သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ ၂ နိုင်ငံ ဆက်ဆံရေးကောင်းအောင် မြန်မာဆက်လက်ဆောင်ရွက်


မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဆောင်ရင် မြန်မာစစ်တပ်ကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်မယ့် ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီက ဇွန်လ ၂၀ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ ဒီလို အတည်ပြုခဲ့ပေမဲ့ အမေရိကန်နဲ့ မြန်မာနိုင်ငံဆက်ဆံရေးအရတော့ မြန်မာနိုင်ငံ အနေနဲ့ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်း က ဗွီအိုအေကို ပြောကြားလိုက်ပါတယ်။ သံအမတ်ကြီး ဦးအောင်လင်းကို ကိုရဲမင်းထွန်းက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ ဒီ ဥပဒေမူကြမ်းကြောင့် အမေရိကန်နဲ့ မြန်မာဆက်ဆံရေး အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး သံအမတ်ကြီးက သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

သံအမတ်ကြီး ဦးအောင်လင်း ။ ။ "အောက်လွှတ်တော်မှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီကနေပြီးတော့ သူတို့လုပ်ဆောင်တဲ့ အရေးယူဆောင်ရွက်မှုကို ကျနော်တို့ မှတ်သားထားပါတယ်။ ခုနတုန်းက ဦးရဲမင်းထွန်း မေးထားတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ကျနော် ဖြေရမယ်ဆိုလို့ရှိရင်တော့ ကျနော်မြန်မာနိုင်ငံ အနေနဲ့ကတော့ အမေရိကန်နဲ့ ဆက်ဆံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အလေးထားတယ်။ ဆက်ဆံရေးကောင်းအောင် ကျနော်တို့ ဆက်လက်ဆောင်ရွက်နေပါတယ်ဆိုတဲ့ဟာလေးတော့ ပြောပါရစေ။"

ကိုရဲမင်းထွန်း ။ ။ "သံအမတ်ကြီးအနေနဲ့ရော ခင်ဗျ။ ဒီဥပဒေကြမ်းက ဘယ်အတိုင်းအတာထိ ရောက်လိမ့်မယ်လို့ ခန့်မှန်းမိပါသလဲ ခင်ဗျ။"

သံအမတ်ကြီး ဦးအောင်လင်း ။ ။ "ဒီ ဥပဒေကြမ်းကိုတော့ ခင်ဗျားလည်း အမေရိကန်နိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံရေးအကြောင်းကို သိတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ သိထားမှာ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို အဆိုပြုတဲ့ဟာကလည်း လွှတ်တော်အမတ်တွေကနေပြီးတော့ သူတို့ရဲ့ မဲဆန္ဒနယ်မှာ ဒီမြန်မာနိုင်ငံပေါ်ကို အကောင်းမမြင်တဲ့ လူတွေကနေပြီးတော့ သူတို့ကို တိုက်တွန်းတဲ့အတွက်ကြောင့် ဒီဥစ္စာတွေကို သူတို့ရဲ့ မဲဆန္ဒရှင်တွေကနေပြီးတော့ ပြောတဲ့ စကားတွေကို နားထောင်တာရယ်၊ နောက်ပြီးတော့ သူတို့နဲ့ ပတ်သက်ပြီးတော့ ဒီမြန်မာနိုင်ငံကို အကောင်းမမြင်တဲ့သူတွေကနေပြီးတော့ သူတို့ကို တိုက်တွန်းတဲ့ အတွက်ကြောင့် ဒီဥစ္စာ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ကျနော်ကတော့ အဲ့လိုမျိုး မြင်ပါတယ်။

သူတို့ ဗမာပြည်ကို အကောင်းမမြင်တဲ့ လူတွေရှိသလို အမေရိကန်နိုင်ငံမှာလည်း မြန်မာနိုင်ငံအပေါ်ကို အကောင်းမြင်တဲ့လူတွေ အများကြီးရှိပါတယ်။ အဲ့ဒီ အကောင်းမြင်တဲ့လူတွေကတော့ ဘာလဲဆိုတော့ လွှတ်တော်အမတ်တွေကိုတော့ သူတို့အနေနဲ့ မြန်မာပြည်ကို အကောင်းမြင်ပေမဲ့လည်း ဒီအကောင်းမမြင်တဲ့ လူတွေလို သူတို့အနေနဲ့ ဒီလိုမျိုး တိုက်တွန်းတာတွေ ပြောကြားတာတွေ မရှိတဲ့အတွက်ကြောင့် ဒီလွှတ်တော်မှာ အခုလို ဥပဒေမူကြမ်းတွေ ထွက်မလာတာ ဖြစ်ပါတယ်။"

ကိုရဲမင်းထွန်း ။ ။ "ဆိုတော့ ကျနော်တို့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကို ရောက်လိမ့်မယ်လို့ သံအမတ်ကြီးထင်ပါသလား ခင်ဗျ။""

သံအမတ်ကြီး ဦးအောင်လင်း ။ ။ "ဒါကတော့ သူတို့ ဆုံးဖြတ်တဲ့ကိစ္စမို့လို့ ကျနော့်အနေနဲ့ ဘာမှ ပြောလို့မရပါဘူး။ အောက်လွှတ်တော် အခုဟာကလည်း နိုင်ငံခြားဆက်ဆံရေးကော်မတီက အရေးယူတာသာ ဖြစ်ပါတယ်။ နိုင်ငံခြားဆက်ဆံရေးကော်မတီက သူတို့ အခုလို ဆုံးဖြတ်တဲ့ဟာနဲပ ပတ်သက်ပြီးတော့ ဆက်လုပ်မယ်ဆိုတဲ့ဟာကိုတော့ အခုထိတော့ ဘာဆက်လုပ်မယ်ဆိုတဲ့ဟာကိုတော့ အစည်းအဝေးမှတ်တမ်းအနေနဲ့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ဒီထွက်ပေါ်လာခြင်းမရှိသေးတဲ့ဟာကိုတော့ ကျနော်တို့ ကြိုပြောလို့မရပါဘူး။"

ကိုရဲမင်းထွန်း ။ ။ "ဟုတ်ကဲ့ခင်ဗျ။ အရင်များ ကျနော်တို့ အဲ့လိုမျိုး precedence တွေဘာတွေ ရှိဘူးလားလို့ သံအမတ်ကြီး ခင်ဗျ။"

သံအမတ်ကြီး ဦးအောင်လင်း ။ ။ "အရင်တုန်းက ရှိခဲ့တာတွေတော့ပေါ့ မနှစ်တုန်းကလည်း အောက်လွှတ်တော်မှာ နိုင်ငံခြားရေးရာကော်မတီကနေပြီးတော့ အောက်လွှတ်တော်တခုလုံး အရေးယူတာရှိတယ်။ အောက်လွှတ်တော်ကနေပြီးတော့ အထက်လွှတ်တော်ကို သူတို့ တင်ပြပြီးတော့ အထက်လွှတ်တော်မှာကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အရေးယူဆုံးဖြတ်တာတွေ မရှိတဲ့ အတွေ့အကြုံတွေတော့ ကျနော်တို့ တွေ့ခဲ့ရပါတယ်။"

ကိုရဲမင်းထွန်း ။ ။ "တခုက မနက်က ကျနော်တို့ ဗွီအိုအေ news ထဲမှာပဲ တခုတွေ့တာက ကျနော်တို့ ဦးချမ်းအေးပေါ့နော်။ သူက ကျနော်တို့ စကားလုံးအသုံးအနှုန်းပေါ့နော် လူမျိုးတုန်း သတ်ဖြတ်မှု ဆိုတဲ့ ဟာနဲ့ ပတ်သက်ပြီးတော့ သူက သဘောမတူဘူးလို့ ပြောပါတယ် ခင်ဗျ။ သံအမတ်ကြီးကရော ဒါနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာများ ရှိပါသလားခင်ဗျာ။"

သံအမတ်ကြီး ဦးအောင်လင်း ။ ။ "အဲ့ဟာနဲ့ ပတ်သတ်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ အပေါ်ကို ဒီလူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဒီလူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ သူတို့စွပ်စွဲတဲ့ဟာတွေက မဟုတ်မမှန်ဘူးဆိုတဲ့ဟာတွေကို ကျနော်တို့ စိစစ်ဖို့ဆိုပြီးတော့ ကျနော်တို့ လွတ်လပ်တဲ့ကော်မရှင်လည်း ဖွဲ့ထားပြီးဖြစ်ပါတယ်။ အဲ့ကော်မရှင်ကလည်း သူတို့ရဲ့ လုပ်ဆောင်စရာရှိတာ သူတို့ လုပ်နေပါတယ်။ အကယ်၍ ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်ပြီးတော့ သူတို့ စွပ်စွဲတဲ့ဟာတွေကို သူတို့အနေနဲ့ စွပ်စွဲဖို့ အကြောင်းအရာကိစ္စရှိမယ်ဆိုလို့ရှိရင်လည်း အဲ့လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်နဲ့လည်း အမြဲတမ်း ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ လွတ်လပ်တဲ့ကော်မရှင်ဆိုတာကလည်း နိုင်ငံတကာကနေပြီးတော့ တကယ်ပဲ အားလုံးကနေပြီးတော့ ယုံကြည်ကိုးစားတဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ ဒါကြောင့်သူတို့ အနေနဲ့လည်း သူတို့သိချင်တဲ့ဟာတွေကို ပိုပြီးတော့ ပြောပြနိုင်ပါတယ်လို့ပဲ ကျနော်ယူဆပါတယ်။"

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG