သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲနမူနာ ၃၄ ရာခိုင်နှုန်းမှာ ပိုးတွေ့ရှိ


စစ်အာဏာမသိမ်းမီက နေပြည်တော်မှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)
စစ်အာဏာမသိမ်းမီက နေပြည်တော်မှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 တတိယလှိုင်း အရှိန်နဲ့ဖြစ်ပေါ်နေတာမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်းရဲ့ ၃၄ ရာခိုင်နှုန်းကျော်မှာ ရောဂါပိုး ကူးစက်နေတာကို တွေ့ရှိခဲ့သလို မြို့နယ်ပေါင်း ၁၈ မြို့နယ်မှာ Stay at home မလိုအပ်ဘဲ အပြင်မထွက်ရအမိန့် ထပ်တိုး ထုတ်ပြန်လိုက်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၀,၁၁၇ ခုကို စစ်ဆေးခဲ့တာမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃,၄၆၁ တွေ့ရှိခဲ့ရကြောင်း ဒီကနေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ဓာတ်ခွဲနမူ စုစုပေါင်းရဲ့ ၃၄.၂၁ ရာခိုင်နှုန်း ဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၈၂ ဦး ရှိခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကိုဗစ်တတိယလှိုင်း ကာလအတွင်း သေဆုံးမှု အများဆုံးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်း ဖြစ်ပေါ်နေတဲ့ ကိုဗစ် တတိယလှိုင်းကြောင့် ရောဂါပိုးကူးစက်သူ အရေအတွက် အရှိန်အဟုန်နဲ့ မြင့်တက်နေတာမှာ လူနာတွေအတွက် အောက်စီဂျင် မလောက်ငတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီး သေဆုံးသူအများစုဟာ လုံလောက်တဲ့ အောက်စီဂျင် အချိန်မီမရနိုင်တဲ့အတွက် ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတ အဖွဲ့အစည်းတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရင်ကြုံတွေ့ခဲ့ရတဲ့ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိ ရင်ဆိုင်နေရတဲ့ တတိယလှိုင်းမှာတော့ ကျန်းမာရေးဝန်ထမ်း အရေအတွက် မလောက်ငတာအပြင် ကုသရေးပိုင်းနဲ့ အထောက်အကူပစ္စည်း လိုအပ်ချက် ကြီးမားနေတာကြောင့် ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူ များပြားနေတယ်လို့ သုံးသပ် ပြောဆိုနေကြပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်း အရှိန်မြင့် ဖြစ်ပေါ်နေတာကြောင့် ပဲခူးတိုင်းအတွင်းက ၆ မြို့နယ်နဲ့ ရန်ကုန်တိုင်းအတွင်းက ၁၂ မြို့နယ်၊ စုစုပေါင်း မြို့နယ်ပေါင်း ၁၈ မြို့နယ်ကို Stay at home မလိုအပ်ဘဲ အပြင်မထွက်ရအမိန့် ထပ်တိုး ကြေညာလိုက်ပါတယ်။ လက်ရှိအချိန်အထိ ပြည်နယ်၊ တိုင်းဒေသကြီးတချို့မှာ Stay at home မလိုအပ်ဘဲ အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း ၆၃ မြို့နယ် ရှိသွားပြီဖြစ်ပါတယ်။

---------------------

(Unicode)








XS
SM
MD
LG