သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်အန္တရာယ် အထူးသတိပြုကာကွယ်ကြဖို့ ကျန်းမာရေးပညာရှင်တွေတိုက်တွန်း


ရန်ကုန်မြို့ရှိ ဈေးတခုတွင် တွေ့ရတဲ့ နှာခေါင်းစည်းရော၊ Face Shield ရော တပ်ထားတဲ့ အမျိုးသမီးတဦး။ (ဧပြီ ၂၁၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ ဈေးတခုတွင် တွေ့ရတဲ့ နှာခေါင်းစည်းရော၊ Face Shield ရော တပ်ထားတဲ့ အမျိုးသမီးတဦး။ (ဧပြီ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူနောက် ၁ ဦး အပါအဝင်၊ အတည်ပြုလူနာတွေ တိုးလာနေတဲ့အတွက် ရောဂါကူးစက်မှု အန္တရာယ်ကို သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတဦး ရန်ကုန်မြို့မှာ ဆေးကုသခံယူရင်း သေဆုံးသွားခဲ့သလို နောက်ထပ်လည်း အတည်ပြုလူနာတွေ စစ်ဆေးတွေ့ရှိနေတာကြောင့် ကူးစက်မှုအန္တရာယ်ကို ပညာရှင်တွေ သတိပေးနေကြတာပါ။ ကွယ်လွန်သူ အမျိုးသမီးကတော့ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ကုသမှုခံယူရင်း မနေ့ညက သေဆုံးခဲ့တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ တခြားရောဂါအခံတွေ ရှိနေတဲ့ ဒီလူနာဟာ ဆေးရုံရောက်ပြီး ၁၂ နာရီအတွင်း သေဆုံးခဲ့တာလို့လည်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“၁ ရက်နေ့မှာ ဓာတ်ခွဲနမူနာယူတယ်။ ၂ ရက်နေ့မှာ အဖြေရတယ်ပေါ့နော်။ ၃ ရက်နေ့မှာပဲ ဝေဘာဂီကို မနက် ၁၀ နာရီခွဲမှာ ရောက်တယ်။ ည ၁၀ နာရီခွဲမှာ ဆုံးတာပေါ့နော်။ အရင်ကတည်းက မန္တလေးမှာ ဩဂုတ်လ ၁၄ ရက်မှာ ပြကတည်းက အဲဒီရောဂါက တော်တော်ကြီးကို ဆိုးနေပြီ။ ဆိုးနေတာကို မန္တလေးမှာ ဆက်မပြဘဲ ရန်ကုန်ကိုဆင်းလာပြီး အိမ်မှာပဲနေတယ်။ နေရင်းကနေ သိပ်ဆိုးလာမှ ဆေးရုံကိုပြတယ်။ ဆေးရုံကလည်း ချက်ချင်းစစ်ဆေးတာတွေ လုပ်ပြီး ဝေဘာဂီဆေးရုံကို အဖြေရပြီးတာနဲ့ပို့ပေမဲ့ ICU ထဲတောင် သူမရောက်လိုက်ဘူး။ ပြောချင်တာက သူ့ရဲ့ရောဂါက အရင်ကတည်းက ဆိုးရွားပြင်းထန်ပြီးသားဖြစ်တယ်။”

ကိုဗစ်အတည်ပြုလူနာတွေထဲမှာ အထူးကြပ်မတ်ကုသနေရသူ ၅ ဦး ရှိနေတယ်လို့လည်း ပြောပါတယ်။ သေဆုံးမှုအပါအဝင် နောက်ထပ် အတည်ပြုလူနာတွေ တိုးလာနေတာကြောင့် ကူးစက်နိုင်တဲ့အန္တရာယ်ကို သတိထားကြဖို့လည်း ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းထားပါတယ်။

“လူတယောက်သေဆုံးတာ ဂဏန်းအားဖြင့် ၁ ပေမဲ့လို့ သူ့မိသားစုအတွက်ကတော့ ၁၀၀ ရာခိုင်နှုန်း ဆုံးရှုံးမှုဖြစ်ပါတယ်။ ဒီလို ဆုံးရှုံးမှုမျိုး ကိုယ့်နိုင်ငံသားတွေကို ဘယ်သူ့ကိုမှလည်း မဖြစ်စေချင်ပါဘူး။ ရောဂါဖြစ်ပွားကူးစက်မှုလည်း မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ အဲလိုမဖြစ်အောင်လုပ်ဖို့ဆိုတာကလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တခုတည်း အားနဲ့လုပ်လို့မရပါဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် အရေးကြီးဆုံးကတော့ ပြည်သူလူထုပါဝင်မှုပါပဲ။ ပြည်သူလူထုပါဝင်ရင် ဒီတိုက်ပွဲကျမတို့နိုင်မယ်။ ပြည်သူလူထုမပါရင်တော့ ကျမတို့က ရေရှည်ဆုံးရှုံးမှုပေါင်းများစွာနဲ့ ဆက်တိုက်နေရမှာဖြစ်ပါတယ်။”

ပိုးတွေ့လူနာအများဆုံးရှိတဲ့ ရခိုင်ပြည်နယ်မှာတော့ ပြည်နယ်တခုလုံးမှာ မလိုအပ်ရင်အပြင်မထွက်ဖို့နဲ့ ညမထွက်ရအမိန့်ကိုလည်း ပြည်နယ်တခုလုံးနီးပါးမှာ ထုတ်ပြန်ထားပါတယ်။ ကူးစက်မှု ဒုတိယအများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းထဲက မြို့နယ် ၇ ခုမှာလည်း မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ ညွှန်ကြားထားသလို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်တွေကို လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။ ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ သတင်းတွေကြောင့် စိုးရိမ်တဲ့သူ တချို့ကတော့ ဆေးရုံဆေးခန်းတွေမှာ ပြသတာတွေ ရှိနေတယ်လို့လည်း ရန်ကုန်တိုင်းအင်းစိန်မြို့နယ်က လုပ်အားပေးဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာသောင်းလင်းက ပြောပါတယ်။

“အခုကတော့ Community Transmission ကလည်း ရှိနေပြီလို့ အကုန်လုံးကသတ်မှတ်ထားကြပြီဆိုတော့ ကိုယ်ဖျားပြီဆိုတာနဲ့ စိတ်ပူကြပြီ။ စိတ်ပူလို့လည်း အမျိုးမျိုးပေါ့နော်။ ဖုန်းနဲ့ တဆင့် စုံစမ်းတာလည်းရှိတယ်။ Fever Clinic ကို လာပြတာတွေလည်းရှိတယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူကို စိတ်ပူတဲ့အတွက်ကြောင့် သူ့ကို Fever Clinic ပြဖို့အကြံပေးတာလည်းရှိတယ်။ ပြည်သူလူထုကတော့ တော်တော်လေးစိတ်ဝင်တစားနဲ့ လိုက်လုပ်တာတွေလည်းတွေ့ရပါတယ်။”

ဖျားနာကုဆေးခန်းတွေဆီ လူကိုယ်တိုင်လာပြကြသလို ဖုန်းကနေတဆင့် မေးမြန်းတဲ့အထဲမှာ ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူတွေအကြောင်းကိုပါ စိုးရိမ်တကြီးမေးလာကြလို့ ဒါတွေထက် ကိုယ်တိုင်လိုက်နာဖို့လိုတဲ့ အချက်တွေကို ဒေါက်တာသောင်းလင်းက အကြံပြုထားပါတယ်။

“အဲဒီတော့ ပြည်သူလူထုအနေနဲ့က Primary Contact ၊ Secondary Contact တွေကိုလျှောက်ပြီးတော့ စဉ်းစားနေမယ့်အစား ကိုယ့်ဘေးနားကလူကလည်း ဘယ်သူပဲဖြစ်ဖြစ် ပိုးရှိတဲ့သူဖြစ်နိုင်တယ်။ ကိုယ်တိုင်လည်း ပိုးရှိတဲ့သူဖြစ်နိုင်တယ်။ အဲလိုမျိုးသဘောထားပြီးတော့ ကိုယ့်ဆီကလည်း သူများဆီမကူးအောင် သူများဆီကလည်း ကိုယ့်ဆီမရောက်လာအောင် ကျနော်တို့ကနေထိုင်ရမှာပေါ့နော်။ ကိုယ်လုပ်ဆောင်ရမယ့် အချက် ၄ ချက်ပေ့ါနော်... Stay Home ရယ်၊ Mask တပ်တာရယ်၊ လက်ဆေးတာရယ်၊ ၆ ပေခွာနေတာရယ်။ အဲဒီ ၄ ချက်ကိုပဲ သေသေချာချာ တယောက်ချင်းစီက လိုက်လုပ်ရပါမယ်လို့ ကျနော်ပြောချင်ပါတယ်။”

ပြည်တွင်းကူးစက်ခံရသူ တိုးလာတာနဲ့အမျှ ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းတွေကို လိုက်နာဖို့သတိပေးနေပြီး ချိုးဖောက်သူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူတာတွေလည်း နေရာတော်တော်များများမှာ ရှိလာနေပါတယ်။ စည်းကမ်းမလိုက်နာသူတွေကို ထိထိရောက်ရောက်အရေးယူဖို့လည်း ပြည်ထဲရေးဝန်ကြီးဌာနကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီတပတ်ထဲ ကျင်းပခဲ့တဲ့ အွန်လိုင်းဆွေးနွေးခန်းမှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG