သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနဲ့အတိုင်ပင်ခံ ရွေးကောက်ပွဲစည်းရုံးခွင့်ရှိဟု ရွေး/ကော် ထုတ်ပြန်


 ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး
 ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး

နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နဲ့ အစိုးအဖွဲ့ဝန်ကြီးတွေဟာ လက်ရှိရာထူးကနှုတ်ထွက်စရာမလိုဘဲရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်၊ စည်းရုံးခွင့်ရှိ တယ်လို့ ကော်မရှင်ကပြောဆိုလိုက်ပါတယ်။ ဒီလို ပြောဆိုလိုက်တာက တည်ဆဲ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေအပေါ် အခြေခံ ပြောဆိုလိုက်တာဖြစ်ပေမယ့် ဒီဥပဒေဟာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက် သမ္မတက ပါတီလုပ်ငန်း လုပ်ဆောင်ခွင့်မရှိစေရ ဆိုတဲ့ ပြဌာန်းချက်နဲ့ ကိုက်ညီမှု မရှိဖြစ်နေတာကြောင့် ဒီအပေါ်ဝေဖန်ထောက်ပြမှုတွေရှိ နေပါတယ်။ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မေခက ပေးပို့ထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ ကောမရှင်ဘက်က အခု လိုပြောဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိတည်ဆဲ ပြဌာန်းထားတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇(ခ) အရနိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နဲ့ အစိုးအဖွဲ့ဝန်ကြီးတွေဟာ လက်ရှိရာထူးက နုတ်ထွက်စရာမလိုဘဲရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်၊ စည်းရုံးခွင့်ရှိတာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံ၊ ဝန်ကြီးတွေ၊ ဒုသမ္မတတွေ၊ တရားသူကြီးအဖွဲ့ဝင်တွေ၊ ခုံရုံးအဖွဲ့ဝင်တွေ၊ ရှေ့နေချုပ်ရုံးက စာရင်းစစ်ချုပ်ရုံးက မြို့တော်စည်ပင်က ကျနော်တို့ကော်မရှင်ကပဲ မပါတာ ကျန်တဲ့ ပြည်ထောင်စုအဆင့် အဖွဲ့ဝင်တွေမှာ သူတို့ဥပဒေ အရ နိုင်ငံသားတွေများရဲ့ အခွင့်အရေးမဆုံးရှုံးစေဖို့အရာ ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာတဲ့ နေ့ကနေစပြီးတော့ တပြိုင်နက်ထဲ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးတွေ လုပ်ကိုင်ခွင့် ရပါတယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇(ခ)ပေါ့။ ကျန်တဲ့ ဥပဒေတွေမှာလည်း အဲလိုပါပါတယ်။ ဒါကြောင့်သူတို့သည် နုတ်ထွက်ခြင်းမလုပ်ဘဲ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး တွေ လုပ်လို့ရပါတယ်။”

ဒီလို ပြောဆိုလိုက်တာက တည်ဆဲ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေအပေါ် အခြေခံ ပြောဆို လိုက်တာဖြစ်ပေမယ့် ဒီဥပဒေဟာ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် သမ္မတက ပါတီလုပ်ငန်း လုပ်ဆောင်ခွင့် မရှိစေရ ဆိုတဲ့ ပြဌာန်းချက်နဲ့ ကိုက်ညီမှု မရှိ ဖြစ်နေတာကြောင့် ဒီအပေါ် ဝေဖန်ထောက်ပြမှုတွေ ရှိ နေပါတယ်။ ရှေ့နေဦးသိန်းသန်းဦးကတော့ ဒါကဥပဒေစကားရပ်ကွဲ လွဲမှု ပြဿနာတခုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“သူကဥပဒေအရ စကားရပ်ပြဿနာဖြစ်နေတာ။ ဒီဥပဒေမှာ သမ္မတက ပါတီလုပ်ငန်းတွေမှာ လုပ်ကိုင်ခွင့် မရှိရဆိုတာလည်း ဟုတ်တယ်။ ပါတီလုပ်ငန်းဆိုတာဘာလဲ။ ပါတီစည်းရုံးရေးတွေ တနည်းကတော့ ပါတီလုပ်ငန်းမှာ ပူးပေါင်းပါဝင်တာပေါ့။ တဖက်မှာပါးပါးလေးလုပ်တာ က သမ္မတက ရွေးကောက်ပွဲမဲဆွယ်လုပ်ငန်းမှာ ဝင်ပြိုင်တာပေါ့။ စကားလုံးအရပါတီလုပ်ငန်း လို့တိုက်ရိုက် မဟုတ်ဘူး ဦးသိန်းစိန်တုန်းက တခါဖြစ်ဖူးတယ်။ တိုက်ရိုက်အဓိပ္ပါယ်မှာတော့ တားထားတာက ပါတီလုပ်ငန်းတွေမှာ မပါရဘူး။ တကယ်ကရွေးကောက်ပွဲမဲဆွယ်တာတို့ ဘာတို့က ပါတီလုပ်ငန်းဘဲလေ။ ဒီပြဿနာ စကားရပ်ပြဿနာဆို တော့ဒါကိုဆုံးဖြတ်မှာက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးပါဘဲ။”

လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက် ဖြစ်တဲ့ သမ္မတက ပါတီလုပ်ငန်း လုပ်ဆောင်ခွင့်မရှိစေရ ဆိုတဲ့ ပြဌာန်းချက် ရှိခဲ့ တာမို့ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်တုန်းက ဦးသိန်းစိန်ဟာ ကြံ့ခိုင်ရေး ပါတီ နှစ်ပတ်လည် ညီလာခံတက်တာ၊ ပါတီဘက်က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ ကို မိတ်ဆက်တဲ့ ပွဲတက်ရောက်တဲ့ အတွက် အဲဒီတုန်းက အတိုက်အခံပါတီ ဖြစ်တဲ့ လက်ရှိ NLD ပါတီဘက်က အကြီးအကျယ်ထောက်ပြမှုတွေ ရှိခဲ့ဖူးပါတယ်။

ဒီအပေါ်မှာ ရွေးကောက်ပွဲကော်မရှင်ဘက်က ဒါဟာ ပါတီလုပ်ငန်းလုပ်တာ မဟုတ်ဘူးလို့ ရှင်းလင်းချက် ပေးခဲ့ပြီး ဦးသိန်းစိန် လုပ်ဆောင်ချက်မမှားဘူးလို့ ဆုံးဖြတ်ဖူးပါတယ်။ ဒီလို ဥပဒေအရ ရှုပ်ထွေးမှုမဖြစ်အောင် ဒီဥပဒေနှစ်ခုကိုပြန်လည်စဉ်းစားသုံး သပ်ဖို့ တောင်းဆိုမှုတွေလည်းရှိနေတဲ့ အပေါ် ကော်မရှင်ဘက်ကတော့ ဘာမှတုံပြန်ပြောဆိုတာမရှိဘဲ တည်ဆဲဥပဒေအတိုင်း သာကော်မရှင်အနေနဲ့ လုပ်ဆောင်တာလို့ဆိုပါတယ်။

လက်ရှိမှာ ကော်မရှင်ကလွှတ်တော်ဆိုင်ရာ ရွေး ကောက်ပွဲ နည်းဥပဒေ တခုဖြစ်တဲ့

လွှတ်တော် ကိုယ်စားလှယ် လောင်းတစ်ဦးဟာ ရွေးကောက် ပွဲ ကုန်ကျစရိတ်အဖြစ် ကျပ် သိန်း ၁၀၀ ထက်ပို၍ သုံးစွဲခြင်းမပြုရ ဆိုတဲ့ အပေါ် ပြင်ဆင်ဖို့ စဉ်းစားသုံးသပ်နေတယ်လို့ ဦးမြင့်နိုင်ကဆိုပါတယ်။ လက်ရှိ မဲဆန္ဒ နယ်သတ်မှတ်မှုပုံစံအရ နယ်မြေ ဧရိယာများ အကျယ်အဝန်းကွာ ခြားမှုရှိနေပြီး မဲဆွယ်အသုံးစရိတ် ကို တစ်ပြေးညီ သတ်မှတ်ထား ခြင်းသည် မျှတမှုမရှိသော အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ ထောက်ပြတာတွေရှိလို့ ဒါကိုပြင်ဆင်သတ် မှတ်ဖို့ စဉ်းစားနေတာဖြစ်တယ်လို့ ဦးမြင့်နိုင်ကဆိုပါတယ်။

“အသုံးစရိတ်ကို သိန်းတရာကို တမြို့ထဲသုံးရတယ် ပြည်သူလွှတ်တော်က။ အမျိုးသားလွှတ်တော်ကျတော့ တမြို့နယ်မကဘူး ။ ၂မြို့နယ် ၃မြို့နယ်လုပ်ရတယ်။ တိုင်းလွှတ်တော်ကျတော့လဲ တတိုင်းလုံးလုပ်ရတော့ အဲဒါလေးတွေပေါ်မှာတော့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က တမြို့နယ်ထဲ ယှဉ်ပြိုင်မယ့်သူဆို နဂိုတိုင်းထားသင့်လား၊ တမြို့နယ်ထက်ပိုရင်တိုးသင့်လား၊ တိုင်းဒေသကြီးတွေကောတိုးသင့်လား အဲပိုင်းကိုစိစစ်နေပါတယ်။ နည်းနည်း သူ့အတွက် တိုးပေးမတိုးပေးဖို့ ကျနော်တို့ စိစစ်နေပါတယ်။”

၂၀၂၀ ပြည့်နှစ်မှာကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲကို မြို့နယ်တိုင်းမှာ ကျင်းပနိုင်အောင် လုပ်သွားမှာဖြစ်ပြီးတော့ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်အောင် လုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG