်နေတာကို ရပ်တန့်ရေး ဖိအားပေးဖို့ Kirin ဘီယာနဲ့ သူရဲ့ အခြား စားသောက်ကုန်တွေကိုပါ သပိတ်မှောက်ကြဖို့ ကျနော်တို့ စည်းရုံးလှုပ်ရှားနေတာပါ။"

ဒါအပြင် Kirin ဘီယာကုမ္ပဏီက တာဝန်ရှိသူတွေကိုလည်း သူတို့လှုပ်ရှားမှုနဲ့ ပတ်သက်လို့ တိုက်ရိုက် ဆက်သွယ်ပြောဆိုဖို့ ရှိတယ်လို့ Simon Billenness ကဆိုပါတယ်။

"ကျနော်တို့ Kirin ကုမ္ပဏီကိုလည်း ဆက်သွယ်မှာဖြစ်သလို၊ အမေရိကန်ပြည်ထောင်စုမှာတော့ သူရဲ့ ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ Brooklyn ဘီယာကုမ္ပဏီနဲ့ မြောက်ပိုင်း နယူးအင်္ဂလန်ဒေသက သူပိုင်တဲ့ Coca-Cola ပုလင်းသွင်းစက်ရုံနဲပ ဖြန့်ချိရေးလုပ်ငန်းရဲ့ တာဝန်ရှိသူတွေကိုဆက်သွယ်ပြီး ဘာကြောင့် သူတို့ ကုမ္ပဏီ အဖျော်ယမကာတွေကို သပိတ်မှောက်တာလည်း ဆိုတာ စကားပြောဖို့ ကြိုးစားမှာဖြစ်ပါတယ်။"

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ နိုင်ငံခြားကုမ္ပဏီပေါင်း ၄၄ ခုလောက်ရှိနေတဲ့အထဲက Kirin ကုမ္ပဏီကို အဓိကထား သပိတ်မှောက်ရတဲ့ အကြောင်းအရင်းကို သူက အခုလို ဆက်ပြီးရှင်းပြပါတယ်။

"ကျနော်တို့ Kirin ကုမ္ပဏီကို အဓိကထား ဖိအားပေးတဲ့ အကြောင်းအရင်းက လူအများသိအောင် နမူနာပြဖို့ဖြစ်ပါတယ်။ Kirin ဟာ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေရုံ မဟုတ်ပဲ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ထုတ်ဖေါ်ချက်အရဆိုရင် မြန်မာစစ်တပ်ကို တိုက်ရိုက် ငွေလှုဒါန် းတာတွေ ရှိခဲ့ပါတယ်။ သူတို့လှုဒါန်းတဲ့ အချိန်ကလည်း ရိုဟင်ဂျာရွာတွေနဲ့ အရပ်သားတွေကို မြန်မာစစ်တပ်ကတိုက်ခိုက် အပြီးမှာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ကုမ္ပဏီဟာ မြန်မာစစ်တပ်ကို ငွေကြေးအရအတော်လေး ထောက်ပံ့ခဲ့တယ်ဆိုတာ ရှင်းပါတယ်။"

ဒါကြောင့် ဂျပန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ရင်းနှီးမြှုပ်နှံရာမှာ စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေကို အဓိကရှောင်ရှားသင့်ကြောင်း Simon Billenness က အခုလို ပြောပါတယ်။

"ဂျပန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အနောက်နိုင်ငံ ကုမ္ပဏီတွေလို မဟုတ်ပဲ မြန်မာစစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေနဲ့ ဖက်စက်လုပ်ကိုင်ဖို့ ဂျပန်ကုမ္ပဏီတွေက ပိုပြီး အလားအလာရှိနေတာပါ။ တကယ်လို့သာ သူတို့အနေနဲ့ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ ပူးတွဲအလုပ်လုပ်မယ်ဆိုရင် သူတို့ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေ၊ ဂုဏ်သိက္ခာ အန္တရာယ်ရှိနေတယ်ဆိုတာ ကျနော်တို့ အသိပေးချင်တာပါ။"

အခုလို မြန်မာစစ်တပ်ပိုင် ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်မှုကို အဆုံးသတ်စေရေး ဖိအားပေးလှုပ်ရှားမှု နဲ့ပတ်သက်လို့ ဗွီအိုအေက Kirin ဘီယာကုမ္ပဏီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီသတင်း ရေးသားပြီးချိန်ထိ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။

.....................

{Unicode}














တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG