သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးဝါးဥပဒေ ပြင်ဆင်ချက် အမျိုးသားလွှတ်တော်အတည်ပြု


 အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်

မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ထောင်ချ အပြစ်ပေးမယ့် အစား လူမှု အကျိုးပြုလုပ်ငန်းတွေမှာ အခမဲ့ ဆောင်ရွက်ရမယ့် ပြစ်ဒဏ်တွေပေးရေးပြင်ဆင်ထားတဲ့ ဥပဒေ ပြင်ဆင်ချက်ကို အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေ ပြင်ဆင်ချက် အရ မူးယစ်ဆေးသုံးသူတွေ လူမှု အကျိုးပြုလုပ်ငန်းတွေမှာ အခမဲ့ ဝင်ရောက် လုပ်ကိုင်ရမယ့် ဥပဒေ ပြင်ဆင်ချက် အပေါ်မှာ တရားရေးပိုင်းကရော အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ဆောင်ရွက်သူတွေကပါ အပြုသဘောနဲ့ ကြိုဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မူးယစ်ဆေးသုံးစွဲသူတွေကို ပြစ်ဒဏ်ချမှတ်တာမှာ ထောင်ဒဏ်တွေ အစား လူမှုရေး အကျိုးပြုလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်ရမယ့် ပြစ်ဒဏ်တွေ အဖြစ် ပြောင်းလဲ ကျင့်သုံးဖို့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ဥပဒေ ပြင်ဆင်ချက်ကို အမျိုးသား လွှတ်တော်က အတည်ပြုပေးလိုက်ပါမယ်။ မူးယစ်ဆေးသုံးစွဲသူတွေ အနေနဲ့ လူမှု အကျိုးပြု လုပ်ငန်းတွေလုပ်ဆောင်ခြင်း ပြစ်ဒဏ် ဆိုတာမှာ ကြီးကြပ်သူ ရှေ့မှောက် သတ်မှတ်ဝတ်စုံနဲ့ သတ်မှတ် နာရီ ပြည့်မီအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သစ်ပင်စိုက်ပျိုခြင်း၊ လမ်းတံတာ ပြုပြင်ခြင်း၊ သန့်ရှင်းရေး လုပ်ငန်းတို့မှာ အခကြေးငွေ မယူဘဲ အခမဲ့ ဝင်ရောက် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော် အမတ် ရှေ့နေကြီး ဦးအောင်သိန်းကတော့ ဥပဒေ ပြင်ဆင်ချက် အပေါ်မှာ အခုလို ပြောပါတယ်။

“ မူးယစ်ဆေးဝါး သုံးစွဲသူကို သတ်မှတ် ဂရမ်ပေါ့ အဲဒီဟာဆိုရင် လက်ဝယ်တွေ့ရှိတယ်ဆိုရင် သုံးစွဲသူ ဖြစ်တယ်ဆိုရင်တော့ ဆေးဝါးကုသတာ ဘာညာ လုပ်တာပေါ့။ ၃ ဂရမ်ထက် ပိုပြီး လက်ဝယ်တွေ့တယ် ဆိုရင်တော့ ထုံးစံ အတိုင်းပေါ့ ပြစ်ဒဏ် သွားမယ့် စခန်းများတာပေါ့နော။ သုံးစွဲသူဆိုရင် ကျနော်တို့က ထောင်ချတဲ့ စနစ်ကို မရှိတော့ဘူး။ အဲဒီ သုံးစွဲသူ အဆင့်ကနေ ဖြန့်ဖြူးရောင်းချတဲ့ အဆင့်မျိုး ဖြစ်ရင်တော့ အဲဒါ ဥပဒေကြောင်း အရသွားပေါ့လေနော။ သုံးစွဲခွင့် ပေးထားတဲ့သူကို လက်ဝယ်တွေ့ပေမယ့် သူ့ကိုလည်း ဒါ ခံဝန်ချုပ် ချုပ်ပြီးတော့ ဆေးဝါးကုသပြီးတော့ လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့ အတွက် အဲသလို သတ်မှတ်ပေးထားတာ တွေတော့ ရှိပါတယ်။”

အကျဉ်းကျနေသူ အများစုက မူးယစ်ဆေးစွဲသူတွေ၊ လက်ဝယ်တွေ့ရှိသူတွေ ဖြစ်နေတာကြောင့် ဒီဥပဒေ ပြင်ဆင်တဲ့ ဆောင်ရွက်ချက်က အကျဉ်းသား လျှော့ချရေး၊ နောက် မူးယစ်ဆေးစွဲသူတွေ လက်ဝယ်တွေ့ရှိသူတွေကို ပိုပြီး ထူထောင်ပေးနိုင်မယ့် အစီအစဉ် အဖြစ် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လှုပ်ရှားသူတို့က ရှုမြင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး အဖွဲ့ AAPP –B ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ အခုလို ပြောပါတယ်။

“ အခု ပျမ်းမျှခြင်း အားဖြင့် အကျဉ်းထောင်မှာ ရှိနေတဲ့ ဒီ အကျဉ်းသား ဦးရေရဲ့ ထက်ဝက်ကျော်က မူးယစ်ဆေးဝါး အမှုနဲ့ ထောင်ကျထားတာပါ။ အဲဒီထဲမှာမှ ဒီမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုက နည်းပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲမှုက ပိုများတယ်။ ”

ဒါပေမယ့် မူးယစ်ဆေးဝါး ရောင်းချမှု၊ သုံးစွဲမှုကို ထိန်းချုပ်နိုင်ဖို့ အတွက် ဥပဒေ အတိုင်း တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ဖို့ကလည်း အရေးကြီးတယ်လို့ ဦးတိတ်နိုင်က ထောက်ပြပါတယ်။

“ဥပဒေ အရ ဥပဒေ စိုးမိုးမှုကို ထိထိရောက်ရောက် လုပ်ဖို့တော့ လိုပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီလိုမျိုး မူးယစ်ဆေးဝါး အနည်းငယ် သုံးတဲ့လူတွေ၊ အနည်းငယ် လက်ဝယ် တွေ့ရှိတဲ့လူတွေကသာ ထောင်တွေကို နှစ်နဲ့ချီပြီးတော့ ကျနေပေမယ့် တကယ်တန်း ကားအစီးလိုက်တွေ့တာ၊ အိမ်ထဲမှာ အခန်းအပြည့်တွေ့တဲ့လူတွေကတော့ ပိုင်ရှင်မဲ့ ဖြစ်သွားတာတို့ ဖြစ်သွားတဲ့ ကိစ္စမျိုးတွေ အများကြီး ရှိပါတယ်။ ”

ပြည်ထဲရေး ဝန်ကြီးဌာနက ဥပဒေ ပြင်ဆင်ချက် တင်သွင်းခဲ့တဲ့ အထဲမှာတော့ ပြစ်ဒဏ်တွေ ပြောင်းလဲကျင့်သုံးဖို့၊ ဆေးကုသပေးရေးနဲ့ ပြန်လည်ထူထောင်ရေးပိုင်းမှာလည်း ပြုပြင်ပြောင်းလဲထားပါတယ်။ အမျိုးသားလွှတ်တော်ဘက်က အတည်ပြုခဲ့ပြီး ဖြစ်တာကြောင့် ပြည်သူ့လွှတ်တော်ဘက်က အတည်ပြုဖို့တော့ လိုအပ်နေပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG