သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဆန်း-မဲခေါင် ရေအရင်းအမြစ်အစီအစဉ် တရုတ်အဆိုပြု


တရုတ် ဝန်ကြီးချုပ် Li Keqiang (၂၀၁၉ ၊ဒီဇင်ဘာလ)
တရုတ် ဝန်ကြီးချုပ် Li Keqiang (၂၀၁၉ ၊ဒီဇင်ဘာလ)

(Zawgyi/Unicode)

မဲခေါင် မြစ်ကြောင်းတစ်လျှောက် ရေလွှမ်းမိုးမှုနဲ့ မိုးခေါင်မှုတွေနဲ့အတူ ဥတုရာသီ ပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အသုံးပြုနိုင်ဖို့ လန်ဆန်း-မဲခေါင် ရေအရင်းအမြစ်ကိစ္စပူးပေါင်း ဆောင်ရွက်ရေးနဲ့ သတင်းအချက်အလက် ဝေမျှရေး အစီအစဉ်ကို လုပ်ဆောင်သွားမယ်လို့ တရုတ် ဝန်ကြီးချုပ် Li Keqiang က တနင်္လာနေ့က ပြောပါတယ်။

တရုတ်နိုင်ငံအတွင်း စီးဆင်းနေတဲ့ မဲခေါင် မြစ်ရဲ့ မြစ်ရေဆိုင်ရာ သတင်းအချက် အလက် တွေကို တစ်ခြား မဲခေါင် မြစ်ဝှမ်းနိုင်ငံတွေကို တစ်နှစ်ပတ်လုံး ဝေမျှပေးသွားမယ်လို့ တရုတ် ဝန်ကြီးချုပ် Li Keqiang က တတိယ အကြိမ် မြောက် Lancang-Mekong ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင် တွေရဲ့ ဗွီဒီယိုက တဆင့် ကျင်းပတဲ့ အစည်းအဝေးမှာ ပြောလိုက်တာဖြစ်ပါတယ်။

မဲခေါင်မြစ် ကော်မရှင်ရဲ့ အဆိုအရ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေထဲ ဖြတ်ကျော်စီးဆင်းတဲ့ မဲခေါင် မြစ် မြေနိမ့် မြစ်ဝှမ်းဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှိုင်းစာရင် ဒီနှစ် မိုးရွာသွန်းမှုက လျော့ကျပြီး မိုးခေါင်မှုတွေနဲ့ ကြုံတွေ့ နေရပါတယ်။ မိုးခေါင်မှုနဲ့အတူ တရုတ်နိုင်ငံ အပါအဝင် မဲခေါင်မြစ်ညှာဒေသမှာ ဆည်တွေ အများအပြား တည်ဆောက် ထားတာကြောင့် မဲခေါင်မြစ်ရေ လျော့နည်းကျဆင်းလာတဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မဲခေါင်မြစ်ကြောင်းတစ်လျှောက် တည်ဆောက်ပြီး ဒါမှမဟုတ် တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ဆည်တမံ စုစုပေါင်း ၁၄၀ လောက် ရှိပြီး အများစုက တရုတ်နိုင်ငံထဲမှာ ဖြစ်ပါတယ်။ မြစ်ကြောင်းတစ်လျှောက် ရေနည်းရတာက ဆည်တွေ တည်ဆောက်လို့ဆိုတဲ့ အချက်ကို တရုတ် နိုင်ငံက ငြင်းဆိုထားခဲ့ပါတယ်။

တတိယ အကြိမ်မြောက် လန်ဆန်း-မဲခေါင် မြစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးမှာပဲ တရုတ်နိုင်ငံ အနောက်ပိုင်းနဲ့ အရှေ့ တောင် အာရှက တဆင့် အာရှ-ဥရောပ Eurasian တိုက်နဲ့ ဆက်သွယ်ပေးမယ့် ပင်လယ်နဲ့ကုန်းတွင်းပိုင်းဆက်စပ် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု စင်္ကြံ တစ်ခု ထူထောင်ရေးကိုလည်း တရုတ် ဝန်ကြီးချုပ်က အဆိုပြုခဲ့ပါတယ်။ အဲဒီ ကုန်သွယ်ရေး စင်္ကြံက တရုတ်နိုင်ငံ အနောက်ပိုင်းနဲ့ အာဆီယံနိုင်ငံတွေကို ဆက်သွယ်ပေးမှာ ဖြစ်ပြီး မဲခေါင်မြစ် နိုင်ငံတွေအတွက် အကျိုးအမြတ် ရရှိစေမှာ ဖြစ်တယ်လို့ တရုတ်တို့က ပြောပါတယ်။

တရုတ်နိုင်ငံမှာ LANCANG လို့ခေါ်တဲ့ မဲခေါင်မြစ်ဟာ ယူနန်ပြည်နယ်ထဲ စီးဆင်းပြီးတဲ့နောက် အရှေ့တောင် အာရှနိုင်ငံ တွေထဲ ဖြတ်သန်း စီးဆင်းတာ ဖြစ်ပါတယ်။ နိုင်ငံ ၆ နိုင်ငံ ပါဝင်တဲ့ Lancang-Mekong ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်ကို ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့ပါ တယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)







XS
SM
MD
LG