သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား Rompin ခရိုင်မှာ မြန်မာသုံးဦး အစာအဆိပ်သင့်သေဆုံး


၂၀၁၈ ခုနှစ်က မလေးရှားနိုင်ငံမှာ အရက်အတုကြောင့် အဆိပ်သင့်သေဆုံးသူများရဲ့ နာရေး။ (ဓာတ်ပုံ-မြန်မာလူမှုကူညီရေးအသင်း)
၂၀၁၈ ခုနှစ်က မလေးရှားနိုင်ငံမှာ အရက်အတုကြောင့် အဆိပ်သင့်သေဆုံးသူများရဲ့ နာရေး။ (ဓာတ်ပုံ-မြန်မာလူမှုကူညီရေးအသင်း)

မလေးရှားနိုင်ငံ ပါဟန်ပြည်နယ် Rompin ခရိုင်အလုပ်ဆိုဒ်တခုထဲမှာ မြန်မာနိုင်ငံသား ၃ ဦး အောက်တိုဘာလသေဆုံးခဲ့တာနဲ့ ဒီသေဆုံးမှုဟာ မသေဆုံးခင် တိုက်ခိုက်ခံရတဲ့အခြေအနေမျိုးမဟုတ်ဘဲ လတ်တလော အစာအဆိပ်သင့်မှုတခုခုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ မလေးရှားရဲအရာရှိက အောက်တိုဘာလ၂၀ ရက်နေ့က မှတ်ချက်ချပြောဆိုခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံက ပါဟန် ရဲ အရာရှိ Datuk Seri Yahaya Othman ဒါတွဒ်စီရီက အောက်တိုဘာလ ၁၇ ရက်နေ့က သေဆုံးရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ သတင်းကို သတင်းပေးတိုင်ကြားလာခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ကြောင်းသတင်းထောက်တွေကို အောက်တိုဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ပြောဆိုခဲ့တာပါ။ ရုတ်တရက်သေဆုံးသူ မြန်မာအမျိုးသားတွေဟာ အသက် ၂၁ နဲ့ ၃၃ ကြားရှိပြီး သေဆုံးသူတွေဟာ မသေဆုံးခင် တိုက်ခိုက်ခံရတာ၊ ခိုက်ရန်ဖြစ်ပွားတာမျိးတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။ Rompin ဆေးရုံကိုပို့ပြီးခွဲစိတ်စစ်ဆေးခဲ့ရာမှာ အစာအဆိပ်သင့်မှုတခုခုကြောင့်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က လတ်တလောမှတ်ချက်ချကြောင်း မလေးရှားနိုင်ငံက အလုပ်သမားတွေကို အကူညီပေးနေတဲ့

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစိုးထက်သိန်းကပြောပါတယ်။

“ဆောက်လုပ်ရေး အလုပ်ဆိုဒ်နေရာမှာ မြန်မာသုံးယောက် သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ပါဟန်ရဲက ထိခိုက်ဒဏ်ရာကြောင့်လား၊ ပြင်ပထိခိုက်ဒဏ်ရာတွေကြောင့်လားဆိုတာ ရဲတွေက စစ်ဆေးပါတယ်။ စစ်ဆေးမှုရလဒ်က ဓါတ်မတည့်တာ၊ အစာဆိပ်သင့်တာတခုခုဖြစ်နိုင်တယ်လို့ မှတ်ချက်ချတယ် ရဲတပ်ဖွဲ့ကပြောတာကတော့ မြန်မာနိုင်ငံသားတွေဟာ သောက်သုံးတဲ့အရက်တို့ဘာတို့ထဲမှာ သေစေနိုင်တဲ့ ဓါတ်မတည့်တခုခုကြောင့် သေဆုံးရတာဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။ ဒါကိုလည်း ဆက်ပြီး ဖော်ထုတ်သွားမယ်လို့ပြောပါတယ်။”

မလေးရှားနိုင်ငံထဲမှာလည်း မြန်မာအတော်များများကစျေးပေါပေါနဲ့အရက်တွေကိုသောက်သုံးကြတာတွေရှိကြောင့် ဒီအရက်တွေဟာ နာမည်ကြီးတံဆိပ်တွေကိုတုပပြီး ထုတ်လုပ်တာဖြစ်လို့ အရင်တုန်းကလည်း အဆိပ်သင့်မှုတွေဖြစ်ခဲ့ကြောင်းကိုလည်း ဆက်ပြောပြပါတယ်။”

“မလေးရှားထဲမှာရှိတဲ့ လူလတ်တန်းစားလုပ်ငန်းရှင်တချို့ကတော့ ဝိသမလောဘနဲ့ စီးပွါးရေးတွေလုပ်ကြတာရှိတယ်။ ထွက်သမျှအရက် Brand အမျိုးအစား တံဆိပ်အမျိုးမျိုးကို အတုလုပ်ပြီးထုတ်နေတာတွေတော့ရှိတယ်။ စျေးပေါပေါနဲ့ရောင်းနေတာတွေတော့ရှိတယ်။ အဲဒီမှာ FDA စစ်ဆေးမူတွေလုပ်တာ မရှိဘူး။ ဘာအာမခံချက်နဲ့မှလည်း ရောင်းတာမရှိဘူး။”

မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ်စက်တင်ဘာလတုန်းက အရက်အတုတွေသောက်မိလို့ မြန်မာ ၁၆ ဦးအပါအဝင် နိုင်ငံခြားသား၂၁ ဦး အဆိပ်သင့်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်တုန်းကလည်း အရက်အတုသောက်မိလို့ အဆိပ်သင့် သေဆုံးသူ ၂၅ ဦးရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့ အရက်တုတွေကိုဖမ်းဆီးခဲ့ပြီး အဲဒီအရက်တွေထဲမှာ မက်သနောပါဝင်တာတွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း မလေးရှားအာဏာပိုင်တွေကပြောဆိုခဲ့ပါတယ်။

အခု အဆိပ်သင့်သေဆုံးမှုတွေကိုတော့ ဓါတုပညာရှင်တွေက အသေးစိတ်စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG