သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ကို အပြည့်အဝ ဆက်လက်ထောက်ခံသွားမည် (တောင်ကိုရီးယား အာဏာရပါတီ ဥက္ကဌ)


Mr. Song Young Gil ကိုရီးယား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ
Mr. Song Young Gil ကိုရီးယား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ

[ Zawgyi ]

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အသိအမှတ်မပြုပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုသာ အပြည့်အဝ ထောက်ခံ အားပေးသွားမယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ အာဏာရ ကိုရီးယား ဒီမိုကရက်တစ်ပါတီ (Democratic Party of Korea) ရဲ့ ဥက္ကဌ မစ္စတာ ဆုန်ယောင်ဂီးက VOA နဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင် ရုန်းကန်ခဲ့ရတဲ့ တောင်ကိုရီးယားပြည်သူတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်ချင်းစာပြီး အခုလို အားပေးထောက်ခံနေရတာလို့ ဆိုပါတယ်။ တွေ့ဆုံမေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။


မြန်မာနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အပြည့်အဝ ထောက်ခံအားပေးနေပြီး ၊ လိုအပ်တဲ့ အကူအညီတွေကို တတ်နိုင်သမျှ ပံ့ပိုးသွားမယ်လို့ ကိုရီးယား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ မစ္စတာ ဆုန်ယောင်ဂီး (Song Young Gil)က ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိခိုက် VOA နဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

" ကျနော်တို့ အနေနဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီကို မထောက်ခံဘူးဆိုတာ တရားဝင်ပြောထားပြီး ဖြစ်သလို၊ NUG အစိုးရကို အပြည့်အဝ ထောက်ခံပါတယ်။ ဗုဒ္ဓဟူးနေ့မှာ နယူးယောက်မြို့ကို သွားပြီး မြန်မာ့အရေး လိုအပ်တာတွေကို ကူညီနိုင်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ကျနော် တွေ့ဆုံဆွေးနွေးပါမယ်။ "

" အခုလို မြန်မာ့နွေဦးတော်လှန်ရေးကို ကျနော်တို့ပါတီက ထောက်ခံရတာဟာ ၁၉၈၀ တုန်းက စစ်အာဏာရှင်လက်ထက် တောင်ကိုရီးယား ဂွမ်ဂျူးမြို့မှာ ဒီမိုကရေစီရေး ဆန္ဒပြလှုပ်ရှားသူတွေကို စစ်တပ်က ရက်စက်စွာဖြိုခွဲ သတ်ဖြတ်ခဲ့တဲ့ အတွေ့အကြုံ ကျနော်တို့ဆီမှာ ရှိပါတယ်။ အခု မြန်မာပြည်သူတွေ ရင်ဆိုင်နေရတာနဲ့ တူပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေလည်း စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်စေချင်တဲ့အတွက် ထောက်ခံ အားပေးနေတာပါ။"

မစ္စတာ ဆုန်ယောင်ဂီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဟာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ အတွက်ရော ၊ နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို လေ့လာဖို့ အတွက်ပါ ဝါရှင်တန်ဒီစီမြို့တော်နဲ့ နယူးယောက်မြို့တွေကို လာရောက်တာ ဖြစ်ပါတယ်။

NUG အစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကတော့ အာဏာရ ကိုရီးယား ဒီမိုကရက်တစ်ပါတီအနေနဲ့ မြန်မာ့အရေးကို အာရုံစိုက် ကူညီမှုတွေအတွက် အားရမိကြောင်း ပြောပါတယ်။

" သမ္မတကြီး ကိုယ်တိုင်ကအစ ၊ သူ့ရဲ့ အိမ်ပြာတော်ကနေပြီးတော့ NUG အစိုးရနဲ့ လက်တွဲပြီးတော့ မြန်မာ့ဒီမိုကရေစီအရေးကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များနဲ့ထိတွေ့ဆက်ဆံသွားပါ့မယ်လို့ တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်။ အခု မစ္စတာ ဆုန်ယောင်ဂီး ဆိုတာကလည်း သာမန် လွှတ်တော်အမတ် ဘဝကတည်းက ကျနော်တို့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကို အားပေးကူညီ ထောက်ခံခဲ့တဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ ထို့အတူ သူဟာ နောင်လာမယ့် (၁၀)နှစ်အတွင်းမှာ ကိုရီးယားနိုင်ငံရဲ့ သမ္မတလောင်းအဖြစ် ထိပ်ကပြေးနေတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ အခု ကျနော်တို့ ကိုရီးယားနိုင်ငံမှာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မြန်မာကိုယ်စားလှယ်ရုံးကို ကိုရီးယားမှာ ဖွင့်ခွင့်ပေးလာတဲ့ အခြေအနေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ကို ကိုရီးယားအစိုးရက ဘယ်လောက်ထိ ကျနော်တို့ကို အားပေးနေတယ်ဆိုတာ မြေကြီးလက်ခတ် မလွဲဘူးဆိုတာကို ကျနော် ပြောချင်ပါတယ်။ "

မြန်မာပြည်သူတွေ အားတင်ထားကြဖို့ လိုကြောင်းလည်း မစ္စတာ ဆုန်ယောင်ဂီးက ပြောပါတယ်။

" လွတ်လပ်မှုဆိုတာ ဘယ်တော့မှ အလကား မရဘူးဆိုတဲ့ စကားနဲ့အညီ ၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ကျနော်တို့အားလုံး အတူတကွ လက်တွဲပြီး လှုပ်ရှားရုန်းကန်နေရမှာပါ။ မြန်မာပြည်သူတွေကို ကမ္ဘာ့နိုင်ငံတွေကပါ ထောက်ခံအားပေးနေတဲ့အတွက် တနေ့မှာ မြန်မာပြည်သူတွေရဲ့ဆန္ဒအတိုင်း မုဒ်ချ အောင်မြင်မှု ရမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။ မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင် တွန်းလှန် တိုက်ခိုက်မှုတွေ ရှိနေတာကို ကျနော်တို့အနေနဲ့ နားလည်ပါတယ်။ ကျနော်တို့ တောင်ကိုရီးယား ဂွမ်ဂျူးမြို့ ဒီမိုကရေစီတော်လှန်ရေးတုန်းကလည်း ဒီလိုပဲ လက်နက်ကိုင် တွန်းလှန်မှုတွေ ရှိခဲ့ပါတယ်။"

NLD အစိုးရလက်ထက် စာရင်းတွေအရ တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဆဌမမြောက် အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် တောင်ကိုရီးယားရဲ့စီးပွားရေးလုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားဖို့ တရားဝင် ကြေညာထားတယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။

" တောင်ကိုရီးယားသမ္မတရဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာလည်း သူတို့နိုင်ငံကနေ မြန်မာနိုင်ငံအတွင်းမှာ သွားရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေး လုပ်ငန်းတွေကို အကုန်လုံးကို ဆိုင်းငံ့ထားဖို့ ၊ ရပ်ဆိုင်းထားဖို့ အတွက်ကိုလည်း သူက ညွှန်ကြားထားပါတယ်။ နောက်ပြီး ထပ်မံပြီးတော့ ရင်းနှီးမြှုပ်နှံမယ့်ကိစ္စတွေကိုလည်း စဉ်းစားသုံးသပ်ပြီးတော့မှ ပြုလုပ်ဖို့ကိုလည်း သမ္မတကြီးက ညွှန်ကြားထားပါတယ်။ ပြီးတော့ စစ်ရေးဆိုင်ရာကိစ္စတွေ အပြန်အလှန် ဆက်ဆံရေးကိုလည်း လုံးဝ ရပ်ဆိုင်းလိုက်တယ်ဆိုတာကိုလည်း တရားဝင် ကြေညာထားပါတယ်။ "

NUG ရဲ့တောင်ကိုရီးယားကိုယ်စားလှယ် ဦးရန်နိုင်ထွန်း(ညာ)နှင့် သမ္မတဟောင်း ကင်မ်ဒဲဂျွန်၏သား လွှတ်တော်အမတ် ကင်မ်ဟွန်းဂေါ်လ်နှင့် တွေဆုံစဉ်
NUG ရဲ့တောင်ကိုရီးယားကိုယ်စားလှယ် ဦးရန်နိုင်ထွန်း(ညာ)နှင့် သမ္မတဟောင်း ကင်မ်ဒဲဂျွန်၏သား လွှတ်တော်အမတ် ကင်မ်ဟွန်းဂေါ်လ်နှင့် တွေဆုံစဉ်

တောင်ကိုရီးယားရဲ့ လက်ရှိသမ္မတ မွန်းဂျယ်အင်းဟာလည်း ဆုန်ယောင်ဂီးလိုပဲ (Democratic Party of Korea) ကိုရီးယား ဒီမိုကရက်တစ်ပါတီရဲ့ အရေးပါတဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ တောင်ကိုရီးယား အစိုးရအနေနဲ့ NUG အစိုးရကို ထောက်ခံတယ်လို့ တရားဝင်စာထုတ်ထားတာမျိုး မရှိပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် အနီးကပ် ကြိုးပမ်းကူညီသွားမယ်လို့ သြဂုတ်လကုန်ပိုင်းတုန်းက ကိုရီးယားသမ္မတ အိမ်ပြာတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီအတွက် ဒေါ်လာ(၃)သန်းကိုလည်း လှူဒါန်း ထားပါတယ်။

တိုက်ရိုက် လင့်ခ်



[ Unicode ]















ဆက်စပ်သတင်းများ ...

XS
SM
MD
LG