သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အရေး တရုတ်ရပ်တည်မှု မြန်မာထောက်ခံဟု တရုတ်သံရုံးထုတ်ပြန်


 မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr.Chen Hai နှင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ( Chinese Embassy in Myanmar)
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr.Chen Hai နှင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ( Chinese Embassy in Myanmar)

ဟောင်ကောင်အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ရပ်တည်ချက်ကို မြန်မာဖက်က ထောက်ခံတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသွားတယ်ဆိုပြီး သံရုံးရဲ့သတင်းထုတ်ပြန်ချက် ခေါင်းစဉ်အဖြစ် ဖော်ပြထားတာပါ။

ဒါပေမယ့်လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာရော၊ အဲဒီ တရုတ်သံရုံးမူရင်းသတင်း စာကိုယ်ထဲမှာရော ခေါင်းစဉ်ပါအတိုင်း ဖော်ပြထားတာတော့ မတွေ့ရပါဘူး။

ဖေ့ဘုတ်မှာဖော်ပြတဲ့ တရုတ်သံရုံး မူရင်းသတင်းထုတ်ပြန်ချက်ထဲမှာတော့ “ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ အောင်မြင်မှုရရှိပြီး ဟောင်ကောင်သား ဟောင်ကောင်သူများ၏ လူမှုစီးပွားအခြေအနေများ ပုံမှန်အနေ အထားသို့ စောလျင်စွာ ပြန်လည်ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း” ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က ပြောတဲ့အကြောင်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr.Chen Hai ကို သြဂုတ်လ ၂၂ ရက်နေ့က တွေ့ဆုံခဲ့ရာမှာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်ဖို့ကိစ္စ၊ ပိုးလမ်းမသစ်စီမံကိန်းကိစ္စ၊ နယ်စပ်ကုန်သွယ်ရေး၊ ရခိုင်ပြည်နယ်က နောက်ဆုံးဖြစ်ထွန်းမှုတွေနဲ့ မြန်မာ့ငြိမ်းချမ်းရေးမှာ တရုတ်က အပြုသဘော ပါဝင်ကူညီတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုထားပါတယ်။ ဟောင်ကောင်အရေးကိစ္စနဲ့ပတ်သက်လို့တော့ မြန်မာနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ တလုံး တပါဒမှ မဖော်ပြထားပါဘူး။

၂၀၁၆ ခုနှစ်တုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်အတွင်း နှစ်ဖက်ပူးတွဲထုတ်ပြန်ချက်ထဲမှာတော့ တရုတ်တနိုင်ငံထဲရှိတယ်ဆိုတဲ့ မူဝါဒကို မြန်မာအနေနဲ့ ထောက်ခံကြောင်းနဲ့၊ တိဗက်အရေး ထိုင်ဝမ်အရေးနဲ့ ရှင်ကျန်းအရေးကိစ္စတွေမှာ တရုတ်ရဲ့ရပ်တည်မှုကို နားလည်ထောက်ခံတဲ့အကြောင်း ဖော်ပြခဲ့တာမို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်တာခံခဲ့ရဖူးပါတယ်။ ဟောင်ကောင်မှာဖြစ်နေတဲ့ တရုတ်ဆန့်ကျင်ရေးဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရဖက်က တရားဝင်ထုတ်ပြန်ပြောဆိုတာတွေ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG