သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြစ်ဆုံဆည်ပြဿနာ မြန်မာအစိုးရ အဖြေရှာဖို့ ကြိုးပမ်း


မြစ်ဆုံဆည်ဆောက်ဖို့ မလိုအပ်တော့ဘူးဆိုတာ မြန်မာအစိုးရဘက်က သိထားပေမယ့် တရုတ်နဲ့ ချုပ်ဆိုထားပြီး ရင်းနှီးမြှုပ်နှံမှုတွေရှိထားပြီးသားဖြစ်နေတဲ့အတွက် ဒီစီမံကိန်းကို ဘယ်လိုနည်းနဲ့ ပြောင်းလဲ လုပ်ဆောင်သွားမလဲဆိုတာ မြန်မာအစိုးရက အကောင်းဆုံးနည်းလမ်းတွေ စဉ်းစားနေကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ၀န်ကြီး ဦးသောင်းထွန်းက ပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ နိုဝင်ဘာလ ၂၈-၂၉ ရက်နေထိ နှစ်ရက်ကြာ ပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ ၀န်ကြီး ဦးသောင်းထွန်းက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲ အတွင်း အဲဒီလို ပြောကြားခဲ့ပါတယ်။ မြစ်ဆုံဆည်ကိစ္စ မြန်မာအစိုးရ ဘာတွေစဉ်းစားနေသလဲဆိုတာကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။

ကချင်ပြည်နယ်က မြစ်ဆုံဆည်စီမံကိန်းကို စတင်ခဲ့တဲ့အချိန်မှာ သေသေချာချာ စဉ်းစားတွေးခေါ်ခဲ့ခြင်းမရှိသလို၊ လူမှုအသိုင်းအ၀ိုင်းနဲ့ သဘာဝပတ်ဝန်းကျင် ဘယ်လောက်ထိ ထိခိုက်နိုင်မလဲဆိုတာတွေကို သုံးသပ်စဉ်းစားခြင်း မရှိခဲ့ဘူးလို့ ၀န်ကြီး ဦးသောင်းထွန်းက သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

"မြစ်ဆုံဆည်ကိစ္စနဲ့ ပတ်သက်လို့ ပြောရရင် ဟိုလွန်ခဲ့တဲ့ အစိုးရလက်ထက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ ဒီစီမံကိန်းကို ရပ်ဆိုင်းခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒါဟာ အလွန်ကြီးမားတဲ့ စီမံကိန်းတခုဖြစ်တယ်၊ နောက်ပြီး ဒီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အလွန်များမယ်၊ ရွာတွေ၊ လူတွေ အတော်များများ ရွှေ့ပြောင်းရမယ်။ ဒီလို ထိခိုက်ပျက်စီမှုတွေနဲ့ ပတ်သက်ပြီးလုံလောက်တဲ့ စဉ်းစားမှုမျိုးမရှိခဲ့တဲ့အတွက်လည်း အရင်အစိုးရလက်ထက်ကတည်းက ဒီဆည်စီမံကိန်း ဆောက်လုပ်တာကို ရပ်တန့်ခဲ့တာပါ။"

ဒါအပြင် မြစ်ဆုံဆည်ဆောက်လုပ်တဲ့ နေရာက ပြဿနာရှိနေကြောင်း ဦးသောင်းထွန်းကပြောပါတယ်။ မြစ်ဆုံဆည်လုပ်မယ့်နေရာနဲ့ မလှမ်းမကမ်း မိုင် (၅၀)၀န်းကျင်မှာ စစ်ကိုင်း ငလျင်ကြောရှိနေတယ် ဆိုတဲ့ အချက်ကို ၀န်ကြီး ဦးသောင်းထွန်းက ထောက်ပြသွားပါတယ်။နောက် ရေလွှမ်းမိုးမယ့် ဧရိယာ ပမာဏဟာ စင်္ကာပူနိုင်ငံရဲ့ နှစ်ဆလောက်တောင်ရှိနေတဲ့အတွက် အဲဒီမြေမှာ လုပ်ကိုင်စားသောက်နေတဲ့ ကျေးရွာပေါင်းများစွာကို ရွှေ့ပြောင်းပေးရမယ့်ကိစ္စဟာ တကယ့်ကြီးမားတဲ့ ပြဿနာဖြစ်တယ်လို့ ဦးသောင်းထွန်းက ဆိုပါတယ်။

အထူးသဖြင့် မြစ်ဆုံဆည်တည်ဆောက်ရေးအတွက် တရုတ်အစိုးရဟာ သက်ဆိုင်သူအားလုံးနဲ့ တိုင်ပင်ဆွေးနွေးခဲ့ခြင်းမရှိခဲ့ဘူးလို့ ဦးသောင်းထွန်းက အခုလို ဝေဖန်ထောက်ပြခဲ့ပါတယ်။

"ဆည်တည်ဆောက်ဖို့အတွက် တရုတ်ဘက်က ဒေသခံပြည်သူတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေ အပါအ၀င် အခြား သက်ဆိုင်ရာ ကျွမ်းကျင်သူတွေအားလုံးနဲ့ တိုင်ပင် ဆွေးနွေးခဲ့ခြင်းမရှိခဲ့ပါဘူး။ ဆည်တည်ဆောက်ရေး စီမံကိန်း ဆုံးဖြတ်ဖို့ဆိုရင် သူတို့အနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကို တိုင်းတာတဲ့ ဌာန၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန စတာတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ခဲ့ပါတယ်။"

ဒါပေမယ့်လည်း ဒီလောက် ကြီးမားတဲ့ စီမံကိန်းကြီးကို တရုတ်က သူ့ဘာသာသူဆုံးဖြတ်လုပ်ကိုင်ခဲ့ကြောင်းနဲ့ မြန်မာဘက်က ဒီစီမံကိန်းကို ဆိုင်းငံထားတဲ့ နှစ်တွေအတွင်း တရုတ်အတွက် မြစ်ဆုံဆည်ကနေ လျှပ်စစ်ဓါတ်အားထုတ်ဖို့ မလိုအပ်တော့ဘူးလို့ ဦးသောင်းထွန်းကပြောပါတယ်။

" တရုတ်အနေနဲ့ လျှပ်စစ်ဓါတ်အားထပ်ပြီး မလိုအပ်တော့ပါဘူး။ အရင်ကတော့ ယူနန်ပြည်နယ်အတွက် လျှပ်စစ်ဓါတ်အား ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ အခုတော့ ယူနန်မှာရော တရုတ်ပြည်တွင်းမှာပါ လျှပ်စစ်ဓါတ်အားက ပိုလျှံနေပါတယ်။ မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက လျှပ်စစ်စွမ်းအားတွေရော၊ နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာကို ဖြတ်ပြီး ယူထားတဲ့ လျှပ်စစ်စွမ်းအားတွေ တရုတ်မှာရှိနေပါတယ်။"

ဒါကြောင့် အခုဆိုရင် မြစ်ဆုံဆည် မလိုအပ်တော့ဘူးလို့ ဦးသောင်းထွန်းကပြောပါတယ်။

"အခုချိန်မှာ ဒီဆည်ဆောက်ဖို့ မလိုတော့ပါဘူး။ ဒါပေမယ့်လည်း သူတို့က ဒီဆည်အတွက် ရင်းနှီးမြှုပ်နှံထားပြီးပြီဆိုတော့ ရေဆုံးမြေဆုံးအထိ ဒီလူတွေက ဆက်ပြီးလုပ်ချင်နေတာပါ။"

အခုလို မှားနေတဲ့ကိစ္စကို ဘယ်နည်းနဲ့မဆို ဆက်လုပ်မလား၊ ဒါမှမဟုတ် ဒီအမှားကို အမှန်ဖြစ်အောင် လုပ်မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ အကောင်းဆုံးအဖြေနည်းလမ်းကို ကြိုးစားရှာဖွေနေကြောင်း ဦးသောင်းထွန်းကပြောပါတယ်။

"ဘယ်လိုအဖြေလည်းဆိုတာ ကျနော်လည်း မသိဘူး။ သူတို့အနေနဲ့ အခြားနည်းလမ်းမျိုးစုံကို စဉ်းစားနေပါတယ်။ ဆည်ရဲ့ အရွယ်အစားကို လျော့ချပြီး အခြားနေရာ ရွှေ့ပြောင်းမလား။ ဒါမှမဟုတ် ဒီ ဆည်ဆောက်မယ့်အစား အခြားစီမံကိန်းကြီးတွေနဲ့ အစားထိုးပေးမလား။ ဥပမာ ကျောက်ဖြူ ရေနက်စီမံကိန်းလိုမျိုးပေါ့။ လူတွေက ကျောက်ဖြူစီမံကိန်းအကြောင်းပြောကြပါတယ်။ ဒီနေရာမှာလည်း ကနဦးအစက ၉.၅ ဘီလီယံ ဒေါ်လာ စီမံကိန်းအစား စာချုပ်ချုပ်ဆို သဘောတူတဲ့အခါမှာ ၁.၃ ဘီလံဒေါ်လာထိ လျော့ချနိုင်ခဲ့ပါတယ်။ ဒါဟာ ဒီစီမံကိန်းကြီးကို မလိုချင်လို့ မဟုတ်ပါဘူး။ ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေရဲ့ အမှားမျိုး လိုက်မမှားရအောင် ကျနော်တို့ ရှောင်လိုတဲ့အတွက်ဖြစ်ပါတယ်။"

လက်ရှိအချိန်ထိတော့ မြစ်ဆုံဆည်စီမံကိန်းအတွက် တရုတ်နဲ့အရင်က ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်တွေကို အများပြည်သူသိအောင် အစိုးရဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG