ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံကြား လူကုန်ကူးတဲ့ လုပ်ငန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများအပြား ပါဝင်နေတာကို မလေးရှား ရဲတပ်ဖွဲ့က ဖေါ်ထုတ်နိုင်ခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့ ဒုအကြီးအကဲက ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကုမ္ပဏီက သူတို့နိုင်ငံသားတွေကို လူစုပေးပြီး၊ မလေးရှားကုမ္ပဏီ ဘက်ကတော့ မလေးရှားနိုင်ငံထဲ ဝင်ရလွယ်ကူအောင် စီမံဆောင်ရွက်ပေးနေကြောင်း အဆိုပါ ရဲတပ်ဖွဲ့အကြီးအကဲက ပြောတာပါ။ မလေးရဲတွေ အနေနဲ့ ဒါကို တနှစ်လောက် စောင့်ကြည့်ခဲ့ကြောင်း ဒုရဲချုပ် Rashid Ibrahim က သတင်းထောက်တွေကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို လူကုန်ကူးမှုမှာ ပါဝင် ပတ်သက်နေတယ်လို့ သံသယရှိတဲ့ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် KLIA က လဝက၀န်ထမ်း (၆၀၀)ကိုလည်း အခြားနေရာတွေကို ပြောင်းရွှေ့နေရာချထားလိုက်ပါတယ်။ နှစ်ဘက် ကုမ္ပဏီတွေဟာ မလေးရှား-လဝက အရာရှိ တွေရဲ့အကူအညီနဲ့ နောက်ထပ် ဘင်္ဂလီတွေကို မလေးရှားနိုင်ငံထဲ သွင်းဖို့ ကြိုးပမ်းနေတယ်လို့လည်း မလေး ဒု-ဝန်ကြီးချုပ် Zahid Hamidi က ပြောပါတယ်။
ဒီ လူကုန်ကူးမှုကို စုံစမ်းဖေါ်ထုတ်နိုင်ဖို့အတွက် KL လေဆိပ်က လဝက အရာရှိ(၂)ဦး အပါအဝင် စုစုပေါင်း (၅)ဦးကို ဒီဇင်ဘာ ၁၅-ရက်နေ့က ဖမ်းဆီးထားကြောင်း ဒု-ဝန်ကြီးချုပ်က ပြောပါတယ်။
KL နိုင်ငံတကာလေဆိပ် ကတဆင့် မလေးရှားနိုင်ငံထဲကို ဘင်္ဂလီအလုပ်သမားတွေ လူကုန်ကူးမှုလုပ်နေတဲ့ ကုမ္ပဏီပေါင်း ၄-ခုရှိတယ်လို့ ဆိုပါတယ်။ ဒီ ကုမ္ပဏီတွေဟာ နှစ်စဉ် မလေးရှား-ရင်းဂစ်ငွေ (၅)သန်းကျော် အမြတ်ရနေကြပြီး၊ မလေးရှားထဲ ဝင်နိုင်အောင် ဝန်ဆောင်ခ အဖြစ်၊ တယောက်ကို ရင်းဂစ်( ၁သောင်းခွဲ)ကနေ (၂သောင်း)ထိ ပေးကြရပါတယ်။