သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်က မယ်တော်ဆေးခန်း ဝန်ထမ်းတွေ ကိုဗစ်စစ်ဆေးဖို့ ယာယီပိတ်


မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်။
မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်။

(Zawgyi / Unicode)

ထိုင်းနိုင်ငံရဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို ဆေးဝါးကုသမှု ပေးနေတဲ့ မယ်တော်ဆေးခန်းကို ဇူလိုင်လ ၁၆ ရက်နေ့က ၂၀ ရက်နေ့အထိ ယာယီပိတ်ထားပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

မယ်တော်ဆေးခန်းကို ဇူလိုင်လ ၁၆ ရက်နေ့က ၂၀ ရက်နေ့ထိ ယာယီပိတ်ထားရတာကတော့ ဒီကာလအတွင်းမှာ မယ်တော်ဆေးခန်းက ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေ၊ ဆေးခန်းအတွင်းက ဖွင့်ထားတဲ့ အစိုးရမဟုတ်တဲ့ NGO ရုံးတွေက ဝန်ထမ်းတွေကို ကိုဗစ်စစ်ဆေးဖို့အတွက် လူဝင်လူထွက်မများအောင် ပိတ်ထားတာလို့ မယ်တော်ဆေးခန်းကို တည်ထောင်သူ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

“ဆေးက test လုပ်မယ်၊ ကိုဗစ်ကိုလုပ်မှာပါ။ ဝန်ထမ်းနဲ့ သူ့မိသားစုတွေနဲ့ ရုံးတွေရောပေါ့။ ကျမတို့ဆေးခန်းထဲမှာ ရောဂါလက္ခဏာ လာပြတဲ့သူတွေလည်း ပါတယ်။ ဒီအနားက ဆေးခန်းဝန်ထမ်းတွေ လူနာတွေနဲ့အတူ ရှိနေတဲ့ ဆေးခန်းဝန်ထမ်းတွေလည်း ပါမယ်။ သူတို့နဲ့တွဲနေတဲ့ မိသားစုဝင်တွေ၊ အဲဒီမှာ ရုံးတွေလည်းပါမယ်။ ကျမတို့ အနီးအနား အဝန်းအဝိုင်းအနီးမှာ ဆေးစစ်တာဆိုတော့ တရွာလုံး လုပ်တာဆိုတော့ အဲဒီအချိန်မှာ လူဝင်လူထွက်ရှင်းအောင်လို့ ဆေးခန်းကို ခနပိတ်ထားတာပါ။”

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲမှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာတဲ့အထဲမှာ မဲဆောက်မှာရှိတဲ့ မြန်မာအလုပ်သမားတွေ ထောင်ဂဏန်းနဲ့ ကူးစက်တာတွေ ဖြစ်လာပါတယ်။ ဒီလိုကာလမှာ ကိုဗစ်ဖြစ်နေတဲ့ လူနာတွေကိုလည်း အရေးပေါ်ကုသမှုတွေ လုပ်ပေးရာမှာ မယ်တော်ဆေးခန်းအနေနဲ့ လူနာတချို့ကို သီးခြားအဆောင်နဲ့ ခွဲထားပြီး တာဝန်ယူပေးရတာ ရှိတယ်လို့လည်း ဒေါက်တာစင်သီယာမောင်က ပြောပြပါတယ်။

“ဒီမှာတော့ ခုတင် ၆၀ စာတော့ နေရာပေးထားတယ်။ တသုတ်ပြီးတသုတ် ပြန်ပြီ။ ပထမအသုတ်က ပြန်တော့မှာပေါ့။ ဒုတိယအသုတ်ကို သူတို့ ပြန်စထည့်နေပြီ။ သူူ့လူနာကတော့ သူ့အဆောင်နဲ့သူ နေတယ်လေ။”

မယ်တော်ဆေးခန်း ယာယီပိတ်ထားတဲ့ ကာလအတွင်းမှာ အရေးပေါ် အကြောင်းအရာ တစုံတရာ ရှိလာပါက မဲဆောက်ဆေးရုံကြီးကို သွားရောက်ပြသဖို့ကိုလည်း မယ်တော်ဆေးခန်းက အသိပေး ကြေညာထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်ထဲမှာတော့ တပတ်အတွင်း ကူးစက်သူ လူဦးရေ ၂,၀၀၀ ကျော် ရှိနေပါတယ်။

ထိုင်းတနိုင်ငံလုံးမှာတော့ ကိုဗစ်အတည်ပြုလူနာ ၃၉၀,၀၀၀ ကျော်ရှိပြီး ဇူလိုင်လ ၁၇ ရက်နေ့ကတော့ စံချိန်တင်ကူးစက်သူ ၁၀,၀၀၀ ကျော်ထိရှိလာပြီး သေဆုံးသူကတော့ ၁၄၀ ကျော် ရှိလာပါတယ်။ သေဆုံးသူစုစုပေါင်းကတော့ ၃,၂၄၀ ဦးထိ ရှိတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)










XS
SM
MD
LG