သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PACE အဖွဲ့ကို ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ပြန်ပေး


မှတ်တမ်းဓါတ်ပုံ-၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲတုန်းက မဲရေတွက်နေစဉ်
မှတ်တမ်းဓါတ်ပုံ-၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲတုန်းက မဲရေတွက်နေစဉ်

(Zawgyi/Unicode)

မြန်မာနိုင်ငံ လာမယ့်ရွေးကောက်ပွဲမှာ အဓိကစောင့်ကြည့်မယ့် PACE (ခေါ်) ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမူအဖွဲ့ကို၊ ဇူလိုင်လကုန်တုန်းက ငြင်းလိုက်ပြီး၊ သြဂုတ်လလယ်မှာ ပြန်ခွင့်ပြုမယ်ပြောခဲ့ပေမဲ့၊ အသင်းအဖွဲ့မှတ်ပုံတင်ရမှလို့ ပြန်လည်ကန့်သတ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ ပြန်ပေးမယ်ဖြစ်သွားပြန်ပါပြီ၊ ဘယ်လိုဖြစ်သွားတာပါလဲ။ နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲ ဘယ်လိုစောင့်ကြည့်သွားမယ့်အပေါ်၊ ဒီအဖွဲ့ အမူဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ စိုင်းရဲကျော်စွာမြင့်ခင်ဗျား အခုဘယ်လိုပြန်ဖြစ်သွားတာပါလဲ။

စိုင်းရဲကျော်စွာမြင့်။ ။ ပြီးခဲ့တဲ့တပတ်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကျနော်တို့အဖွဲ့ကို ယာယီမှတ်ပုံတင်ထုတ်ပေးတယ် ။ အဲဒါနဲ့ ကျနော်တို့က ကော်မရှင်ကို ဒါကို လက်ခံသလားလို့ တင်ပြတဲ့အခါမှာတော့ မနေ့ကတော့ ဖုန်းနဲ့ဆက်ပြီးအကြောင်းကြားလာတယ်။ စောင့်ကြည့်လေ့လာခွင့် ပြန်လည်ပေးအပ်ပါတယ်ဆိုပြီးတော့ ဒီနေ့ ကျနေ်ာတို့ ကော်မရှင်ရုံးကိုသွားပြီးတော့မှ တရားဝင်စာရရှိမယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဘယ်လိုပြန်ဖြစ်သွားတာပါလဲ ရလိုက်၊ မရလိုက်နဲ့လေ။

စိုင်းရဲကျော်စွာမြင့်။ ။ ဟုတ်ပါတယ်ခင်ဗျ အဓိကတော့ ဥပဒေမူဘောင်ကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့နေရာမှာ ကော်မရှင်က ဒီအပေါ်မှာ မူတည်ပြီးတော့ဖွင့်ဆိုကြတဲ့သဘောလို့ ကျနော်ယူဆတယ်။ ၂၀၁၅ တုန်းကတော့ စောင့်ကြည့်လေ့လာဖို့ အရပ်ဘက်အဖွဲ့အစည်းကို ကန့်သတ်တာမရှိဘူး။ ဘယ်သူမဆို စောင့်ကြည့်လေ့လာခွင့်ရတယ်။ ရန်ပုံငွေတွေ ဘယ်လိုပဲ လက်ခံ၊ ပြည်တွင်းမှာဖြစ်ဖြစ် ပြည်ပကဖြစ်ဖြစ် ။ ၂၀၁၇ တုန်းကလည်း လက်ရှိကော်မရှင်ပဲ ဒါတွေ ပြဿနာမရှိဘူး၊ ၂၀၁၈ မှာလည်းမရှိဘူး။ အခုကျတော့မှ အသင်းအဖွဲ့ မှတ်ပုံတင်တို့ ရန်ပုံငွေလက်ခံတဲ့ကိစ္စတွေအပေါ် မူတည်ပြီးတော့မှ ဘယ်သူတွေကို ပေးမယ်၊ ဘယ်သူတွေကို မပေးဘူးဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ပြန်ပေါ်လာတဲ့ သဘောပဲ။ ဆိုတော့ ဒါကတော့ ကျနော်ထင်တယ် ဥပဒေမူဘောင်ရဲ့ အားနည်းချက်အပေါ်မှာ အခြေခံပြီးတော့မှ အခြေအနေကို လိုက်ပြီးတော့မှ ဆုံးဖြတ်တယ်လို့ ယူဆတယ်ပေါ့လေ။ ဆိုတော့ ကျနော်တို့ကိုတော့ ပထမတုန်းကတော့ စောင့်ကြည့်လေ့လာခွင့်မပေးဘူး၊ အသင်းအဖွဲ့ မှတ်ပုံတင်နဲ့ ပတ်သက်လို့လည်း ဘယ်သူ့ကိုမှ မပေးတဲ့အတွက်ကြောင့် မပေးဘူးဆုံးဖြတ်ခဲ့တယ် ။ ဒါပေမယ့် ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေကရော သတင်းမီဒီယာတွေကရော ဒါနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်တယ်လို့ ဝိုင်းပြောတဲ့အခါမှာတော့ အသင်းအဖွဲ့ မှတ်ပုံတင်နဲ့ ပတ်သက်လို့ ကျနော်တို့ကို ထောက်ခံချက်ပေးတာမျိုး ၊ နောက်ပြီးတော့ အခုနောက်ပိုင်း ယာယီမှတ်ပုံတင်ကိုလည်း လက်ခံတယ် စောင့်ကြည့်လေ့လာခွင့်ပေးတယ်ဆိုတဲ့သဘောပါပဲ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်ကော်မရှင်ဆိုရင် ဒါပြောင်းကောင်းပြောင်းနိုင်တာပေါ့။

စိုင်းရဲကျော်စွာမြင့်။ ။ ဟုတ်ပါတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ ဆိုတော့ ရေရှည်မှာ ဘယ်လိုဖြစ်သင့်သလဲ။

စိုင်းရဲကျော်စွာမြင့်။ ။ ရေရှည်မှာတော့ စောင့်ကြည့်လေ့လာခွင့်ဟာ ပြည်တွင်းမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတိုင်းအတွက်ကို ဖြစ်သင့်တယ်။ ဒါကို ဥပဒေအရ အကာအကွယ်ပေးထားဖို့ လိုမယ်။

ကိုဝင်းမင်း။ ။ ဒီနေရာမှာ လက်ရှိအတွက်ကတော့ လုပ်ပိုင်ခွင့်အတိုင်းအတာ ဘယ်လောက်အထိရှိတယ်ဆိုတာရော ပြောလိုက်သေးလား။

စိုင်းရဲကျော်စွာမြင့်။ ။ ကျနော်တို့ကိုတော့ သီးခြားကန့်သတ်တာတော့ မရှိဘူး။ ကော်မရှင်က ၂၀၂၀ ခုနှစ်အတွက်ထုတ်ထားတဲ့ စောင့်ကြည့်လေ့လာတဲ့ လုပ်ငန်းစဉ်တွေကို ကြည့်ခွင့်ရှိမယ်။ မဲဆွယ်တာကနေစပြီးတော့ နောက်ဆုံးရလဒ်တွေကို စောင့်ကြည့်လေ့လာတဲ့အထိပေါ့။ ဒါပေမယ့် မသိရသေးတာက ရွေးကောက်ပွဲနေ့မှာ မဲရုံတွေမှာ ကျနေ်ာတို့ အရင်လိုပဲ လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ရဦးမလားဆိုတာကတော့ မသိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ COVID-19 ကလည်း ရှိတာမို့ စောင့်ကြည့်လေ့လာတဲ့သူတွေကို အထဲကို ပေးမဝင်တာမျိုး အဲလိုကန့်သတ်တာလည်း ကျနော်တို့ စိတ်ပူတယ်။ ကျနော်တို့ကတော့ စိုးရိမ်ပူပန်မှုတွေကို အဲလို ကန့်သတ်တဲ့နည်းနဲ့ ဖြေရှင်းတာထက်စာရင် ဒီထက်ပိုပြီးတော့မှ တီထွင်ကြံဆပြီးတော့ ဖြေရှင်းစေချင်တယ်။ သဘောကတော့ အခုလိုမျိုးပေါ့ အသင်းအဖွဲ့မှတ်ပုံတင် မရှိတဲ့အတွက်ကြောင့်မို့ စောင့်ကြည့်လေ့လာခွင့်မပေးဘူးဆိုတာထက် တခြားနည်းနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ စဥ်းစားပြီးလုပ်စေချင်တယ်။ အခုလည်း COVID-19ကြောင့်မို့ လူကျပ်မှာစိုးလို့ ၊ ကျနော်တို့နဲ့လည်း တွေ့ဆုံ ညှိနှိုင်းစေချင်တယ်။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကိုလည်း ကျနော်တို့ လက်ခံတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာဖို့ကလည်း အရေးကြီးတာကို ဆိုတော့ အဲဒါကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီးတော့မှ ကျနော်တို့အနေနဲ့ ဘယ်လောက်အထိ သွားလို့ရမလဲ ၊ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာတွေ သင်ကြားပေးသင့်သလဲ၊ ဘယ်လိုမျိုးထောက်ပံ့သင့်တယ်။ ဆိုတော့ အဲဒီနည်းနဲ့လည်း ညှိနှိုင်းမှုမျိုးကို လုပ်ပြီးတော့ ဆုံးဖြတ်စေချင်တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အခုလောလောဆည် ဘယ်လိုမျိုး လုပ်ဖို့ မှန်းထားသလဲ။ လူအင်အားဘယ်လောက်နဲ့။

စိုင်းရဲကျော်စွာမြင့်။ ။နဂိုမူရင်းကလည်း ၂၉၀၀ လောက်နဲ့ မှန်းတယ်။ ဒါပေမယ့် ပထမအကြိမ် မဲဆန္ဒရှင် ကြေညာတာကို မမီလိုက်တဲ့အတွက်ကြောင့် တချို့အဲဒီလုပ်ငန်းစဉ်အတွက်ကို ယာထားတဲ့ကိစ္စတွေကို မလုပ်နိုင်တော့ဘူး ။ ဆိုတော့ အခုရှိနေတဲ့ လက်ရှိအချိန် ၂ လ ကျော်ကျော်အတွင်းနဲ့ COVID-19 အခြေအနေမှာ မူတည်ပြီးတော့ သုံးသပ်မှုတွေလုပ်နေတယ် အသေးစိတ်ကိုတော့ ကျနော်တို့ ဘယ်လောက်အထိ လုပ်နိုင်မလဲ အခုအထိ ဆွေးနွေးနေတုန်းပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ပုံမှန်အားဖြင့် ဘယ်လိုခေါင်းစဉ်တွေနဲ့ လေ့လာစောင့်ကြည့်လေ့ရှိသလဲ။

စိုင်းရဲကျော်စွာမြင့်။ ။အခုလက်ရှိဆိုရင်တော့ မဲဆွယ်စည်းရုံးရေးကာလ ရက်သတ္တပတ် ၉ ပတ်လုံးကို ကြည့်တယ်။ အခုကတော့ နည်းသွားတာကြောင့်မို့ သေချာတာကတော့ အနည်းဆုံး ရက်သတ္တပတ် ၄-၅-၆ ပတ်လောက်တော့ ကြည့်နိုင်ဖို့ အစီအစဉ်ရှိတယ်။ နောက်တခုကတော့ မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေ့ါ အဲဒါကို ကျနော်တို့ စောင်ကြည့်လေ့လာတယ်။ အခုကတော့ ပိုပြီးတော့မှ အရေးကြီးသွားပြီ ဘာဖြစ်လို့လဲဆိုတော့ Quarantine center တွေလည်းရှိနေတဲ့အခါကျတော့။ နောက်တခုကတော့ ရွေးကောက်ပွဲ နေ့ကတော့ လူအင်အားအများဆုံးပါပဲ။ လူ ၂၀၀၀ လောက်နဲ့ ယာထားတယ်။ နောက်ပြီးတော့မှ ရွေးကောက်ပွဲပြီးသွားတဲ့အခါ မဲရုံတွေပိတ်တဲ့အခါမှာ ရတဲ့ ရလဒ်တွေကို စုပေါင်းတဲ့ဟာ ၊မြို့နယ်တွေမှာလုပ်တဲ့ မဲရလဒ်တွေကို စုပေါင်းတဲ့ဟာကို ကျနော်တို့ ကြည့်မယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ မဲဆွယ်ပွဲ ကာလမှာရော။

စိုင်းရဲကျော်စွာမြင့်။ ။အဓိကတော့ မဲဆွယ်စည်းရုံးရေး ကာလမှာ နိုင်ငံပိုင် အရင်းအမြစ်တွေကို ပါတီတခုအတွက် အသုံးချပြီးလုပ်သလားဆိုတာမျိုးတွေ နောက်တခုကတော့ ဘာသာရေး၊ လူမျိုးရေး၊ ကျား၊မ တိုင်းရင်းသားဖြစ်မှုတွေကို အခြေခံပြီးတော့ ပုတ်ခတ်ပြောဆိုတာတွေနဲ့ မဲဆွယ်စည်းရုံးတာတွေ လုပ်သလား ၊ နောက်တခါ မဲဝယ်တာတွေ လုပ်သလား နောက်ပြီးတော့ အကြမ်းဖက်မှု ရှိသလား။ ပြည်သူလူထု ကို ခြိမ်းခြောက်သလား အဲဒါတွေကို စောင့်ကြည့်မယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် စိုင်းရဲကျော်စွာမြင့် ခင်ဗျား။

တိုက်ရိုက် လင့်ခ်


.............


(Unicode)




















XS
SM
MD
LG