သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးခွဲအဆိပ်ခတ်ဖို့ NUG ဝန်ကြီးပြောဆိုချက် စစ်ကောင်စီထုတ်လွှင့်


လူထုကြားပျံ့နေ သော Online Video ထဲမှ ဒေါက်တာဇော်ဝေစိုး (ဓာတ်ပုံ- Countesy)
လူထုကြားပျံ့နေ သော Online Video ထဲမှ ဒေါက်တာဇော်ဝေစိုး (ဓာတ်ပုံ- Countesy)

(Zawgyi/Unicode)
ဗုံးခွဲဖို့နဲ့ အဆိပ်ခပ်ဖို့ဆိုပြီး NUG ဝန်ကြီးတဦးဖြစ်သူ ဒေါက်တာဇော်ဝေစိုး ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင်တခုကို မြန်မာရုပ်သံသတင်းတွေမှာ ဒီကနေ့ ဖော်ပြပါတယ်။ မြို့ပေါ် အကြမ်းဖက်မှုတွေမှာ ပတ်သက်မှုမရှိဘူးလို့ NUG ကာကွယ်ရေးတာဝန်ခံတွေက ပြီးခဲ့တဲ့တပတ်အတွင်းက ထုတ်ဖော်ပြောခဲ့ပေမယ့်၊ NUG ခေါင်းဆောင် ဝန်ကြီးတဦးဖြစ်တဲ့ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်ဟောင်း ဒေါက်တာဇော်ဝေစိုးက ဒီ ဗုံးခွဲမှုတွေနဲ့ အဆိပ်ခပ်မှုတွေမှာ ပါဝင်စီမံကြောင်း သတိပေးပြောဆိုတဲ့ video တခု လူမှုကွန်ယက်တွေမှာ ပြန်နှံနေသလို၊ ဒါကို စစ်ကောင်စီရဲ့ဒီကနေ့ည ရုပ်မြင်သံကြားကြေညာချက်မှာလည်း ထုတ်ပြန်တာပါ။

“အိတ်သေးသေးလေးထဲဘာတွေပါလဲဆိုတာ တခါတလေ ကျတော့ ဖွင့်ကြည့်လိုက်တာနဲ့ကိစ္စကုန်သွားမယ်ဟာတွေ ထည့်ထားတယ်၊ စားစရာတွေရလို့ သွားမစားနဲ့ အဆိပ်ပါတဲ့အစားအစာတွေ ကျနော်တို့ စီစဉ်ထားတယ်လို့ ” ဒီ ရုပ်သံဖိုင်မှာ ပြောဆိုထားပါတယ်။ သူ့အနေနဲ့ ဆရာဝန်တဦးဖြစ်လို လူမသတ်ချင်ပေမယ့်လည်း တွန်းပို့သူတွေရှိလို့လုပ်နေရတာပါလို့ ဒေါက်တာဇော်ဝေစိုးက ပြောထားပါတယ်။ ဒီဗွီဒီယိုအစစ်အမှန်ဟုတ်မဟုတ်ဆိုတာကို VOA က သီးခြားအတည်ပြုနိုင်ခြင်းမရှိတဲ့အတွက် ကာယကံရှင် ဒေါက်တာဇော်ဝေစိုးကို ဆက်သွယ်ပေမယ့်၊ အခုအချိန်အထိ အဆက်အသွယ်မရသေးပါဘူး။ NUG ပြောခွင့်ရသူ ဒေါက်တာဆာဆာကတော့ အခု MRTV က ထုတ်လွှင့်ချက်ဟာ မမှန်ကန်ဘူးဆိုပြီး VOA ကို ငြင်းဆိုပါတယ်။

ဒေါက်တာဆာဆာ။ ။ နံပါတ်တစ်အနေနဲ့ ဘာပဲပြောပြော၊ ဘာပဲ ဒေါက်တာဇော်ဝေစိုးကလုပ်လုပ်၊ အကြမ်းဖက်မှု တခုမှမလုပ်ဘူး။ ဒါက နံပါက် (၁) ။ ရှင်းရှင်းလင်းလင်းပဲ။ နံပါတ် (၂) ဘယ်အကြမ်းဖက်မှုမှ ဒေါက်တာဇော်ဝေစိုးက ဆွေးနွေးတာလည်းမရှိဘူး။ ပြောတာလည်း မရှိဘူး။ ဖြစ်တာလည်း မရှိဘူး။ နံပါတ် (၃) MRTV ဆိုတာက အခုသူတို့က စစ်ကောင်စီတွေရဲ့ လုပ်ကြံမှုကို ထုတ်ဖော်ကြေညာနေတဲ့ fake news ဖြစ်တယ်ဆိုတော့ သူတို့ပြောသမျှကို ပြည်သူလူထုအနေနဲ့ယုံကြည်စရာ တခုမှမရှိပါဘူး။


စစ်အုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဖောက်ခွဲမှုနဲ့လုပ်ကြံမှုတွေကို NUG က ဖွဲ့တဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ကိုယ်တိုင်က သူတို့လုပ်ဆောင်မယ်ဆိုတာ ကြေညာထားပြီးသားဖြစ်တယ်လို့ဆိုပါတယ်။ အုပ်ချုပ်ရေးမှုးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေဟာ ရပ်ရွာနေလူထုကိုပဲ ထိခိုက်စေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်း။ ။ ဒီနေ့ ကြေညာချက်အရဆိုရင် ဇော်ဝေစိုးတို့အဆိပ်ခပ်ပြီး သတ်ဖို့၊ ဗုံးတွေ ဖောက်ခွဲဖို့။ ပါဆယ်ဗုံးတွေ ဖောက်ခွဲဖို့၊ ဆိုတဲ့ဟာမျိူးတွေ တရားဝင်ပြောလာတာတွေရှိတယ်။ ဒါတွေလည်း ကျနော်တို့သတင်းထုတ်ပြန်ပေးလျက်ရှိတယ်။ ဒီနောက်ပိုင်းမှာ ပစ်ခတ်မှုတွေ များပြားလာတာတွေ့တယ်။ တိုက်ခိုက်မှုတွေများပြားလာပြီး နောက်ဆုံးမှာ၊ အခုအခြေအနေမှာ ကျောင်းတွေအထိ တိုက်ခိုက်လာတာမျိူးတွေရှိတယ်။ ဒါနဲ့ပက်သက်ပြီးတော့ဗျာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရဆိုရင်တော့ ပြည်သူလူထုကိုယ်တိုင်က ဝိုင်းဝန်းဆန့်ကျင်ပြီး ဆောင်ရွက်နေတဲ့ အနေအထားမျိူးတွေ၊ အကြမ်းဖက်မှုတွေကို မလိုလားပဲနဲ့ ဝိုင်းဝန်းဆန့်ကျင်နေတဲ့ အနေအထားမျိူးတွေဖြစ်ပေါ်လာတာလို့တွေ့ရပါတယ်။ ကျနော်တို့အနေနဲ့ပြောချင်တာကတော့၊ အဓိကထားပြောချင်တာကတော့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးတွေ၊ သူ့ရဲ့ ရပ်ကွက်ကျေးရွာရဲ့၊ အစိုးရရဲ့ လုပ်ငန်းတွေ လုပ်တယ်ဆိုတာထက်၊ ရပ်ကွက်ကျေးရွာမှာရှိတဲ့ သာရေး၊နာရေးလုပ်ငန်းတွေ၊ ရပ်ကွက်အတွင်းမှာရှိတဲ့ လူမှုရေး၊ အုပ်ချုပ်ရေးကိစ္စတွေ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်တယ်။ ဒီလိုပစ်မှတ်ထားတိုက်ခိုက်လာတာဟာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးထဲမှာနေတဲ့ ပြည်သူလူထုကို တိုက်ခိုက်၊ ထိခိုက်တာမျိူးဖြစ်တယ်။ အဓိက အဆိုးဆုံးက ကျောင်းတွေကို တိုက်ခိုက်တဲ့ဟာပဲ။ ကျောင်းတွေကို တိုက်ခိုက်တဲ့နေရာမှာ ဘယ်သူတွေ တိုက်ခိုက်နေတယ်ဆိုတာလည်း တွေ့ရမှာပဲဖြစ်တယ်။ ဒီနေ့မှာဆိုရင် ကျောင်းသားဝတ်စုံနဲ့အယောင်ဆောင်ထားပြီး အထဲကနေပြီး အမဲရောင်ဝတ်စုံခံထားပြီး ကျောင်းသားဝတ်စုံနဲ့ဝင်တယ်။ ဗုံးဖောက်ခွဲဖို့ကြံစည်တဲ့ဟာမျိုးအထိ ဖြစ်ပေါ်လာတာမျိူးတွေ့ရတယ်။ ဒီအကြမ်းဖက်လုပ်ရပ်တွေကိုတော့ ပြည်သူတရပ်လုံးက ဆန့်ကျင်သွားကြဖို့ပဲ ကျနော်ပြောချင်ပါတယ်။

မြန်မာနိုင်ငံတွင်း မြို့တွေ ရွာတွေမှာ ဗုံးပေါက်ကွဲမှုတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တာတွေ မကြုံစဖူးဖြစ်ပွားနေပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီရဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေက နယ်စပ်တိုင်းရင်းသားဒေသတွေမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရအမည်နဲ့ အစိုးရတရပ်ဖွဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးဆင်းနွဲနေချိန်လည်းဖြစ်ပါတယ်။

.............................................................

တိုက်ရိုက် လင့်ခ်


(Unicode)







XS
SM
MD
LG