မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ထဲကနေ တရုတ်နိုင်ငံသားတွေ ထွက်သွားကြဖို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က အမိန့်ထုတ်ခဲ့ပြီးနောက်ပိုင်း ကျေးရွာတွေဘက် ခြေရာဖျောက် ပြောင်းရွှေ့နေကြတဲ့ တရုတ်နိုင်ငံသားတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်အပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းချိန်ကစလို့ ဘုရားသုံးဆူမြို့နယ်ဘက်ကိုပြောင်းလာကြတဲ့ တရုတ်တွေ ပိုများလာနေတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ မြန်မာနိုင်ငံဘက်ခြမ်းမှာ အခြေစိုက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေလုပ်နေကြတာကို တရုတ်နဲ့ ထိုင်းနိုင်ငံတွေက ဖိအားပေးခဲ့ပြီးနောက် မြန်မာဘက်ကလည်း နှိမ်နင်းမှုတွေလုပ်ခဲ့ပါတယ်။ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်၊ KKPark, မယ်ထော်သလေး စတဲ့နေရာတွေက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ရှင်းလင်းနေပြီး အဲဒီမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသား အမြောက်အများကိုလည်း ကရင်နယ်ခြားစောင့်တပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) ကကယ်တင်ခဲ့ပါတယ်။ အဲဒီလို ရှင်းလင်းနေချိန်မှာ တရုတ်နိုင်ငံသား အများအပြား ဘုရားသုံးဆူမြို့နယ်ဘက်ကို ပိုပြီး ရောက်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံသားတွေ ဒေသထဲကနေ ထွက်သွားကြဖို့ DKBA ကလည်း အမိန့်ထုတ်ထားတဲ့အတွက် တရုတ်နိုင်ငံသားတွေဟာ လူမြင်ကွင်းမှာ မနေကြတော့ဘဲ ကျေးရွာတွေဘက် ပြောင်းနေကြတယ်လို့ လုံခြုံရေးအရ နာမည် မဖော်ပြလိုတဲ့ ဘုရားသုံးဆူမြို့ခံတဦးက ခုလို ပြောပါတယ်။
“အကုန်လုံးမထွက်ခွာဘူးလေ၊ ဒီမှာ တွေ့နေတာပဲ အကုန်လုံးက ဒီမှာပဲ သွားလာနေတာပဲ။ ဒါပေမယ့် နဂိုပုံမှန်ထက်တော့ နည်းနည်းလျှော့သွားတာပေါ့။ အရင်က (လူဦးရေ) တစ်သောင်းဝန်းကျင်လောက်တော့ ရှိမယ်လို့ ထင်တာပဲ။ ကျနော်တို့ရဲ့ ခန့်မှန်းချေပေါ့ ပြောရရင် (လူဦးရေ)ထောင်ချီတယ်ပေါ့။ ပြန်ပို့တာက လူဦးရေ ၈၆ ယောက်ပဲ သတင်းထွက်တယ်လေ။ သူ့နေရာနဲ့သူ သူ့အတိုင်းပဲ ရှိနေမှာပဲ။ ထွက်ဆိုတော့ အထွက်ပြတာပဲ လောလောဆယ်ကတော့၊ ကျန်တဲ့ပမာဏတွေကတော့ အေဝမ်း သဘာဝရေတံခွန်ရယ် နောက်ပြီးတော့ ကျောက်ဘီလူးရေကူးကန် သဘာဝရေကူးကန်ဘေးနားက အဆောက်အဦးတွေရယ်ပြောင်းသွားကြတယ်။ နောက်လူတွေကတော့ သူတို့နေရာမှာ သူတို့ ရှိနေကြတယ်၊ အဲ့ဒီ KTV ဘေးနား လေးထပ်တိုက်တို့ဘာတို့ အဲ့မှာဆိုရင် အပြင်လူတောင်ဝင်လို့ မရအထဲမှာ တရုတ်စာနဲ့ပဲ လေးထပ်တိုက်တစ်တိုက်လုံးပါပဲ။ တချို့အဆောက်အဦးတွေက ပိတ်ထားတာပဲ ရှိတယ်၊ တချို့အဆောက်အဦးတွေမှာ သူတို့ရှိနေတာပဲ ဒီလိုပဲ သွားလာနေကြတယ်။ အရင်ကဆို ရမ်းရမ်းကားကား သွားလာတာမရှိတော့တာ တခုပဲ။”
တရုတ်ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား ၈၆ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်ထဲမှာ DKBA အဖွဲ့က လွှဲပြောင်းပေးခဲ့တယ်လို့ ဘုရားသုံးဆူ မြို့ခံတွေက ပြောပါတယ်။ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွေထဲက တရားမဝင် စားသောက်ကုန်လုပ်ငန်းတွေ၊ ကာစီနို၊ လောင်းကစားလုပ်ငန်းတွေမှုာ လုပ်ကိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံသားတွေ လူမြင်ကွင်း သွားလာလှုပ်ရှားမှုက လောလောဆယ် သိသိသာသာ နည်းပါးသွားပေမယ့် ဘုရားသုံးဆူဒေသကနေ အကုန်လုံးထွက်ခွာသွားတာ မရှိဘူးလို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။
ဘုရားသုံးဆူမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ DKBA ရဲ့ အမှတ်(၂) နည်းဗျူဟာနယ်မြေ ဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းပိုင်တဲ့ သဘာဝရေတံခွန် အပန်းဖြေစခန်းနဲ့ ကျောက်ဘီလူးကျေးရွာတွေဘက်ကို ပြောင်းရွှေ့သွားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီပြောဆိုမှုနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည် မပြုနိုင်သေးပါဘူး။ တရုတ်လူမျိုး လူမြင်ကွင်းကနေ ခြေရာပျောက်သွားတာနဲ့ ပတ်သက်လို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ နောက်ထပ်မြို့ခံတဦးကတော့ ဘုရားသုံးဆူမြို့အပြင်ဘက် ရောက်ကုန်တာလို့ ပြောပါတယ်။
“နယ်တွေဘက်မှာ ပြောင်းရွှေ့သွားတယ်။ မြို့ပေါ်မှာ သိပ်မတွေ့ရဘူး၊ မြို့ပေါ်မှာတော့ ဆိုင်ခန်းဖွင့်ထားတဲ့ လူတွေလောက်ပဲ ရှိတော့တယ်။ စားသောက်ဆိုင်တို့ ဘာတို့ အဲ့လိုမျိုး ဆံပင်ညှပ်ဆိုင်ဘာညာဖွင့်ထားတဲ့ လူလောက်ပဲကျန်တယ်။ ဒီတရုတ်လူမျိုးတွေ အရင်တုန်းက မြို့မှာ ထောင်ဂဏန်းလောက်ရှိတယ်ပေါ့လေ၊ တခြားရွာမှာ အဲ့ဒီလူတွေပဲပေါ့ သူတို့ပြန်ပို့တာက အနည်းအကျဉ်းပေါ့။ အခုက (တရုတ်နိုင်ငံသား)သူတို့က ရွာတွေ ကရင်ရွာတွေဘက်မှာ လိုက်ပြီး သူတို့နေနေတာတော့ ရှိတယ်၊ ဘုရားသုံးဆူကနေ မြို့အပြင်ဘက်ပေါ့၊ ကျောက်ဘီလူးတို့ ရှိမယ် ၊ တခြား ဗိုလ်အေဝမ်းပိုင်တဲ့ အေဝမ်းရေတံခွန်ရှိမယ် နောက်တခြားကရင်ရွာတွေပေါ့။”
မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ် အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်နေသူတွေကို ၆ လအတွင်း ထွက်ခွာဖို့ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်(BGF) က ၂၀၂၄ နှစ် မေလမှာ သတိပေးစာ ထုတ်ပြန်ပြီးနောက်ပိုင်းထဲက ဘုရားသုံးဆူမြို့ဘက်ကို လူဦးရေ ထောင်ဂဏန်းလောက် ရောက်လာကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းနိုင်ဖို့ ထိုင်းနိုင်ငံက မြန်မာနယ်စပ်ဘက်ကို အင်တာနက်၊ လျှပ်စစ်မီးနဲ့ လောင်စာဆီရောင်းချမှုကို ခုချိန်ထိ ဖြတ်တောက်ထားပါတယ်။
Forum