သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာသင်္ဘောသား ၁၄ ဦး မလေးရှားဖမ်းဆီး


(ဓာတ်ပုံ-မလေးရှားကမ်းခြေစောင်တပ်ဖွဲ့/ဇန်နဝါရီ)
(ဓာတ်ပုံ-မလေးရှားကမ်းခြေစောင်တပ်ဖွဲ့/ဇန်နဝါရီ)

မလေးရှားနိုင်ငံ ဆလမ်းကောပြည်နယ် မလေးရှားရေပိုင်နက်ထဲက မလေးရှားသင်္ဘောပေါ်မှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာသင်္ဘောသား ၁၄ ဦးကို ရေကြောင်း အာဏာပိုင်တွေကဖမ်းဆီးလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ ဆလမ်းကောပြည်နယ်ထဲက မလေးရှားသင်္ဘောပေါ်မှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာသင်္ဘောသား ၅ ဦးကိုဖမ်းဆီးလိုက်ကြောင်း မလေးရှားနိုင်ငံ ကွာလာလာမ်ပူမှာနေတဲ့ ဦးစိုးထက်သိန်းက အခုလိုပြောပါတယ်။

"ဖမ်းဆီးမှုဖြစ်စဉ်ကတော့ ပေါ့လန် Sungai Besar- မလေးရှားရေပိုင်နက် ၁၁ မိုင်အကွာမှာ တရားမဝင် ငါးဖမ်းလှေတွေကိုဖမ်းရင်းနဲ့ မြန်မာရေလုပ်သား ၅ ဦးကိုပါ ဖမ်းမိခဲ့ပါတယ်။ မြန်မာရေလုပ်သား ၅ ဦးကို တရားမဝင်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်မှု၊ မလေးရှားနိုင်ငံထဲမှာ တရားမဝင် နေထိုင်မှု၊ တရားဝင်အထောက်အထားမရှိမှုတွေနဲ့ဖမ်းလိုက်တာဖြစ်ပြီး အဖမ်းခံရသူတွေက ၁၆ နှစ်ကနေ ၄၆ နှစ်ကြား ဖြစ်ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးတာကတော့ ဆလမ်ကော ရေကြောင်းညွှန်ကြားရေးမှူးရုံးကထုတ်ပြန်ထားပါတယ်။"

အခုဆိုရင် မလေးရှားပင်လယ်ပြင်မှာလည်း အဖမ်းအဆီးတွေများနေသလို မလေးရှား တနိုင်ငံလုံးမှာ တရားမဝင်နိုင်ငံခြားသားတွေကို အဖမ်းအဆီးတွေလုပ်နေတယ်လို့လည်း ပြောပါတယ်။

"ပင်လယ်ပြင်မှာ ထိုင်းငါးဖမ်းသင်္ဘောတွေလည်း ရှိတယ်။ အင်ဒိုငါးဖမ်းသင်္ဘောတွေလည်းရှိတယ်။ မလေးငါးဖမ်းသင်္ဘောတွေလည်း ရှိတယ်။ သူတို့ဖမ်းဆီးအရေးယူလိုက်တာကတော့ မလေးငါးဖမ်းသင်္ဘောတွေမှာ အလုပ်လုပ်တဲ့ တရားမဝင် သင်္ဘောသားတွေကို ဖမ်းလိုက်တာပါ။ အဓိကတော့ များသောအားဖြင့် လူနေအိမ်ယာတွေ၊ ကွန်ဒိုတွေ၊ apartment တွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးတာပါ။ အဲဒါကတော့ နိုင်ငံခြားသား အများအပြားအလုပ်လုပ်ကိုင်နေတဲ့နေရာတွေကို ဌာနေ မလေးရှားနိုင်ငံသားတွေက complain လုပ်တဲ့နေရာတွေကိုတော့ များသောအားဖြင့် ဖမ်းဆီးမှုတွေလုပ်နေတာဖြစ်ပါတယ်။"

ပီရတ် ရေကြောင်းညွှန်ကြားရေးမှူး မိုဟာမတ်ဟမ်ဘလီ ဦးဆောင်တဲ့အဖွဲ့ဟာ ဇန်နဝါရီ ၇ ရက်နေ့မှာပဲ ပီရတ်ရေပြင်မှာ မသင်္ကာဖွယ်ရာ ငါးဖမ်းနေတဲ့ လှေနှစ်စီးကို စစ်ဆေးခဲ့ရာ လှေပေါ်မှာ အသက် ၂၇ နှစ်ကနေ ၄၇ နှစ်ကြားမှာရှိတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို‌ ဖမ်းဆီးခဲ့ပါတယ်။ ကူလာ ကူရာကီရေပြင်မှာလည်း မြန်မာနိုင်ငံသား ၆ ဦးကိုဖမ်းမိခဲ့တာကြောင့် တနေ့တည်း တရားမဝင် မြန်မာသင်္ဘောသား ၁၄ ဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ သူတို့ကိုတော့ ငါးလုပ်ငန်းဥ‌ပဒေ ပုဒ်မ ၈ (ခ) နဲ့ အရေးယူသွားမယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG