သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်တွင်း ဓါတု စိတ်ကြွဆေးပြားထုတ်လုပ်မှု UNODC သတိပေး


ထိုင်းနိုင်ငံအယုဒ္ဒယမြို့တွင် ဖမ်းမိသော စိတ်ကြွဆေးပြားများ ၂၆၊ဇွန် ၂၀၁၇။
ထိုင်းနိုင်ငံအယုဒ္ဒယမြို့တွင် ဖမ်းမိသော စိတ်ကြွဆေးပြားများ ၂၆၊ဇွန် ၂၀၁၇။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း ဓာတုပစ္စည်းသုံး စိတ်ကြွဆေးပြား - အထူးသဖြင့် မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေ ထုတ်လုပ်မှုဟာဆိုရင် ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးရတဲ့ အခြေအနေမျိုး အထိကို ရောက်လာနေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က သတိပေးလိုက်ပါတယ်။

စိတ်ကြွမူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ သုံးတဲ့ ဓာတုပစ္စည်းတွေကလည်း လိုသလောက် ရနေတယ်လို့ ကုလရုံးက ဒီကနေ့ သတိပေးတာပါ။ နိုင်ငံဖြတ်ကျော် ရာဇဝတ် ဂိုဏ်းကြီးတွေ ဘေးကင်းတဲ့ နေရာမှာ စိတ်ကြွဆေးပြားတွေကို ထုတ်ပြီး ဝေးလံတဲ့ ဒေသတွေက ဈေးကွက်တွေကို မှောင်ခိုကူးသန်းမှုတွေ တိုးလာနေတာနဲ့ အတူ စိတ်ကြွ မူးယစ်ဆေးဝါး ကုန်ကူးမှုက ဒေါ်လာ သန်း ထောင်နဲ့ချီ ရှိနေတယ်လို့လည်း UNODC ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောဆိုသွားတာ ဖြစ်ပါတယ်။

စိတ်ကြွဆေးပြားတွေ ထုတ်ရာမှာ သုံးတဲ့ ဓာတု ပစ္စည်းတွေ တင်သွင်းမှု တိုးမလာဘဲနဲ့တော့ အခုအခြေအနေထိ စိတ်ကြွဆေးပြာတွေ ထုတ်တဲ့ အဆင့်ကို ရောက်လာမှာ မဟုတ်ဘူးလို့လည်း သူက ထပ်လောင်း ပြောပါတယ်။ တချိန်တည်းမှာဘဲ စိတ်ကြွ မူးယစ်ဆေးဝါးတွေ ထုတ်နိုင်တဲ့ ဆေးဝါးတွေ၊ ဓာတု ပစ္စည်းတွေကို အစိုးရတွေဘက်က သိမ်းဆည်းတာမျိုး မရှိတာဟာဆိုရင် မူးယစ်ကုန်ကူးသူတွေ အနေနဲ့ ဒီပစ္စည်းတွေကို နိုင်ငံတွေရဲ့ နယ်စပ်တွေကို အလွယ်တကူ လွတ်လွတ်လပ်လပ် သယ်ယူရရှိနေ တယ်ဆိုတာကို ပြသနေတာ ဖြစ်တယ်လို့လည်း UNODC က ထောက်ပြသွားပါတယ်။

မြန်မာနိုင်ငံ ပါဝင်တဲ့ ရွှေတြိဂံ ဒေသတွင်းမှာ ရာဇဝတ်ဂိုဏ်းတွေက မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို တိုးချဲ့ လာနေတာကြောင့် Fentanyl တို့လိုမျိုး ဓာတုပစ္စည်းသုံး မူးယစ်ဆေးဝါးတွေ ထုတ်လုပ်တဲ့ အချက်အချာ ဒေသတခု ဖြစ်လာနိုင်ကြောင်း UNODC က သတိပေးလိုက်ပါတယ်။ စိတ်ကြွမူးယစ်ဆေးဝါးတွေ ထုတ်လုပ်တာမှာ သုံးတဲ့ ဓာတုပစ္စည်းတွေ တင်သွင်းမှုကို ထိန်းချုပ်နိုင်ရေး မဟာဗျူဟာသစ် တရပ် ညှိနှိုင်းဖို့ အာရှ ပစိဖိတ် ဒေသတွင်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG