သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ခေါင်းဆောင်ဟောင်း မာရင်ကျောင်း တရုတ်နိုင်ငံသွားမည်


ထိုင်ဝမ်သမ္မတဟောင်း မာယင်းကျို
ထိုင်ဝမ်သမ္မတဟောင်း မာယင်းကျို

{{Zawgyi/Unicode}}


ထိုင်ဝမ်သမ္မတဟောင်း မာရင်ကျောင်း (Ma Ying-jeou) ဟာ လာမယ့် သီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကိုသွားရောက်ပြီး ထိုင်ဝမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းနဲ့ ပြည်မကြီးကြား တင်းမာမှုတွေကိုဖြေလျှော့ဖို့ ကြိုးပမ်းမယ်လို့ သူ့ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထိုင်ဝမ်အတိုက်အခံ ကူမင်တန်အမျိုးသားရေးပါတီအဖွဲ့ဝင်တဦးဖြစ်တဲ့ မာရင်ကျောင်းဟာ ပညာရှင်တွေနဲ့ ကျောင်းသွားတွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး သူ့ဝန်ထမ်းအဖွဲ့နဲ့အတူ မတ်လ ၂၇ ရက်ကနေ ဧပြီလ ၇ ရက်အထိ တရုတ်ပြည်မကြီးကို ခရီးထွက်မယ်လို့ တနင်္ဂနွေနေ့က မာရဲ့ရုံးအဖွဲ့ကပြောပါတယ်။ ဒီခရီးစဉ်ကို တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံးကလည်း အတည်ပြုခဲ့ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ကို နေ့စဉ်ရက်ဆက် တိုက်လေယာဉ်တွေ စေလွှတ်ခြိမ်းခြောက်နေပြီး နှစ်နိုင်ငံကြား တရားဝင် အဆက်အသွယ် ပြတ်တောက်နေချိန်မှာ အခုလို ထိုင်ဝမ်ခေါင်းဆောင်ဟောင်းရဲ့ ခရီးစဉ် ဖြစ်လာတာပါ။

မာရင်းကျောင်းဟာ သမ္မတဘဝနဲ့ ၂၀၁၅ ခုနှစ်မှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ စင်္ကာပူမှာတွေ့ဆုံခဲ့ဖူးပြီး ဒါဟာ တရုတ်ပြည်တွင်းစစ်အပြီး ၁၉၄၉ နောက်ပိုင်း ထိုင်ဝမ်ခေါင်းဆောင်နဲ့ ပြည်မကြီးခေါင်းဆောင်တို့ ပထမဆုံး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အခု မာရင်ကျောင်းရဲ့ခရီးစဉ်ဟာလည်း ပထမဆုံးအကြိမ် ထိုင်ဝမ်နိုင်ငံရေး ခေါင်းဆောင်တဦးရဲ့ ပြည်မကြီးခရီးစဉ်အဖြစ် သမိုင်းဝင်မှာဖြစ်ပေမယ့် ဒီခရီးစဉ်မှာ ဘေဂျင်းမြို့တော်ကို သွားမှာမဟုတ်သလို အစိုးရခေါင်းဆောင်တွေနဲ့လည်း တွေ့မှာမဟုတ်ပါဘူး။

သူဟာ နန်ကျင်း၊ ဝူဟန်နဲ့ ချန်ရှား အစရှိတဲ့ မြို့ တွေကို သွားရောက်မှာဖြစ်ပြီး တရုတ်က ကျောင်းသားတွေနဲ့ တွေ့ဆုံစကားပြောနိုင်ဖို့ ထိုင်ဝမ်တက္ကသိုလ်က ကျောင်းသားတွေကိုလည်း ခေါ်ဆောင်သွားမယ်လို့ မာရင်ကျောင်း ဖောင်ဒေးရှင်း က ပြောပါတယ်။ “လက်နက်တွေ ဘယ်လောက်ပဲ အင်အား ဖြည့်တင်းပေမယ့် ပြဿနာတွေကို ပြေလည်စေမှာမဟုတ်ဘဲ နှစ်နိုင်ငံကြားကလူငယ်တွေ တွေ့ဆုံ ဖလှယ်မှသာ တင်းမာမှုတွေလျော့နည်းစေမယ်လို့ ” ဆိုပါတယ်။

လက်ရှိသမ္မတချိုင်အင်ဝမ် (Tsai Ing-wen) ရဲ့ရုံးက ထုတ်ပြန်ချက်မှာတော့ မာ ဟာ သူ့ရဲ့ခရီးစဉ်ကို တနင်္လာနေ့က အကြောင်းကြားလာတယ်လို့ ဆိုထားပြီး “အရင် နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦးအနေနဲ့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှုတန်ဖိုးကို ပြသနိုင်ဖို့နဲ့ ရေလက်ကြားနှစ်ဘက်က နှစ်နိုင်ငံကြား ကူးလူးဖလှယ်မှုဆက်ဆံရာမှာ တန်းတူညီမျှမှုနဲ့ ဂုဏ်သိက္ခာကို အခြေတည်ဖို့ လိုကြောင်း ပြသနိုင်ဖို့ မျှော်လင့်တယ်” လို့ ထုတ်ပြန်ထားပါတယ်။

မာရင်ကျောင်းဟာ ၂၀၀၈ ကနေ ၂၀၁၆ အထိ ထိုင်ဝမ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့လက်ထက်တုန်းက တရုတ်ပြည်မကြီးက ဘေဂျင်းအစိုးရနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ထူထောင်နိုင်ခဲ့သူပါ။ အဲ့တုန်းက ပြည်မကြီးနဲ့ ကုန်သွယ် ရေးစာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်နေတုန်းမှာ ထိုင်ဝမ်ပြည်သူတွေက ပြင်းပြင်းထန်ထန် ဆန္ဒပြကန့်ကွက်မှုတွေကြားမှာ ဥပဒေပြုလွှတ်တော်က ကုန်သွယ်ရေးသဘောတူညီချက်ကို ပယ်ချပြီးနောက် သူ ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။

၂၀၁၆ မှာတော့ သီးခြား လွတ်လပ်တဲ့နိုင်ငံအဖြစ် ထူထောင်ဖို့အားသန်တဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီဟာ ထိုင်ဝမ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်းမှာတော့ “ထိုင်ဝမ်နဲ့တရုတ်နိုင်ငံဟာ တနိုင်ငံတည်းဆိုတဲ့အယူအဆကို လက်ရှိသမ္မတချိုင်အင်းဝမ် က ငြင်းဆန်နေတယ်ဆိုပြီး တရုတ်ပြည်မကြီး အစိုးရက ထိုင်ဝမ်နဲ့ အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။

ထိုင်ဝမ်ကို သူ့ရဲ့ပိုင်နက်တစိတ်တပိုင်းအဖြစ် တရုတ်ပြည်မကြီးအစိုးရက အခိုင်အမာ ဆိုလေ့ရှိပေမယ့် ထိုင်ဝမ်ရဲ့ လက်ရှိအာဏာရအစိုးရကတော့ သူတို့ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းမဟုတ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတခုဖြစ်နေပြီလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============











XS
SM
MD
LG