သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန်ခရိုင်အတွင်း စစ်တပ်နဲ့ KNU တိုက်ပွဲဆက်ဖြစ်နေဆဲ


ကရင်ပြည်နယ်တွင်း တနေရာတွင် တွေ့ရသည့် KNU တပ်ဖွဲ့ဝင်တချို့။ (၁၂ ဖေဖော်ဝါရီ ၂၀၁၃)
ကရင်ပြည်နယ်တွင်း တနေရာတွင် တွေ့ရသည့် KNU တပ်ဖွဲ့ဝင်တချို့။ (၁၂ ဖေဖော်ဝါရီ ၂၀၁၃)

(Zawgyi / Unicode)

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ တပ်တွေနဲ့ KNU တပ်မဟာ ၅ တို့ ဧပြီလ ၄ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဖာပွန်မြို့တွင်းနဲ့ မြို့ပြင်တွေမှာ စစ်တပ်ဘက်က ပစ်ခတ်မှုတွေ ရှိနေသလို KNU နယ်ထဲမှာတော့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက KNU တပ်မဟာ ၅ အခြေစိုက်တဲ့နေရာကို မြန်မာစစ်တပ်က စစ်အင်အား အလုံးအရင်းနဲ့ တက်လာနေသလို နှစ်ဖက် တိုက်ပွဲတွေရှိနေကြောင်း ဖာပွန်မြို့ခံတဦးက ပြောပြပါတယ်။

“ဒီ ဗိုလ်ချုပ်လမ်းပေါ့၊ ဖာပွန်-ကမမောင်းလမ်းနဲ့ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲကဖြစ်နေတယ်၊ ကွက်ကြားကွက်ကြားဖြစ်တယ်။ ဖြစ်တာက တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်တာ။ သူတို့က ဖာပွန်ဘက်ကို တက်ဖို့လုပ်တာ။ ယာဉ်လမ်းကနေ မတက်ဘဲ ကုန်းလမ်းကနေ တက်တဲ့အချိန် ကြားကဖြတ်ပြီး ပြောက်ကျားစနစ်နဲ့ တိုက်နေကြတယ်။ တပ်တွင်းကနေ အပြင်ကို လှမ်းပြီးပစ်နေတော့ လူထုကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်နေတော့ လူထုက နီးစပ်ရာ ကမမောင်းတို့ ဟိုဘက်က မြိုင်ကြီးငူတို့ဘက် နီးစပ်ရာ တိမ်းရှောင်နေရတာပေါ့။”

စနေနေ့ညကရော တနင်္ဂနွေနေ့မှာပါ ဖာပွန်မြို့တွင်း မြို့ပြင်တွေမှာ ပစ်ခတ်တာတွေ ရှိတာမို့ မြို့ခံတွေ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရတယ်လို့ နောက်ထပ်မြို့ခံတဦးကလည်း ဆိုပါတယ်။

“မနေ့ညကလည်း ပစ်တယ်၊ အထဲမှာ လက်နက်ငယ်နဲ့ မြို့ပြင်မှာတော့ လက်နက်ကြီးနဲ့ ပစ်နေတယ်။ ဒီနေ့ကတော့ မြို့ပြင်ဘက်မှာ လက်နက်ကြီးနဲ့ ပစ်နေတယ်။ မြို့ထဲကနေ ကြားနေရတယ်။ မြို့ပြင်မှာတော့ ပစ်နေတာ လက်နက်ကြီးနဲ့ တောက်လျှောက်ပဲ။ လူလည်း နေရထိုင်ရတာ အတော် စိတ်ဒုက္ခရောက်နေပြီ။”

ပြီးခဲ့တဲ့ရက်ကတော့ ဖာပွန်ခရိုင် လှိုင်းဘွဲမြို့နယ်ထဲမှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ တပ်တွေနဲ့ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတဦး ပွဲချင်းပြီး သေဆုံးပြီး တဦးက ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ဖာပွန်မြို့ခံက ပြောပြပါတယ်။

“ဖောထိခူကျေးရွာနားမှာရှိတဲ့ တဲလေးတလုံးကို ထိမှန်ပြီး စောမြအောင်တို့ လင်မယား ၂ ဦး လက်နက်ကြီးထိမှန်ပြီး သူ့ဇနီး နော်မူထုပါ လက်နက်ကြီးထိမှန်ပြီး ပွဲချင်းပြီးသေတယ်။”

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံလူထု ၁၂,၀၀၀ လောက် ဘေးလွတ်ရာကို ပြေးရှောင်နေရပြီး မြန်မာစစ်တပ်ဘက်က လေယာဉ်တွေနဲ့ အချိန်ကြာကြာ ပျံဝဲပြီး ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် သူတို့နေအိမ်တွေ ကျေးရွာတွေဆီကို မပြန်ရဲကြဘဲ သံလွင်မြစ်ကမ်းအနီးက ကျောက်တောင်တွေနားပဲ လက်ရှိ နေထိုင်နေရပါတယ်။ အဲဒီနေရာတွေမှာလည်း စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အခက်အခဲရှိနေသလို အသက်အရွယ်ကြီးသူတွေ ကလေးငယ်တွေအတွက်လည်း ကျန်းမာရေးအရ စောင့်ရှောက်မှုတွေ လိုအပ်နေကြောင်း လူအခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)










XS
SM
MD
LG