သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်ပွား


KIA တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၁၄၊ ၂၀၁၆)
KIA တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၁၄၊ ၂၀၁၆)

(Zawgyi / Unicode)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်က လဝါးကျေးရွာအနီးမှာ ဒီမနက် စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတကြိမ် ဖြစ်ခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာလည်း ရှမ်းနဲ့ တအာန်း(ပလောင်) တိုင်းရင်းသား လက်နက်ကိုင်တွေအကြားမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ကချင်နဲ့ ရှမ်းဘက်က တိုက်ပွဲအခြေအနေတွေ ကိုသားညွန့်ဦး ပြောပြပါမယ်။

ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်က လဝါးကျေးရွာအနီးမှာ ဒီကနေ့မနက် ၇ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒါဟာ ဒီတပတ်အတွင်း လီဒိုလမ်းမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်လက်နက်ကိုင်အကြား ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီကနေ့ တိုက်ပွဲဖြစ်တဲ့ အခြေအနေကို ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခု ဒီမနက်ပဲ လဝါးကျေးရွာအနီးမှာပေါ့၊ အခု စကခနဲ့ KIA ပစ်ခတ်မှုတွေ ရှိတယ်ဗျ။ လက်နက်ကြီးရော ၁၀ ချက်ကျော်တော့ ပါတယ်။ နားထောင်ကြည့်တာ။ အခုက နည်းနည်းပြန်ငြိမ်နေပြီဗျ။”

ဒါကတော့ မနက် ၈ နာရီလောက်က ပြောပြခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ပွဲဟာ မိုးကောင်းဘက်ကနေ တနိုင်းဘက်ကို သွားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်တာလို့ ဒေသခံတွေက ယူဆကြပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း မသိရကြောင်း ပြောပါတယ်။

ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းဟာ တနိုင်းဘက်သွားတဲ့ ခွန်စိုင်ယန်ရွာဘက်ကို ရောက်ရှိနေပြီး ဒေသခံရွာသားအချို့ဟာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး တိမ်းရှောင်နေကြောင်း ပြောပါတယ်။

KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို မသိရသေးကြောင်း ပြောပါတယ်။

“ဟုတ်ကဲ့။ ကျနော်တို့ကတော့ ဘာမှ မကြားရသေးပါဘူးခင်ဗျ။ ဟိုအရင်တပတ်က တိုက်ပွဲတွေ ခနခနဖြစ်တဲ့ ရှင်ဗွေယန်ဘက်က အခြေအနေကတော့ အခုတော့ ပြန်ငြိမ်သွားပြီ။ ဒါပေမယ့် ဟိုနေ့ကဖြစ်တဲ့ မရန်ကထောင်တို့ အဲဒါတွေလည်း လီဒိုလမ်းဘက်မှာဖြစ်တဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ အဲဒီအခြေအနေပဲ ရှိပါတယ်။ အခြားကတော့ သိပ်ပြီးမှ ထူးထူးခြားခြား သတင်းတက်တာတော့ မရှိဘူးခင်ဗျ။”

တိုက်ပွဲနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုးလည်း မရှိသေးပါဘူး။

ဒီလ ၂၃ ရက်နေ့က ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်က မရန်ကထောင်နဲ့ ဒွန်ဘုန်းကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့အပတ်က တနိုင်းနဲ့ ရှင်ဗွေယန်အကြားက တရုံကျေးရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲဖြစ်ခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာလည်း RCSS တောင်ပိုင်း ရှမ်းလက်နက်ကိုင်တပ်နဲ့ TNLA တအာန်း(ပလောင်) တပ်အကြားမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း စစ်ရှောင်တွေကို ကူညီနေသူတဦးက ပြောပါတယ်။

“ဟူးကွက်မှာ ဖြစ်တယ်လို့ ကြားတယ်ဗျ။ မနက် ၅ နာရီတုန်းက။ ထုံးစံအတိုင်းပေါ့ TNLA နဲ့ RCSS နဲ့၊ ဘုန်းကြီး ၂ ပါးတော့ နည်းနည်း ထိခိုက်သွားတယ်။ ဘုန်းကြီးကျောင်းကို သူတို့က လက်နက်ကြီးနဲ့ထုတော့ ဘုန်းကြီး နည်းနည်းပါးပါးတော့ ထိတာပေါ့။ တအားကြီးတော့ ဒဏ်ရာကြီးကြီးမားမားတော့ မဟုတ်ဘူး။”

နေအိမ်တလုံးလည်း မီးလောင်ခဲ့ကြောင်း ပြောပါတယ်။

ဟူးကွက်ကျေးရွာဟာ ကျောက်မဲမြို့ အနောက်မြောက်ဘက် ၁၅ မိုင်လောက်အကွာမှာ ရှိတာပါ။ ပြီးခဲ့တဲ့လတွေက စတင်ပြီး ကျောက်မဲမြို့နယ် အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ကျောက်မဲမြို့ပေါ်နဲ့ ကျောက်မဲမြို့အနီးက ကျေးရွာတွေမှာ တိမ်းရှောင်နေရပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်းမှာလည်း RCSS နဲ့ SSPP ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံ ၂,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)

















XS
SM
MD
LG