သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့သောင်းအနီးတိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး


တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အနီးက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြသည့် မြန်မာ စစ်ဘေးရှောင်များ။ (ဓါတ်ပုံ၊ CJ)
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အနီးက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြသည့် မြန်မာ စစ်ဘေးရှောင်များ။ (ဓါတ်ပုံ၊ CJ)

ထိုင်း-မြန်မာနယ်စပ် ကော့သောင်ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် သြဂုတ်လ ၂၄ရက်နေ့က ခမောက်ကြီးမြိုနယ် နဲ့ ချောင်းဝကျေးရွာတွေဘက်က ဒေသခံ စစ်ဘေးရှောင် ၁၀၀ ကျော် ထိုင်းနယ်စပ်၊ ရနောင်းခရိုင်ထဲကို ထွက်ပြေးလာခဲ့ကြပါတယ်။ ထိုင်းဘက်ကလည်း စစ်ဘေးရှောင်သူတွေကို ယာယီ လက်ခံပေးထားရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မလိဝမ်း ကျေးရွာဘက်မှာ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် သြဂုတ်လ ၂၄ ရက်နေ့က ခမောက်ကြီးမြို့နယ်နဲ့ ချောင်းဝ ကျေးရွာတွေဘက်က ဒေသခံ စစ်ဘေးရှောင် ၁၀၀ ကျော် ထိုင်းနယ်စပ်၊ ရနောင်းခရိုင်ထဲကို ထွက်ပြေးလာခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပြပါတယ်။

“မလိဝမ်း ကျေးရွာဘက်ကနေ ရေကြောင်းကနေသွားရတဲ့ ခမောက်ကြီးမြို့နယ်နဲ့ ချောင်းဝ ကျေးရွာဘက်ကို စစ်ကောင်စီဘက်က နောက်ထပ် အင်အား ၃၀ လောက်နဲ့ ရေကြောင်းခရီးနဲ့ ရွာတွေဘက်ကို လိုက်စစ်ဆေးပါတယ်။ အဓိကတော့ ပီဒီအက်ဖ်တွေ ရှိမရှိ သွားစစ်ဆေးတာလို့ ယူဆရတယ်။ သွားစစ်ဆေးပြီး ရွာခံတွေကို ခြိမ်းခြောက်တယ်။ ရွာသားတွေကို ထွက်မပြေးဖို့နဲ့ ဖမ်းမယ်၊ အိမ်တွေလည်း မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။ အဲဒီတော့ ရွာသားတွေကကြောက်ပြီး ဒေသခံ ၁၀၀ ကျော်က စစ်လှေတွေနဲ့ ထိုင်းဘက်ကို ထွက်ပြေးကြတယ်။”

ဖြစ်စဉ်ကတော့ ကော့သောင်းမြို့ ၊ မလိဝမ်း ကျေးရွာဘက်ကို စစ်ကောင်စီအင်အား ၅၀ နီးပါးက စစ်ကြောင်းထိုးတဲ့အချိန် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။ ဒီနောက် မလိဝမ်း ကျေးရွာဘက်ကနေ ခမောက်ကြီးမြို့နယ်နဲ့ ချောင်းဝ ဘက်အထိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို လိုက်လံ ရှာဖွေတာတွေ လုပ်လာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုလို ထိုင်းဘက်ကို စစ်ဘေးရှောင်ရတာတွေက လွန်ခဲ့တဲ့လတွေတုန်းကလည်း ရှိခဲ့တယ်လို့ (ဒေသခံက) ဆက်ပြောပြပါတယ်။

“အရင်တုန်းကကျတော့ ဒီ ခမာက်ကြီးမြို့နယ်ထဲမှာဘဲ ရှမ်းကိုးဝ တို့ ဘာတို့မှာ လွန်ခဲတဲ့ ၄-၅ လလောက်တုန်းကလည်း တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာလည်း ဒီ မကြာခန နှစ်ခါ၊ သုံးခါလောက်ပေါ့နော်၊ ထိုင်းဘက်ကို ဒေသခံ စစ်ဘေးရှောင်တွေ ရာနဲ့ချီ ထွက်ပြေးတာ ရှိတယ်။ အစောပိုင်းမှာတော့ ကျနော်တို့၊ လပိုင်းတော့ အသေအချာတော့ မမှတ်မိတော့ဘူး၊ ပထမဆုံး ဖြစ်တဲ့အချိန်မှာတော့ မြန်မာဘက်က ထိုင်းဘက်ကို စစ်ရှောင်တွေ ၂၀၀ကျော်၊ ၃၀၀လောက် ထွက်ပြေးတာလည်းရှိတယ်။ မြန်မာဘက်မှာလည်း နယ်စပ်တလျှောက်မှာ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေတဲ့အခါကျတော့ အဲဒီမှာ စစ်ရှောင်တွေ တပတ်နီးပါးလောက်လားမသိဘူး နေခဲ့ရတာမျိုး ရှိတယ်ခင်ဗျ။”

သြဂုတ်လအတွင်းမှာပဲ ကော့သောင်းမြို့၊ မလိဝမ်းကျေးရွာက ဒေသခံ အမျိုသမီး၊ အမျိုးသား ၅ဦးလောက်ကို စစ်ကောင်စီက ဖမ်းဆီးတာတွေလည်း လုပ်ခဲ့ကြောင်း၊ ဒီအတွက် ဒေသခံတွေက တိုက်ပွဲဖြစ်တာနဲ့ စိုးရိမ်ပြီး ထိုင်းဘက်ကို ထွက်ပြေးကြတာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG