သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ် အောက်တိုဘာ ၉ ရက်နေ့ နောက်ဆုံးအခြေအနေ


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၉ ရက်နေ့ ည ထုတ်ပြန်ချက်အရ COVID 19 ရောဂါကူးစက်ခံရသူ အသစ် ၁,၄၆၁ဦး စံချိန်သစ် တင် တွေ့ရှိခဲ့ပါတယ်။ အရင်အပတ်တွေက နေ့စဉ် စစ်တဲ့နှုန်းထက် ၃ ဆများတဲ့ ဓါတ်ခွဲနမူနာ စမ်းသပ် စစ်ဆေးမှု ၁၅,၃၀၁ ခုကို စစ်ဆေးခဲ့တဲ့ အထဲက အခုလို တစ်နေ့တည်း ကူးစက်ခံရသူ စံချိန်တင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကူးစက်ခံရသူ စုစုပေါင်း ၂၃,၉၀၆ ဦးရှိပြီ ဖြစ်ပါတယ်။ သေဆုံးသူလည်း ၃၁ ဦး ထပ်တိုးတာမို့စုစုပေါင်း ၅၆၆ ဦး အထိရှိလာပါတယ်။

နေ့စဉ် ကူးစက်မှု အသစ် ထောင်ကျော်တွေ့ရှိနေတဲ့ ဒီတစ်ပတ်ထဲ ပိုးတွေ့နှုန်း အတက်အကျ အများကြီး မရှိဘဲ ဂရပ်ဖ်မျဉ်းတန်း နည်းနည်း ညီလာတာ ဖြစ်ပေမဲ့ နောက်တစ်ပတ်ထား အနည်းဆုံးစောင့်ကြည့်ဖို့လိုဦးမယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးက VOA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမြန်စစ်နိုင်တဲ့နည်းနဲ့ မကြာခင်ရက်ပိုင်းတွင်း လူပိုများများ စစ်လာနိုင်ကြောင်းနဲ့ အရင်အပတ်တွေကနဲ့ နှိုင်းစာရင် ၃ ဆလောက်ပိုစစ်တာဖြစ်ပေမဲ့ ကူးစက်မှုက အနည်းငယ်ပဲ တက်လာတာလို့လည်း သူက ပြောပါတယ်။

တချိန်တည်းမှာ ဆေးရုံဆင်းနိုင်သူကလည်း ဒီနေ့ ၃၇၂ ဦးအထိရှိတာကြောင့် စုစုပေါင်းပြန်ကောင်းလာသူ ၆,၇၃၈ ဦး ဖြစ်ပါတယ်။ ဒီအရေအတွက်က ပိုးတွေသူ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း နီးပါးရှိတာပါ။

နောက်ပိုင်း ရောဂါ ကူးစက်ခံရသူတွေနဲ့ ပတ်သက်ပြီး ဆေးရုံဝန်ထမ်းအကန့်အသတ်ကြောင့်နဲ့ ပြောင်းလဲလာနိုင်တဲ့ အနေအထားပေါ် မူတည်ပြီး ရပ်ရွာအတွင်း သီးသန့်နေရာတွေနဲ့ သင့်တော်တဲ့အိမ်တွေမှာပါ ထားနိုင်ဖို့ စဉ်းစားနေတဲ့အကြောင်း လည်း ဒေါက်တာ သန်းနိုင်စိုး ကပြောပါတယ်။

“နောက်ပိုင်းမှာတော့ ဒါ Community-based System (ရပ်ရွာအခြေပြုစနစ်) ကို ကျနော်တို့က ဦးတည်တာပေါ့နော်။ Community-based Isolation Center (CIC) ပေါ့ဆရာ။ နောက်တစ်ခုက၊ တဘက်က အခြေအနေကောင်းတဲ့သူတွေက၊ အိမ်မှာပဲပေါ့နော်။ အခြေအနေကောင်းတယ်ဆိုတာက၊ ဒီအိမ်အနေအထား၊ လူနာရဲ့အသက်အရွယ်၊ ရောဂါအနေအထား၊ သူကနေဆက်လက်ပြီး ကူးနိုင်တဲ့ဟာ၊ တစ်ဘက်က ဆေးရုံနဲ့နီးကပ်တဲ့အခြေအနေပေါ့နော်၊ Referal (ဆေးရုံပို့တာ) သွားလို့ရမယ့် အခြေအနေ၊ ဒီဟာတွေကိုစုံစမ်းပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ မတ်လ နှောင်းပိုင်းကစလို့ ဓါတ်ခွဲ နမူနာ ၄၀၀,၀၀၀ နီးပါးအထိစစ်ဆေးပြီး ဖြစ်ပါတယ်။ ဒီရက်တွေထဲ နေ့စဉ် ဓါတ်ခွဲစစ်ဆေးမှု သောင်းကျော် ပြုလုပ်လာနေပေမဲ့ တခြားနိုင်ငံတွေ မှာလို လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှုတော့ မလုပ်နိုင်သေးပါဘူး။

မြန်မာကိုဗစ် အောက်တိုဘာ ၉ ရက်နေ့ နောက်ဆုံးအခြေအနေ
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်


...........


(Unicode)








XS
SM
MD
LG