သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇ Miss Universe မြန်မာ မဇွန်သံစင်ရဲ့ အတွေ့အကြုံ


Miss Universe မြန်မာ - မဇွန်သံစင် (Zun Than Sin)
Miss Universe မြန်မာ - မဇွန်သံစင် (Zun Than Sin)

၆၆ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ Nevada ပြည်နယ်၊ Las Vegas မြို့က Mandalay Bay ဟိုတယ်မှာ တနင်္ဂနွေနေ့ညက ကျင်းပခဲ့တာမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး မဇွန်သံစင်က ဝင်ရောက် ယဉ်ပြိုင်ခဲ့ပါတယ်။ ဒီနှစ်မှာ ဆုမရခဲ့ပေမယ့် မြန်မာကို ကမ္ဘာကသိအောင် အကောင်းဆုံး ကြိုးစား ဆောင်ရွက်ခဲ့တယ်လို့ မဇွန်သံစင်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာ National Costume အမျိုးသားဝတ်စုံ(missuniverse)
မြန်မာ National Costume အမျိုးသားဝတ်စုံ(missuniverse)

နိုင်ငံပေါင်း ၉၂ နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ၂၀၁၇ ခုနှစ် Miss Universe (မယ်စင်္ကြာဝဠာ) ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ၅ နှစ် ဆက်တိုက် ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

အခုနှစ်မှာ ဆုမရခဲ့ပေမယ့် နိုင်ငံဂုဏ်တက်အောင် အမှားအယွင်းမရှိ အကောင်းဆုံး ပါဝင်ဆင်နွဲနိုင်ခဲ့တယ်လို့ ယူဆကြောင်း မြန်မာနိုင်ငံကို ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Miss Universe မြန်မာ - မဇွန်သံစင်က ပြောပါတယ်။

(missuniverse)
(missuniverse)

“အဓိကတော့ နိုင်ငံအားလုံးနဲ့ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင်ရယ် ၊ နောက်ပြီး Miss Universe organization က တာဝန်ရှိသူတွေ ၊ Supervisor တွေ Crew တွေနဲ့အကုန်လုံးနဲ့လည်း ချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင်နဲ့ မြန်မာဆိုတဲ့ မြန်မာပြည်ကနေ ကိုယ်စားပြုလာပြိုင်တဲ့ အမျိုးသမီးတယောက်ရဲ့ တက်ကြွမှု ဖျတ်လတ်မှု ၊ သူတို့တွေကလည်း အရမ်းချစ်ကြတယ်၊ သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် နောက်တခုက အမြဲတမ်း ပြုံးရယ်ပြီးတော့ ချစ်ဖို့ကောင်းတယ် ကြိုးလည်းကြိုးစားတယ် အဲလိုမျိုးလေးတွေတော့ သူတို့ဆီမှာ ကျန်ခဲ့မယ်လို့ ညီမကတော့ ထင်ပါတယ်။”

ဒေါ်စိုးယုဝေဟာ Miss Universe မြန်မာရဲ့ နိုင်ငံလုံးဆိုင်ရာ ညွန်ကြားရေးမှူး ဖြစ်ပါတယ်။ သူက မြန်မာတွေအနေနဲ့ အနာဂတ်မှာ အောင်မြင်မှုတွေ ရနိုင်အောင် အဖွဲ့အစည်းအနေနဲ့ ပံ့ပေးမှုတွေကို တိုးမြင့် လုပ်ဆောင်ပေးနေကြောင်း ပြောပါတယ်။

“အခု တနှစ်နဲ့ တနှစ်ကတော့ organization အနေနဲ့ ပံ့ပိုးမှု လုပ်ပေးရမယ့်ဟာတွေကို တော်တော်လေးပိုပြီးတော့ ပြည့်ပြည့်စုံစုံ ပံ့ပိုးလာနိုင်တာပေါ့နော် ။ ဒါပေမယ့် အောင်မြင်မှု ရရှိဖို့အတွက်ကတော့ အားလုံး ဟန်ချက်ညီညီဖြစ်မှ အဆင်ပြေမှာပေါ့နော် ၊ နိုင်ငံတော်ဘက်ကရော ပရိတ်သတ်အင်အားရော ဒီအလှမယ်ဘက်ကရော အကုန်လုံး ပြည့်စုံနေမယ်ဆိုရင်တော့ တနှစ်မဟုတ်တနှစ်တော့ အောင်မြင်မှုရလာမှာပေါ့ ။ အဲဒီလို လိုအပ်ချက်တွေကိုလည်း အကုန်လုံးပြည့်စုံနိုင်အောင် ထပ်ထပ်ပြီးတော့ ဖြည့်ဆည်းသွားရမှာပေါ့။”

မြန်မာနိုင်ငံကိုယ်စားပြုပြီး အနာဂတ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေအတွက် လိုအပ်ချက်တွေကို အတော်လေး ကြိုတင် ပြင်ဆင် ထားသင့်တယ်လို့ ဒေါ်စိုးယုဝေက ပြောပါတယ်။

“ဘာသာစကားကတော့ ကောင်းကောင်းရေရေလည်လည် ပြောနိုင်ရင်တော့ ပိုပြီးတော့ အားသာချက်ရှိတာပေါ့နော်။ ဒါပေမယ့် ဒီဘာသာစကားမဟုတ်ပဲနဲ့ တခြားအချက်တွေမှာ ၊ သူတို့ကတော့ လိုအပ်ချက်တွေအများကြီးရှိတာပေါ့ အဲဒီထဲမှာ အပြည့်စုံဆုံးလူကို ရွေးတာပေါ့နော်။ ကျန်တဲ့အရည်အချင်းတွေမှာ အရမ်းတော်နေတယ်ဆိုရင်တော့ ဒီဘာသာစကား ကို လျှော့ပြီး စဉ်းစားပေးတာပေါ့။ ပြီးခဲ့တဲ့နှစ်တွေကဆိုရင် ကျမတို့အနေနဲ့ အရပ်အမောင်းတို့ ယှဉ်နိုင်ဖို့တော်တော်လေး လိုအပ်တာပေါ့နော် ။ အရှေ့တိုင်းကလူတွေအနေနဲ့ကတော့ သူတို့လိုမျိုး အရပ်အမောင်းတို့ကတော့ သိပ်ပြီးမမှီဘူးပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း Miss Universe ရွေးချယ်တဲ့ပုံကို ကြည့်ရတာကတော့ အရပ်အမောင်းတို့ အဓိက မဟုတ်ပဲနဲ့ နည်းနည်း ရွေးချယ်မှု ပုံစံပြောင်းလာတယ်လို့ ထင်တယ်။ အထူးသဖြင့်တော့ ဒီအလှမယ်တွေအနေနဲ့ ကိုယ်ပိုင်မယ့် ပြိုင်ပွဲအကြောင်းကို သေချာလေး ပိုပြီးတော့ လေ့လာ ပြင်ဆင်ဖို့လိုမယ်လို့ထင်တယ်။”

မနှစ် ၂၀၁၆ ခုနှစ်က ကျင်းပတဲ့ Miss Universe ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက National Costume လို့ခေါ်တဲ့ အမျိုးသားဝတ်စုံ ပြိုင်ပွဲမှာ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒါပေမယ့် အခုနှစ်မှာတော့ ကြိုတင် ပြင်ဆင်ခဲ့တာတွေနဲ့ ပွဲကျင်းပတဲ့ စင်မြင့် အနေအထား ကွာဟမှု ရှိခဲ့တဲ့အတွက် အမျိုးသားဝတ်စုံ ပြိုင်ပွဲမှာ မြန်မာနိုင်ငံဘက်က တင်ဆက်မှုမှာ အားနည်းချက်တချို့ ရှိခဲ့ပါတယ်။

“ကျမတို့က မနှစ်ကလိုမျိုးပဲ ထင်တာပေါ့နော်။ စင်ကလည်း ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား အဲလိုမျိုးဆိုရင်လည်း ကိုယ်ကလည်း ခမ်းခမ်းနားနားတွေလုပ်လာတာပေါ့နော်။ သေချာအနုစိတ်လုပ်လာတယ်။ ဒါပေမယ့် အခုကျတော့ စင်အနေအထားအရ အရှေ့ကိုထွက်လို့မရတော့ သူတို့က ကင်မရာတို့ကတော့ ချိန်ထားပြီးသားလေ၊ အဲဒီ နေရာတွေအထိ ကိုယ်က မရောက်လိုက်ရတော့ အပြည့်အဝလည်း မပြလိုက်နိုင်ဘူးပေါ့။ ပြီးတော့ အဲဒါကို ပရိတ်သတ်ကလည်း သေသေချာချာ မသိလိုက်ဘူးဖြစ်သွားတယ်။ ဆိုတော့ နောက်နှစ်တွေကတော့ နည်းနည်းပုံစံပြောင်းပြီး စဉ်းစားရမယ် ထင်တယ်။”

မြန်မာနိုင်ငံအနေနဲ့ နောက်တဆင့် တက်လှမ်းပြီး သရဖူ ရနိုင်တဲ့အနေအထားရောက်အောင် အတော်လေး ကြိုးစား လုပ်ဆောင်ဖို့ လိုနေသေးပေမယ့် လာမယ့် နှစ်တွေမှာ အကောင်းဆုံးဖြစ်အောင် ထပ်ဆင့် ကြိုးစား ဆောင်ရွက်သွားမယ်လို့ ဒေါ်စိုးယုဝေက ပြောပါတယ်။

အခုနှစ်အတွက် Miss Universe သရဖူကိုတော့ တောင်အာဖရိကနိုင်ငံသူ Demi-Leigh Nel-Peters က ဆွတ်ခူး ရရှိသွားတာပါ။ First Runner-up လို့ခေါ်တဲ့ ဒုတိယဆုကိုတော့ ကိုလံဘီယာနိုင်ငံက Laura Gonzalez ၊ Second Runner-up တတိယ ဆုကိုတော့ ဂျမကော နိုင်ငံသူ Davina Bennett တို့က အသီးသီး ရရှိသွားကြပါတယ်။ သရဖူ ရသွားတဲ့ Nel-Peters ဟာ တည်ငြိမ်ပြီး ကြိုးစားတဲ့ တယောက် ဖြစ်တာကြောင့် အစောပိုင်းကတည်း ဆုရနိုင်လိမ့်မယ်လို့ သူမအနေနဲ့ ခန့်မှန်းထားသူတွေထဲမှာ ပါဝင်ကြောင်း မဇွန်သံစင်က ပြောပါတယ်။

“အဓိကတော့ သူကကြိုးစားတယ် ပြီးတော့ လူကောင်လည်းသေးတယ်လေ၊ လူသေးပေမယ့် သူ့ရဲ့ကြိုးစားမှု ၊ သူ့နိုင်ငံ ထောက်ပံ့မှုတွေ ပြီးတော့ သူ့မှာ Miss Universe ဖြစ်ဖို့အတွက် အရည်အချင်းတွေ သူ့မှာရှိတယ်။ နောက်တခုက အနေတည်ငြိမ်တယ်၊ အေးဆေးတယ်ပေါ့နော် ။ နောက်ပြီးတော့ ညီမတို့ camp တွေမှာလည်း ၉၁ နိုင်ငံကြားထဲမှာ သူက အရမ်းကြီး ထင်ထင်ပေါ်ပေါ်ကြီးနဲ့ပေါ့နော် လုပ်ယူတာမျိုးဘာမှ မရှိဘူး။ သူငြိမ်ငြိမ်လေးနဲ့နေပြီးတော့ လုပ်စရာရှိတာတွေ လုပ်တယ်။ ညီမတို့ နားနေတဲ့အချိန်မှာလည်း သူဟာသူထိုင်ပြီးတော့ ဖုန်းလေးသုံးပြီးတော့ အေးအေးလေးပဲနေတယ်။ တော်တော်လေးအေးဆေးတည်ငြိမ်တယ် သူ့ကိုကြည့်ရတာလေ အေးအေးလေးနဲ့ ပုံမှန်လေးကြိုးစားတာတွေ့ရတယ်။ အဲဒါကြောင့်ညီမကသူ့ကို သဘောလည်းကျတဲ့အတွက် သူ့မျက်နှာပေါက်၊ အပြောအဆို ၊ စကားပြောပုံပြောနည်းလေးတွေတော်တော်လေး အဆင်ပြေတဲ့အတွက်ကြောင့် ညီမက သူ့ကို ခန့်မှန်းမိတာ။ ညီမ ခန့်မှန်းတာက ၃-၄ ယောက်လောက်တော့ရှိတယ်ပေါ့ သူလည်းအပါအဝင်ပေါ့နော်။ အဲဒီမှာ သူရသွားတဲ့အတွက် ဝမ်းလည်းဝမ်းသာတယ် ။ ညီမ သူ့ကိုသဘောကျတဲ့အကြောင်းလဲပြောဖြစ်တယ်ပေါ့နော် အဲဒါကြောင့် ခန့်မှန်းမိတာပါ။”

ဒီနှစ်ပြိုင်ပွဲက ရလာတဲ့ အတွေ့အကြုံတွေကို အနာဂတ်မှာ ယှဉ်ပြိုင်ကြမယ့် မျိုးဆက်သစ်တွေကို ပြန်လည် မျှဝေပေးသွားမယ်လို့ မဇွန်သံစင်က ပြောပါတယ်။

“နောက်နှစ်ပြိုင်မယ့်သူတွေအတွက်ကိုတော့ ညီမဘက်က မျှော်လည်း မျှော်လင့်ပြီးတော့ ညီမတို့ရဲ့ အတွေ့အကြုံလေးတွေကိုလည်းပေါ့နော်၊ ညီမတို့လို မဖြစ်အောင်ပေါ့၊ အခက်အခဲ မရှိအောင်၊ ညီမတို့ ကြုံတွေ့ခဲ့ရသလို အခက်အခဲတွေ၊ နောက်တခုက ဒီ ပြိုင်မယ့်သူအတွက် ကိုပေါ့နော် Support တွေပေါ့နော်၊ ညီမတို့ ထောက်ပံ့ပေးမယ်ပေါ့။ ညီမတို့ မရခဲ့တဲ့ အရာတွေအကုန် သူတို့ရအောင်၊ နောက်နှစ် ပြိုင်မယ့်သူတွေ အတွက်ကိုပေါ့နော်၊ ဘယ်သူဘဲဖြစ်ဖြစ် မြန်မာကိုယ်စားပြု အနေနဲ့ ပြိုင်မယ့်သူတွေ အကုန်လုံးကို ညီမတို့ မရခဲ့တာတွေ၊ အခက်ခဲ ရှိခဲ့တာတွေ အကုန်လုံးကို သူတို့အတွက် ဘာမှ မဖြစ်အောင်ပေါ့နော်၊ အကောင်းဆုံးနဲ့ ပြည့်ပြည့်စုံစုံနဲ့ နေရာကောင်းအောင် ညီမတို့ကတော့ Support ပေးရမှာပေါ့။ အကြံဉာဏ်လေးတွေလည်း Sharing လုပ်ပေးသွားမှာပါ။”

ပြိုင်ပွဲမှာ ထိပ်တန်း ၁၃ နိုင်ငံစာရင်းထဲ ဝင်ခဲ့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ သီရိလင်္ကာ၊ ဂါနာ၊ စပိန်၊ Croatia ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ ကနေဒါ၊ ဖိလစ်ပိုင်၊ ဗင်နီဇွဲလားနဲ့ တရုတ်နိုင်ငံတို့ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG