သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြူးမြို့က ဖမ်းဆီးခံလူငယ်ရဲ့ဖခင် လွှတ်တော်အမတ်နဲ့ ဆက်သွယ်မေးမြန်းချက်


ဖြူး မြို့က ညသပိတ် ( ဓါတ်ပုံ - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အေးဝင်း )
ဖြူး မြို့က ညသပိတ် ( ဓါတ်ပုံ - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အေးဝင်း )

(Zawgyi/Unicode)

စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြလို့ ဖြူးမြို့မှာ ဒီလ ၂၅ ရက်နေ့က ရိုက်နှက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာတွေနဲ့ပဲ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရတဲ့ လူငယ်တက်ကြွလှုပ်ရှားသူ ကိုရဲ (ခေါ်) ကိုနေရဲကျော်နဲ့ပတ်သက်လို့ ဒီကနေ့အထိ ဘယ်နေရာမှာ ချုပ်နှောင်ထားပြီး ဘယ်လို အခြေအနေရှိတယ်ဆိုတာ မသိရဘူးလို့ ဖခင်ဖြစ်သူ၊ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေးဝင်းက ပြောပါတယ်။ သူ့ကိုပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြသူတွေကိုလည်း အဲ့ဒီနေ့မှာပဲ ရဲက ပစ်ခတ်တာကြောင့် လူငယ်တဦး သေဆုံးပြီး ဒဏ်ရာရာသူတချို့လည်း ရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေးဝင်းကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။

မခင်ဖြူထွေး ။ ။ ဖြူးမြို့မှာ ဒီလ ၂၅ ရက်နေ့ကပဲ ကိုကျော်အေးဝင်း သားကို ရဲတပ်ဖွဲ့တွေကနေပြီးတော့မှ ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ ရိုက်နက်ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဆိုတော့ သားနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ နောက်ဆုံးအခြေအနေ သိထားတာ ရှိပါသလဲ အဲဒါပြောပြပေးပါ။

ဦးကျော်အေးဝင်း။ ။ ဟုတ်ကဲ့ သားနဲ့ ပတ်သက်လို့ကတော့ မနေ့က ကျနော်အပြင်ရောက်နေတဲ့အချိန်မှာပဲ သားအဖမ်းခံရတယ်လို့ ကြားတယ်ပေါ့နော် သားကို ရိုက်နက်ပြီးတော့ ခေါ်သွားတယ် ၊ နောက် သွေးသံရဲရဲနဲ့ ခေါ်သွားတယ် ဆိုတဲ့ သတင်းတော့ ကျနော်ကြားတယ် အဲဒီအချိန်မှာ ကျနော်အပြင်ရောက်နေတယ်ပေါ့နော်။ ညပိုင်းမှာလည်း ဘာဖြစ်သလဲဆိုတော့ လူငယ်တွေကပေါ့နော် သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ အချိန်မှာ စစ်တပ်နဲ့ ရဲကနေပြီးတော့ ကျည်အစစ်တွေနဲ့ ပစ်ခတ်တဲ့အတွက် လူ ၂ ယောက် ဒဏ်ရာရတယ်။ လူငယ်လေး တယောက်ဆုံးသွားတယ် ပေါ့နော် ။ အဲဒီနောက်ပိုင်းမှာ ညတွင်းချင်းမှာပဲ သားကို ဖြူးမှာ မထားတော့ပဲနဲ့ နေရာတခုကို ရွှေ့လိုက်တယ်လို့ ကျနော်ကြားတယ်ပေါ့နော်။ လောလောဆည်မှာတော့ သားအခြေအနေက သူဒဏ်ရာတွေနဲ့ ပါသွားတယ်ဆိုတာသိရတယ် ။ ဘယ်ကို ခေါ်သွားတယ်ဆိုတာကတော့ မသိဘူးပေါေ့နာ် ။ လောလောဆည်မှာတော့ တွေ့ဖို့အနေအထားလည်းမရှိဘူး။ ဘယ်ရောက်နေမှန်းလည်း လောလောဆည်မှာတော့ မသိဘူးပေါ့။

မခင်ဖြူထွေး ။ ။ အဲဒီတော့ သူနဲ့ ပတ်သက်ပြီးတော့ ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့အချိန်မှာ ဒဏ်ရာ ဘယ်လောက်ရသလဲဆိုတာလည်း အတိအကျမသိရဘူး၊ ဘယ်ခေါ်သွားတယ်ဆိုတာကလည်း မသိရဘူး၊ အခုဖမ်းဆီးထားတဲ့အချိန်မှာ သူ့ကို ကုသပေးမှု ရှိမရှိဆိုတာလည်း မသိရဘူးဆိုတော့ ဖခင်တယောက်အနေနဲ့ အခုအချိန်မှာ ဒီအပေါ်မှာ ဘယ်လိုများ ခံစားရပါသလဲ။

ဦးကျော်အေးဝင်း။ ။ ဒါကတော့ သားဖြစ်တဲ့အတွက် ခံတော့ ခံစားရတာပေါ့နော်။ ဒါပေမယ့် နိုင်ငံရေးက အကို့သားက အမှန်ပြောရရင်တော့ သူ့ကိုရိုက်နက်တယ် သူဒဏ်ရာတွေနဲ့ ပါသွားတယ်ပေါ့နော်။ ဒါပေမယ့်လို့ အကိုတို့ထက်ဆိုးတဲ့၊ တိုင်းပြည်မှာ လူငယ်တွေ အသက်တွေ ပေးဆပ်သေကြတာတွေ အများကြီးလေနော်။ ဒါပေမယ့် သူ့ကို ဖမ်းသွားတဲ့အချိန်မှာ အသက်မသေသေးဘူးဆိုတာ သိတဲ့အတွက် နည်းနည်းတော့ စိတ်ဖြေလို့ ရတယ်ပေါ့နော်။ မိဘတယောက်အနေနဲ့တော့ စိတ်တော့ မကောင်းဘူးပေါ့။ မသေရင်တော့ တနေ့ ပြန်တွေ့မယ်လို့တော့ ထင်ပါတယ်။

မခင်ဖြူထွေး ။ ။ အခု သားနဲ့ ပတ်သက်လို့ရော စောစောက ပြောသလို ဒါဘာမှ မသိရတဲ့ အခြေအနေမှာ ဘာဆက်လုပ်ဖို့ ရှိပါသလဲရှင့်။

ဦးကျော်အေးဝင်း။ ။ ဘာဆက်လုပ်ဖို့ ရှိသလဲဆိုတော့ တချို့ကတော့ မေးတယ်ခင်ဗျ ၊ ဥပဒေကြောင်းအရ ဘယ်လို ကာကွယ်မလဲဆိုတာပေါ့နော်။ အဲဒီတော့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ရော ကျနော်တို့က ဘယ်ဟာက တရားဝင်မှုဖြစ်သလဲ၊ မဖြစ်သလဲဆိုတာ အရေးကြီးပါတယ်။ သူ့ဟာသူ ဘယ်ပုဒ်မတွေပဲ တပ်တပ်ပါ၊ ကျနော်တို့က တရားဝင်မှုမရှိတဲ့ တရားစီရင်ရေးအောက်မှာ သိပ်ပြီးတော့ ထွေထွေထူးထူး ကျနော့်အနေနဲ့တော့ မစဉ်းစားဘူး။ ကျနော် ရှေ့နေတွေဌားဖို့လည်း မရှိဘူး၊ ဌားလည်း မဌားနိုင်ဘူးပေါ့နော်။

မခင်ဖြူထွေး ။ ။ အခုဆိုရင် သားကို ဖမ်းသွားတဲ့အတွက်ကြောင့် သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာမှာလည်း သေနတ် ကျည်အစစ်တွေနဲ့ ပစ်တယ်၊ ဖြူးမှာ အခုဆိုရင် လူငယ်လေး တယောက်ဆုံးသွားပြီ။ နောက်နိုင်ငံတဝှမ်းမှာဆိုရင်လည်း အခုလက်ရှိ အခြေအနေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဒီ ရက်ရက်စက်စက် အင်အားသုံးပစ်နေတဲ့ ကြားမှာ သေတဲ့သူတွေဆိုတာ တနေ့တခြားပိုပြီးတော့ များလာတယ် ၊ ဒဏ်ရာရတဲ့ သူတွေ အများစုဟာ လူငယ်တွေ ရှေ့တန်းမှာ အခုလိုဖြစ်နေတဲ့ အခြေအနေမှာ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဦးကျော်အေးဝင်း။ ။ အဓိကတော့ ဘာလဲဆိုတဲ့အခါကျတော့ ဒီလက်နက်ကိုင်တွေလည်း တချက်တော့ စဉ်းစားသင့်တာပေါ့နော်။ အမိန့်ဆိုတာ ပေးတိုင်း ဒီအမိန့်ကို နာခံဖို့ မသင့်ဘူး။ ဒီအမိန့်ဟာ တရားမျှတမှု ရှိလား၊ မရှိဘူးလားဆိုတာ သူတို့ စဉ်းစားဖို့လိုတယ်။ နောက်ပြီးတော့ လက်ရှိ ကျနော်တို့ တိုင်းပြည်အနေအထားမှာ ဘယ်အဖွဲ့အစည်းက ကျနော်တို့ Legitimacy ဖြစ်သလဲ ၊ ဘယ်အဖွဲ့က တရားမဝင်ဘူးလဲဆိုတာကတော့ သူတို့ ပြန်သုံးသပ်ဖို့ လိုတာပေါ့နော်။ ဒါလေးကို ကျနော်အဓိက ထားပြီးတော့ ပြောချင်ပါတယ်။ ဒါတွေက လက်နက်ကိုင်အနေနဲ့ အများကြီး စဉ်းစားရမယ့် ကိစ္စပါ။ ဒီအချိန်က ကျနော်တို့ တိုင်းပြည်အတွက် အများကြီးအရေးကြီးတဲ့အချိန် အဲဒီတော့ လက်နက်ကိုင်တဲ့ ရဲတပ်ဖွဲ့တွေက မှန်မှန်ကန်ကန် ပညာရှိရှိ ကျနော်တို့ စဉ်းစားတွေးခေါ်တတ်ဖို့ လိုတယ်လို့ ကျနေ်ာပြောချင်ပါတယ်။

မခင်ဖြူထွေး ။ ။ ဆိုတော့ လက်ရှိမှာရော ကိုယ့်လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ချရတဲ့ အခြေအနေမှာ ရှိရဲ့လား။ မိသားစု လုံခြုံရေးရော ဘယ်လိုရှိသလဲ။

ဦးကျော်အေးဝင်း။ ။ လုံခြုံရေးကတော့ ကျနော်အဆင်ပြေအောင်တော့ ကျနော်နေတယ်။ ကျနော့်မှာ ရှိတဲ့ ပြည်သူ့ကိုယ်စားလှယ်တယောက်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေ ကျနော်ထမ်းဆောင်နေတယ် ပေါ့နော်။ အတတ်နိုင်ဆုံးတော့ ကျနော်လုံခြုံအောင်နေတယ်။ ကျနော်တို့ကဗျာ သားရယ်၊ ကျနော့်ဇနီးရယ် တယောက်တနေရာစီ ဆိုတော့ ရှင်းရှင်းပြောရရင်တော့ တနေရာစီပေါ့နော်။ လုံခြုံမှုရှိမရှိဆိုတာ လောလောဆည်မှာတော့ တယောက်ကတော့ရှိပြီဆိုတော့ ကျနော့်ဇနီးနဲ့ ကျနော်ကတော့ တယောက်တနေရာစီ ဆိုတော့ ကျနော်အတိအကျကတော့ မသိသေးပါဘူး။ လုံခြုံမှုရှိမရှိဆိုတာကျနော့် အတိအကျ မပြောနိုင်ဘူး။ ကိုယ့်ဟာကိုယ်ပဲ ကျနော်တို့က လုံခြုံအောင်နေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်ပေါ့နော်။ ဒါပေမယ့် လက်ရှိအနေအထားမှာတော့ ဇနီးနဲ့ ဆက်သွားတဲ့ အခါမှာတော့ အေးအေးဆေးဆေးဖြစ်နေတယ်ဆိုတဲ့ အနေအထားကို သိရတော့ အခုအချိန်မှာ သူ လုံခြုံမှုရှိနေသေးတယ်လို့ မြင်ပါတယ်။

မခင်ဖြူထွေး ။ ။ ဟုတ်ကဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဇနီးနဲ့လည်း တနေရာစီနေရတယ်၊ သားကလည်း အခု ဒဏ်ရာတွေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတယ်ဆိုတော့မိသားစုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတော့ ရှိနေမယ်လို့ ထင်ပါတယ်။

ဦးကျော်အေးဝင်း။ ။ စိုးရိမ်တယ်ဆိုတာထက် ဒီတော်လှန်ရေးကြီးအောင်မြင်ဖို့ ကျနော်တို့ ဘယ်လို လုပ်ကြမလဲ ဒါတွေက ကျနော်တို့ ပြည်သူလူထုတရပ်လုံးက ဒီအမြင်ကို ကျနော်တို့ ရှိဖို့ လိုပါတယ်။ ဒီတော်လှန်ရေးက ကျနော်တို့ ကျဆုံးသွားလို့မရဘူး။ ကျနော်တို့နိုင်ငံက နှစ်ပေါင်းများစွာ နှစ်ပေါင်း ၇၀ ကျော်မရခဲ့တဲ့ အခွင့်အရေးတခုကို ကျနော်တို့ ရနေပြီ ဒီအခွင့်အရေးကို ကျနော်တို့ လက်ဆုပ်လက်ကိုင် မိမိရရ ဆုပ်ကိုင်ထားဖို့ လိုပါတယ်။ ဒါလေးကိုပဲ ကျနော်ပြောချင်ပါတယ်။

တိုက်ရိုက် လင့်ခ်


........


(Unicode)














XS
SM
MD
LG