သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် လီဒိုလမ်းမပေါ် တိုက်ပွဲဆက်ရှိနေ


KIA တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၂၉၊ ၂၀၁၃)
KIA တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၂၉၊ ၂၀၁၃)

(Zawgyi / Unicode)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်က ဒွမ်ဘန်ရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေ ဆက်လက်ရှိနေသလို ခွန်ဆိုင်ယန်ရွာက စစ်ရှောင် ၄၀၀ လောက်ဟာလည်း လဝါးရွာမှာပဲ ဆက်လက် တိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသိုဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပြီး ဖုန်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။ ဒီသတင်း ရန်ကုန်က ပေးပို့ထားတာ ကိုသားညွန့်ဦး ပြောပြမှာပါ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်မှာ စနေနေ့က လဝါးရွာအနီးမှာ တိုက်ပွဲတကြိမ်ဖြစ်ခဲ့ပြီး ဒီနေ့ တနင်္ဂနွေနေ့မှာတော့ ဒွမ်ဘန်ရွာအနီးမှာ ထပ်မံ ဖြစ်ပွားခဲ့တာပါ။

ဒီမနက်ပိုင်းမှာတော့ ခွန်ဆိုင်ယန်နဲ့ ဒွမ်ဘန်ရွာအကြားမှာ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရကြောင်း ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခု ဒီ ခွန်ဆိုင်ယန်နဲ့ ဒွမ်ဘန်ကြားမှာ ဒီနေ့မနက်ကနေ လက်နက်ကြီးသံတွေ ဆက်လက်ကြားနေရတယ်ဗျ။ ဒီမနက် ၈ နာရီ မိနစ် ၂၀ လောက်ကနေ ကြားနေရတာ။ အဲဒါ ကြားရပြီး နာရီဝက်လောက် အဲလောက်ကြားရတယ်။ ပြီးတော့ ပြန်ငြိမ်သွားတယ်။ ပြီးတော့ ခုနနေကနေ အခုချိန်ထိ ပြန်မြည်နေတုန်း ဖြစ်နေတယ်။ ခွန်ဆိုင်ယန်နဲ့ ဒွမ်ဘန်ကြား အခုဖြစ်နေတာက ဒွမ်ဘန်ရွာအဝင်မှာလို့ ပြောတယ်။”

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေက ခြောက်လှန့်ပစ်ခတ်တာ ဖြစ်နိုင်ကြောင်းလည်း ပြောဆိုကြပါတယ်။

စနေနေ့က လဝါးရွာမှာ တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ညနေပိုင်းမှာ ခွန်ဆိုင်ယန်ရွာမှာ စခန်းချရပ်နားခဲ့တာကြောင့် အဲဒီနေ့ ညနေမှာပဲ ဒေသခံရွာသား ၄၀၀ လောက်ဟာ တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်ပြီး လဝါးရွာကို တိမ်းရှောင်ခဲ့ကြပါတယ်။

စစ်ကောင်စီ စစ်ကြောင်းအချို့ဟာ ဒီကနေ့မနက်မှာ တနိုင်းဘက်ကို ဦးတည်ပြီး ထွက်ခွာသွားတာကြောင့် ခွန်ဆိုင်ယန်ရွာသားတွေဟာ နေရပ်ပြန်လာကြကြောင်း၊ ဒါပေမယ့် ရွာထဲမှာ စစ်ကောင်စီတပ်တချို့ ထပ်မံရောက်နေတာကြောင့် ရွာသားတွေဟာ လဝါးရွာကို ပြန်လည် တိမ်းရှောင်နေကြကြောင်းလည်း ပြောပါတယ်။

“အခုအခြေအနေက မနေ့က စစ်ရှောင်နေတဲ့ ပြည်သူတွေက စစ်ကြောင်းတွေအားလုံး ဒွမ်ဘန်ဘက်ကို တနိုင်းလမ်းဘက်ကို တက်သွားကြပြီဆိုလို့ အားလုံး အဲလိုမျိုးထင်ပြီးမှ အကုန်လုံးနီးပါးပဲ ကိုယ့်ရွာကို ပြန်လာကြတယ်တဲ့။ အဲဒါ တချို့ ကျန်နေသေးတဲ့ စစ်ကြောင်းတွေက တောကနေ ပြန်ထွက်လာတော့ တခါပြန် မနေ့ကလို ထွက်ပြေးသွားရတယ်တဲ့။ လူဦးရေက ၄၀၀ ဝန်းကျင်လောက်တော့ ရှိတယ်။”

KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ လီဒိုလမ်းမပေါ်မှာ မနေ့ကနဲ့ ဒီကနေ့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။

“ဟို လီဒိုလမ်းဘက်မှာ တိုက်ပွဲဖြစ်တာ ရှိပါတယ်။ တနိုင်းလမ်းဘက်ပေါ့နော။ အဲဒါက ဒီမနက်ဖြစ်တာ ရှိပါတယ်။ မနေ့ကဖြစ်တာလည်း ရှိပါတယ်။”

တနင်္ဂနွေနေ့ ညနေ ၃ နာရီခွဲလောက်က ရွှေကူမြို့နယ်က ကျောက်ကြီးရွာအနီးမှာ ဧရာဝတီမြစ်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောကို KIA နဲ့ ဒေသခံ PDF တွေက ပစ်ခတ်တိုက်ခိုက်တာတွေ ရှိကြောင်း ရွှေကူမြို့ခံတွေက ပြောပေမယ့် ဗိုလ်မှူးကြီးနော်ဘူကတော့ အတည်ပြုပြောဆိုတာ မရှိပါဘူး။

ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ဝန်းသိုနဲ့ ပင်လယ်ဘူးမြို့နယ်တွေမှာ ဒီကနေ့မနက် ၆ နာရီက စတင်ပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။

ဒီအခြေအနေကို ဒေသခံတဦးက အခုလို ပြောပါတယ်။

“ဖုန်းတွေကတော့ အကုန်လုံး လိုင်းတွေက ဖြတ်ထားပြီ။ ကြိုးလိုင်း၊ အင်တာနက်လိုင်း၊ Message အကုန်လုံး ဘာမှ မရတော့ဘူး။ တချို့ ကန့်ဘလူတိုင်နဲ့ ငြိတဲ့ဟာလေးတွေက နည်းနည်းလုပ်လို့ ရတယ်။”

ဒီလ ၂၂ ရက်နဲ့ ၂၄ ရက်နေ့က ပင်လယ်ဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက် အထိအခိုက် အကျအဆုံး များခဲ့တာကြောင့် မနေ့က ညနေခင်းကတော့ ပင်လယ်ဘူးမြို့နယ် ဝမ်းဘဲအင်း ကျေးရွာဘက်မှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ပြီး ထိုးစစ်ဆင်လာမှာကို စိုးရိမ်နေကြပြီး ဒီမနက်ပိုင်းမှာလည်း ရဟတ်ယာဉ် ၂ စီး လာရောက်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တိုက်ပွဲဖြစ်တဲ့သတင်းတော့ မကြားသိရသေးပါဘူး။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့ ကချင်ပြည်နယ်ဘက်က အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)



















XS
SM
MD
LG