သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ သံရုံးပထမအတွင်းဝန် ဦးမောင်မောင်လတ်နဲ့ ဗွီအိုအေ သီးသန့်မေးမြန်းချက် 


သံရုံးပထမအတွင်းဝန် ဦးမောင်မောင်လတ်
သံရုံးပထမအတွင်းဝန် ဦးမောင်မောင်လတ်

(Zawgyi/Unicode)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကို မကျေနပ်တဲ့အတွက် ပထမဆုံး မြန်မာသံတမန်အရာရှိတဦးအနေနဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် ဦးမောင်မောင်လတ်ဟာ ရာထူးကနေ နုတ်ထွက်ပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်ပါပြီ။ နိုင်ငံတကာမှာရှိတဲ့ အခြား မြန်မာသံရုံးဝန်ထမ်းတွေအနေနဲ့လည်း

စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်ဖို့လည်း ဦးမောင်မောင်လတ်က တိုက်တွန်းလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီ မြန်မာစစ်သံရုံးရှေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ကိုယ်တိုင်လာရောက် ဆန္ဒပြခဲ့တဲ့ ဦးမောင်မောင်လတ်ကို မအင်ကြင်းနိုင်က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အခုလို အမေရိကန်နိုင်ငံမှာ ပထမအတွင်းဝန် အဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့အပေါ် နိုင်ငံရေးခိုလုံခွင့်ယူဖို့ ဆုံးဖြတ်ချက်ချတဲ့အကြောင်းအရင်းကို ပြောပြပါရှင့်။

ဦးမောင်မောင်လတ်။ ။ ကျနေ်ာ့အနေနဲ့ မတော်မတရားတဲ့ဘက်က မရပ်တည်ပဲနဲ့၊ အမှန်တရား ဘက်က ရပ်တည်ချင်တာလည်း တချက်ပေါ့လေ။ နောက်ပြီးတော့ အခုလိုဖြစ်ရင် နောင်အနာဂတ်မျိုးဆက်သစ်တွေရဲ့ Generation အတွက် ရင်လေးပြီးတော့ တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ နေရရင် ၁၅ နှစ် နှစ် ၂၀ ပေါ့လေ ၊ ဒါပေမယ့် နောက် အနာဂတ် Generation တွေအတွက်တော့ ဒီစစ်အာဏာရှင်ရဲ့ အဆိုးတွေကို ကောင်းကောင်းခံရမယ် ဆိုတာ ကျနော်မခံမရပ်နိုင်ဖြစ်တဲ့အတွက် အဲဒီလို မကျေနပ်ချက်တွေကြောင့် အခုလို နိုင်ငံရေးခိုလုံခွင့်တောင်းခံဖို့ ဆုံးဖြတ်ချက် ချရတာပါ။

အင်ကြင်းနိုင်။ ။ အခုဆိုရင် အာဏာသိမ်းလိုက်တဲ့ စစ်အစိုးရပေါ့နော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အစိုးရကနေပြီးတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အရင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဍမောင်လွင်ကို ပြန်ပြီးတော့ ခန့်အပ်လိုက်ပါတယ်။ အဲတော့ ဒါနဲ့ ပတ်သက်လို့ အန်ကယ်တို့ နိုင်ငံခြားရေးဌာန ဝန်ထမ်းတွေ၊ သံရုံးတွေအတွက်ရော ဘယ်လိုညွှန်ကြားချက်တွေ ရောက်နေပြီလဲ။

ဦးမောင်မောင်လတ်။ ။ အဲဒါတွေတော့ အခုညွှန်ကြားချက်ထုတ်တာကတော့ မသိပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို စစ်အာဏာသိမ်းတယ်လို့ ကြေညာတယ်ဆိုတာနဲ့ ကျနော်မခံရပ်မနိုင်ဖြစ်လို့ မကြေနပ်လို့ နုတ်ထွက်လိုက်တာပါ။

အင်ကြင်းနိုင်။ ။ အခုလို နိုင်ငံရေးခိုလှုံခွင့် တောင်းခံဖို့ ဆုံးဖြတ်လိုက်တော့ အန်ကယ်အပါအဝင် မိသားစုလုံခြုံရေး အနေအထား ဘယ်လိုရှိလဲရှင့်။

ဦးမောင်မောင်လတ်။ ။ လုံခြုံရေးအနေအထားကတော့ နည်းနည်းလေး စိုးရိမ်နေပါတယ် အဲဒါကြောင့်မို့လို့ နေရာတကာလည်း မသွားပဲနဲ့ အေးအေးဆေးဆေးပဲ အိမ်မှာပဲ အနားယူနေနေပါတယ်ခင်ဗျ။

အင်ကြင်းနိုင်။ ။ အမေရိကန်အစိုးရဘက်ကရော အခုလို သံတမန်တဦးအနေနဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံတဲ့အပေါ် ဘယ်လိုမျိုး အကာအကွယ်ပေးနိုင်ဖို့ မျှော်လင့်ပါသလဲ။

ဦးမောင်မောင်လတ်။ ။ သမ္မတ Mr. Biden အစိုးရအနေနဲ့တော့ Human Rights ကို အလေးထားတဲ့အတွက်ကြောင့် ကျနော်တို့ကို ခိုလုံခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

အင်ကြင်းနိုင်။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရ အောက်မှာ ထမ်းဆောင်နေတဲ့ သံရုံးဝန်ထမ်းတွေအတွက် အခု စစ်အာဏာသိမ်းလိုက်တာကြောင့် နိုင်ငံတကာမှာရှိတဲ့ အန်ကယ်တို့ သံရုံးတွေရဲ့ အနေအထား ဘယ်လို ဆက်ပြီးရှိလာနိုင်မလဲ။

ဦးမောင်မောင်လတ်။ ။ သံရုံးတွေအနေအထားကတော့ မကျေနပ်တဲ့လူတွေလည်း ရှိသလို ကျေနပ်တဲ့ လူတွေလည်းရှိပါတယ် ဘာဖြစ်လို့လဲဆိုတော့ တဦးချင်းစီရဲ့ ဆန္ဒနဲ့ သဘောတူရပ်တည်ချက်အပေါ်မှာ မူတည်ပါတယ်။ တချို့ကတော့ တရားသဖြင့် နည်းလမ်းကျကျ နည်းမှန်လမ်းမှန် အုပ်ချုပ်တဲ့ NLD လိုအစိုးရကို လိုလားတယ်။ တချို့ကျတော့လည်း စစ်အာဏာရှင်စနစ် အုပ်ချုပ်တာကို ခံယူချင်တဲ့လူတွေလည်းရှိကြမှာပါ။

အင်ကြင်းနိုင်။ ။ အခု မြန်မာနိုင်ငံမှာဆိုရင် စစ်အစိုးရကို ဆန့်ကျင်တဲ့ Disobedience လှုပ်ရှားမှုတွေကို သက်ဆိုင်ရာ ဆေးရုံတွေအလိုက် လုပ်နေကြတာ၊ အစိုးရဝန်ထမ်းတွေ လုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။ အန်ကယ်တို့ နိုင်ငံခြားရေးဌာနဝန်ထမ်းတွေရော ဘယ်လိုပါဝင်လာနိုင်တဲ့ အနေအထားရှိမလဲ။ ဒီလို လှုပ်ရှားမှုအပေါ် အန်ကယ်ရဲ့ အမြင်ဘယ်လိုရှိပါသလဲ။

ဦးမောင်မောင်လတ်။ ။ Disobedience လှုပ်ရှားမှုတွေက ကောင်းပါတယ်ခင်ဗျ။ ကျနော်တို့ နိုင်ငံခြားရေးရုံး ၊ နိုင်ငံခြားရောက်နေတဲ့ မြန်မာသံတမန် ၊ နိုင်ငံခြားရေးဝန်ထမ်းတွေအနေနဲ့လည်း Disobedience လှုပ်ရှားမှုတွေလုပ်ပြီးတော့ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်ကြပါလို့ ကျနော်အလေးအနက်တိုက်တွန်း နှိုးဆော်ချင်ပါတယ်ခင်ဗျ။

အင်ကြင်းနိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြိုးပမ်းနေချိန်မှာ အခုလို စစ်အာဏာသိမ်းလိုက်တာကြောင့် တိုင်းပြည်အတွက် နစ်နာမှုအတိုင်းအတာ ဘယ်လောက်ထိ ကြီးမားသလဲရှင့်။

ဦးမောင်မောင်လတ်။ ။ တိုင်းပြည်အတွက်တော့ တကယ့်ကို မမျှော်မှန်းနိုင်တဲ့ ဆုံးရှုံးမှုကြီး ဆုံးရှုံးတယ်လို့ ကျနော်ယူဆပါတယ်။ တကယ့်ကို ကြေကွဲ ရင်နှင့်စရာ အဖြစ်မျိုးနဲ့ ရင်ဆိုင်ရမယ့်အဖြစ်မျိုး အထိတောင်ရောက်သွားနိုင်ပါတယ်။ မတွေးဝံ့စရာကောင်းအောင် နိုင်ငံရဲ့ အနာဂတ်က မလှမပဖြစ်တော့မယ်လို့ ထင်ပါတယ်။ ဒီအတိုင်းတော့ဆက်သွားလို့ မရဘူးလို့ ကျနော်သဘောပေါက်ပါတယ်။

အင်ကြင်းနိုင်။ ။ အန်ကယ်ကိုယ်တိုင်လည်း စစ်အစိုးရအဆက်ဆက်အောက်မှာ လုပ်ခဲ့တာဆိုတော့ အခုလို စစ်အာဏာထပ်သိမ်းလိုက်တဲ့အတွက် အန်ကယ်တို့လို နိုင်ငံခြားရေးဌာနက ဝန်ထမ်းတွေအနေနဲ့ စိုးရိမ်မှုတွေ၊ ထိခိုက်မှုတွေ ဘယ်လောက်ထိရှိမလဲ။

ဦးမောင်မောင်လတ်။ ။ ဝန်ထမ်းတွေအပေါ်တော့ အတိုင်းအတာတခုအထိ ထိခိုက်မယ်လို့ ကျနော်ယူဆပါတယ်။ ရာထူးတိုးတာတွေကအစ လက်သင့်ရာစားတော်ခေါ်တဲ့ အခြေအနေမျိုးတွေအထိ ဖြစ်လာနိုင်တယ်။ NLD အစိုးရတုန်းကတော့ တပ်မတော်ကလာတဲ့သူတွေကို အဝင်မခံပါဘူး။ ဒီ ၅ နှစ်အတွင်းမှာ ။ အခုတော့ စစ်အာဏာသိမ်းတဲ့အတွက် တော်တော်များများဝင်လာမယ်။ အခုလက်ရှိမှာလည်း ညွှန်မှူးတွေ ၊ ဒုညွှန်ချုပ်တွေကလည်း တပ်ဘက်က အများစုဖြစ်တယ်။ နောက် ကျနော်တို့ အထူးသဖြင့် နိုင်ငံခြားရေးရုံးပေါ့လေ military family တပ်သားသမီးတွေ များပါတယ်။ လွယ်တော့ မလွယ်ပါဘူး Disobedience Campaign လုပ်ဖို့ဆိုတာ ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူအများစုဖြစ်နေတာကို ၇၀ ရာခိုင်နှုန်းလောက်က အဲဒါဖြစ်နေတာက ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကတော့ ဘယ်လိုမှ Disobedience Campaign လုပ်ဖို့ဆိုတာ သူတို့ အလုပ်က ပုံမှန်လည်ပတ်နေမှာ ဘာမှ ထိရောက်မှာမဟုတ်ပါဘူး။

အင်ကြင်းနိုင်။ ။ အခုစစ်တပ်က သူတို့အာဏာသိမ်းပြီးတော့ တနှစ်အတွင်း ရွေးကောက်ပွဲလုပ်ပြီး အာဏာပြန်လွဲှပေးမယ်ဆိုတဲ့အပေါ် ယုံကြည်မှုရှိပါသလား။

ဦးမောင်မောင်လတ်။ ။ ကျနော်ကတော့ တနှစ်ပဲဆိုတာကို မယုံကြည်ပါဘူး။

..............


(Unicode)






















XS
SM
MD
LG