သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း မုန်တိုင်းငယ်ဖြစ်ထွန်းနိုင်


မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက တင်ထားတဲ့ နိုဝင်ဘာ ၂၇ ရက် မိုးလေဝသအခြေအနေ။
မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက တင်ထားတဲ့ နိုဝင်ဘာ ၂၇ ရက် မိုးလေဝသအခြေအနေ။

မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေကို လာမယ့် နိုဝင်ဘာလကုန်ပိုင်းမှာ အင်အားအသင့်အတင့်ရှိတဲ့ မုန်တိုင်းငယ်ရိုက်ခတ်ခံရနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက သတိပေးလိုက်ပါတယ်။ ဒီမုန်တိုင်းကြောင့် နေရာကွက်ကျား မိုးရွာသွန်းတာ ဖြစ်လာနိုင်သလို အအေးလည်းလျော့လာနိုင်တယ်လို့ မိုးဇလဘက်က သတိပေးထားပါတယ်။ မုန်တိုင်းအကျိုးဆက်ဖြစ်လာနိုင်မယ့်အလားအလာတွေ ရန်ကုန်ကသတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာဖြစ်လာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ မုန်တိုင်းငယ်အဆင့်ဖြစ်လာနိုင်တယ်လို့ မိုးဇလဘက်က ခန့်မှန်းထားတာပါ။ ဒီအကျိုးဆက်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့တချို့နေရာတွေမှာ နေရာကွက်ကျား မိုးရွာသွန်းတာတွေဖြစ်လာနိုင်တယ်လို့ မိုးဇလ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ဗွီအိုအေကိုပြောပါတယ်။

“လက်ရှိကတော့ လေဖိအားနည်းရပ်ဝန်းပဲ ရှိသေးတယ်။ ပြီးရင်တော့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာတော့ မုန်တိုင်းငယ်အဖြစ် ၂၉ ရက်နေ့ကျရင်အားကောင်းလာနိုင်တယ်။ မော်ဒယ်တွေကတော့ အမျိုးမျိုး ပြနေတာပေါ့။ အဲမှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်မြောက်ပိုင်းကို နည်းနည်းလေးအဖျားခတ်နိုင်တဲ့ အနေအထားလေးရှိပါတယ်။ အချိန်လိုက်ပြောင်းနေတာဆိုတော့ အခုကတော့ လေဖိအားနည်းရပ်ဝန်းပဲ ရှိသေးတာမို့ အချိန်နဲ့အမျှပြောင်းနေမှာပေါ့နော်။ ဒီဘက်ကိုဦးတည်လာရင်တော့ မြန်မာနိုင်ငံမှာ မိုးရမယ့်အနေအထားရှိတယ်။ ရခိုင်၊ ချင်း၊ ကချင်၊ စစ်ကိုင်းတိုင်းတွေမှာ မိုးရနိုင်တယ်။ အိန္ဒိယဘက်ထဲဝင်ရင်တော့ မိုးရဖို့နည်းတယ်။”

လက်ရှိတိုင်းတာထားချက်အရ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနဲ့ မွန်ပြည်နယ်မှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ဖွယ်ရှိတယ်လို့ မိုးဇလဘက်ကပြောပါတယ်။ တနင်္သာရီဒေသမှာတော့ နောက်ထပ် ၂ ရက်ကြာလောက်တဲ့အထိ နေရာကွက်ကျား မိုးရွာနိုင်ဖွယ်ရှိတယ်လို့ ထုတ်ပြန်ထားပါ တယ်။ နောက်ပြီးဒီကာလအတွင်း အအေးလည်းလျော့လာနိုင်တယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်ကတော့ ဒီကာလအတွင်းမှာ အထူးသတိထားဖို့လို အပ်တယ်လို့ ပြောပါတယ်။

“အအေးကလျော့မယ်။ မုန်တိုင်းကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်မှာဖြစ်လာရင်တော့ အအေးလျော့နိုင်တယ်။ မုန်တိုင်းကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်မှာမုန်တိုင်းဖြစ်လာရင်တော့ သတိပြုဖို့လိုတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်သတိပြုဖို့လိုတယ်။ အဓိကကတော့ကမ်းရိုးတန်းရှိပြည်သူတွေ အထူးသတိပြုဖို့လိုပါတယ်။”

လတ်တလောမှာတော့ အယ်လ်နီညိုလို့ခေါ်တဲ့ အစွန်းရောက်သဘာဝဘေးတခုဖြစ်တဲ့ အလွန် ပူနွေးခြောက်သွေ့ဖြစ်စဉ်တခု ကမ္ဘာမှာကြုံနေရတာမို့ မြန်မာနိုင်ငံမှာလည်း ဒီအကျိုးဆက်အရ ပြည်တွင်းမှာ သက်ရောက်မှုတွေရှိတယ်လို့ မိုးဇလဘက်ကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အကျိုးဆက်အနေနဲ့ အပူချိန်မြင့်မားလာတာ၊ မူမမှန်တဲ့မိုးရွာတာတွေတွေရှိတာမို့ ကြိုတင်ပြင်ဆင်နိုင်ဖို့ လိုတယ်လို့ ဦးကျော်မိုးဦးက အခုလိုသတိပေးပါတယ်။

“အယ်လိနီညိုကြောင့် ဆောင်းရာသီမှာ မူမမှန်တဲ့မိုးရွာသွန်းမှုတွေ ရှိတယ်။ အအေးပေါ့တာ ရှိမယ်။ အယ်လ်နီညိုကြောင့် ဘယ်ကာလခံစားရမလဲဆိုရင် နွေကာလမှာပေါ့။ ပုံမှန် နှစ်ထပ်ပိုပူမယ့်အနေအထားရှိတယ်။ မိုးဦးမှာလည်း မိုးညံ့တတ်တယ်။ နွေကာလတွေမှာ အပူကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးကိစ္စတွေ၊ ရေရရှိရေးတွေ ကြိုတင်ဆောင်ရွက်နေပါတယ်။”

မုန်တိုင်းအခြေအနေအရကတော့ လက်ရှိချိန်ထိ နောက်ဆုံးထုတ်ပြန်ထားချက်အရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်ကနေ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတာမို့ စောင့်ကြည့်နေတဲ့အဆင့်ရှိတယ်လို့ မိုးဇလဘက်က ထုတ်ပြန်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG