သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မြေမှာမြေမြုပ်ဗုံးပေါက်ကွဲလို့ ထင်းခွေမုန်းကိုးဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရ


မြေမြုပ်ဗုံးပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရသွားတဲ့ ထင်းခွေမုန်းကိုးဒေသခံ တဦး(Tsap MungLawt Facebook)
မြေမြုပ်ဗုံးပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရသွားတဲ့ ထင်းခွေမုန်းကိုးဒေသခံ တဦး(Tsap MungLawt Facebook)

မငြိမ်းချမ်းနိင်သေးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးဒေသမှာ မြန်မာ့တပ်မတော်ပိုင်ဧရိယာအတွင်း ထင်းခွေရှာတဲ့ရွာသား(၅)ဦးဟာ မြေမြုပ်မိုင်းနှစ်ကြိမ်နင်းမိတာကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး တရုတ်နိုင်ငံ မန်စီဆေးရုံမှာ ဆေးဝါးကုသခံနေရပါတယ်။ ဒဏ်ရာရသူတွေကို ဒီကနေ့မှာခွဲစိပ်ပြီးစီးခဲ့ပြီးလို့လဲဒေသခံတွေကဆိုပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်မြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကပြောပြပေးမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးဒေသမှာ မြေမြုပ်ဗုံးနင်းမိလို့ ဒေသခံရွာသား(၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တရုတ်နိုင်ငံ မန်စီမြို့ဆေးရုံမှာဆေးဝါး ကုသခံနေရတာပါ။

မုန်းကိုးဒေသခံရွာသား(၅)ဦးဟာ မနေ့က မုန်းကိုးဒေသ မန်းတပ်ကုန်း တပ်မ(၁၁)လက်အောက်ခံတပ်ရဲ့ တပ်ပိုင်မြေ ဧရိယာအတွင်း ထင်းရှာဖွေရင်း မြေမြုပ်ဗုံးနင်းမိခဲ့တာ ဖြစ်တယ်လို့ မုန်းကိုးဒေသခံ ဦးမုန်လောဒ်ကပြောပါတယ်။

"နေ့လည် ၁၁နာရီခွဲလောက်ပေါ့နော်။ အဲဒီမန်းတပ်ကပြည်သူတွေ အမျိုးသားတွေနဲ့ ဥက္ကဌလဲပါတယ်။ သင်းထောက်တွေ လဲ ပါတယ်။ သူတို့လဲ အိမ်အတွက်သုံးဖို့လိုပြီးမှ အဲတာသူတို့ထင်းသွားခွေတယ်။ မန်းတပ်ကုန်းပေါ့နော် အဲဒီစစ်တပ်ရှိ တဲ့ဘက်။ စစ်တပ်နယ်မြေပေါ့နော်။ တောင်ကုန်းအနားမှာထင်းသွားခွေတယ်။ အဲတာပထမဦးဆုံး အခေါက်နင်းမိတယ်။ နင်းမိပြီးပေါက်ကွဲတဲ့အခါကျတော့ အဲဒီသူတို့(၅)ဦးစလုံးက အနည်းအကျဉ်းဒဏ်ရရတယ်။ နဲနဲသက်သာတဲ့ အဲဒီဥက္ကဌပြီး တော့မှ ဒီလူကိုပြန်လည်သွားပိုးပြီးတော့မှ ပြန်ဆင်းလာတယ်။ ပြန်ဆင်းလာတဲ့အခါကျတော့ နောက်ထပ်တခေါက် ပြန်တက်နင်းမိတယ်။ တက်နင်းမိတဲ့အခါကျတော့ သင်းထောက်ဆရာတယောက်ကလဲ ဘယ်ဘက်ခြမ်းခြေဖြတ်ပစ်ရတာ ပေါ့နော်။ ပြီးရင်တယောက်က တော်တော်လေး အခြေအနေဆိုးတဲ့ အခြေအနေရောက်နေ တယ်ပေါ့နော်။ (၅)ဦးစလုံးက ကျတော့ မိုင်းနှစ်ဆင့်ဒဏ်တက်နင်းမိတဲ့အခါကျတော့ အတော်လေးတော့ဆိုးတာပေါ့နော်။"

မန်းတပ်ကုန်းဟာ အရင်ကကျေးရွာဟောင်းဖြစ်ပြီး ၂၀၁၀ခုနှစ်မှာ တပ်မတော်ကနေ တပ်ပိုင်မြေအဖြစ်သိမ်းယူခဲ့တာ ဖြစ်တယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။

ထင်းခွေတဲ့ရွာသား(၅)ဦးဟာ မိုင်းနှစ်ဆင့်နင်းမိတာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်သလို အခုအခါ တရုတ်နိုင်ငံမန်စီ ဆေးရုံမှာဆေးဝါးကုသခံယူနေရပါတယ်။

မုန်းကိုးဒေသဟာ မူဆယ်ခရိုင်ထဲရှိနေတယ်ဆိုပေမဲ့ တရုတ်နယ်စပ် နဲ့နီးစပ်နေတာကြောင့် ဒဏ်ရာရသူတွေ တရုတ် နိုင်ငံမန်စီမြို့ဆေးရုံ မှာတက်ရောက် ကုသတာလဲဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူ(၅)ဦးအနက်က (၃)ဦးဟာ ခွဲစိတ်ကုသမှုခံယူနေရတာပါ။ ဒီမနက်မှာခွဲစိတ်ကုသမှုပြီးစီးခဲ့ပြီးလို့ မုန်းကိုးဒေသခံ ဦးဘောက်နော်ကပြောပါတယ်။

"အခုကခွဲစိတ်ခန်းဝင်တဲ့သူကဝင်ပြီးပြီး။ အခုကလူနာတွေမေ့တာတော့မရှိတော့ဘူး။ ပြန်လည် သတိရလာပြီးသူတို့က။ မနေ့က သူတို့ဟာလူနာတချို့တွေက သတိမေ့နေ တယ်။ ဒီမနက်တော့ သတိပြန်ရတယ်။"

အခုလိုတပ်ဧရိယာအတွင်း မြေမြုပ်မိုင်းနင်းမိတဲ့ဖြစ်စဉ်အပေါ် တပ်မတော်ဘက်က အရေးယူဆောင်ရွက် တာမျိုး မရှိသေးဘူးလို့ မုန်းကိုးဒေသခံ ဦးမုန်လောဒ် ကပြောပါတယ်။

"အခုချိန်ထိတော့ ဆေးရုံရောက်တဲ့အထိတော့ တပ်မတော်ဘက်ကနေပြီးတော့ ဘာမှလုပ်ပေးတာမရှိဘူး။"

အမည်မဖေါ်လိုသူ မူဆယ်မြို့ခံရဲအရာရှိတဦးကတော့ နယ်မြေခံတပ်မတော် ရဲ့ကန့်သတ်နယ်မြေထဲ ဝင်ရောက်တဲ့ အတွက်အခုလို အန္တရာယ်ဖြစ်ပွါး ရတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီလိုဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပက်သက်လို့တပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ဒီဇင်ဘာလမှာလဲ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းပေါ်ဒေသမှာ ဗုံးပေါက်မှုကြောင့် ကျောင်းသား ကလေးငယ် ၁ ယောက်သေဆုံးပြီး ၄ ယောက် အပြင်းအထန်ဒဏ်ရာရသွားပါတယ်။

မုန်းကိုးဒေသဟာမြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတွေအကြား မကြာခဏတိုက်ပွဲတွေ ဖြစ်ပွား လေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် နိုဝင်ဘာလမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ကနေ မူဆယ်ကုန်သွယ်ရေးစခန်းနဲ့ မုန်းကိုး ဒေသကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက် မြန်မာ့တပ်မတော်နဲ့စစ်ရေးအပြင်းအထန်ဖြစ်ပွါးခဲ့ပါတယ်။

တိုက်ပွဲအတွင်း မုန်းကိုး ဖေါင်းဆိုင်ဒေသခံ(၂)သောင်းခန့်ဟာလဲ တရုတ်နိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ကြ ရပါ တယ်။

တပ်မတော်ဘက်ကနေ မုန်းကိုးဒေသကိုထိန်းချုပ်နိုင်ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွါးမှု နည်းလာပြီးဆိုပေမဲ့ သွားလာရေးမှာ သတိပြုနေရတယ်လို့ မုန်းကိုးဒေသခံ ဦးဘောက်နော်ကပြောပါတယ်။

"အခုလောလောဆယ်ကျွန်တော်တို့မုန်းကိုးနားတဝိုက်တော့ စစ်ဖြစ်တာတော့မရှိဘူးပေါ့။ ဒါပေမဲ့ အရင်တုန်းကလိုမျိုး သွားရေးလာရေးတော့သတိထားရတာပေါ့။"

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေးတပ်မတော် TNLAတအာင်းပလောင်တ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေအစဉ်အဆက်မပြတ်ဖြစ်ပွါးနေသလို တိုက်ပွဲအတွင်းဒေသခံကျေးရွာသားတွေဟာ ဘေးလွတ် ရာကို စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်လောက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်ဒေသတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေဆဲအခြေအနေကြောင့် ဒေသခံ တထောင်ကျော် ကျောက်မဲမြို့မှာ စစ်ဘေးတိမ်းရှောင်နေကြရပြီး ဒီကနေ့အထိနေရပ်ရင်းကိုမပြန်နိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG