သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ မီးမှန်မှန်မရတာနဲ့ စွမ်းအင်မလုံလောက်တဲ့ ပြဿနာတွေနဲ့ ကြုံနေရသလို ဒီပြဿနာကို ဖြေရှင်းရာမှာ အခက်အခဲတွေ ရှိနေဆဲပဲလို့ ပြည်သူ့လွှတ်တော် လျှပ်စစ်နဲ့ စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ ဦးကြည်မိုးနိုင်ကို ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းရာမှာ လက်ရှိ အစိုးရလက်ထက်မှာ အရင် အစိုးရ လက်ထက်က ထက် မီးပိုပျက်တာတွေနဲ့ လျှပ်စစ် စွမ်းအင် အလုံအလောက် မရဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး အခုလို စဖြေ ပါတယ်။

"ဦးကြည်မိုးနိုင်။ ။ရိုးရိုးလေးပြောရင်တော့ ကျနော်တို့အစိုးရလက်ထက်မှာ လျှပ်စစ်ဓါတ်အား ထပ်ထုတ်နိုင်မယ့်အခွင့်အလမ်းအခြေအနေတွေက စီမံကိန်းတည်ဆောက်ဆဲ ကာလတွေပဲ များနေတယ်။ အသစ်ထုတ်ဖို့ စီမံကိန်းတွေကအနည်းဆုံး ၄-၅နှစ်ပေးမှ ထွက်မယ့်အနေအထားရှိတဲ့ အတွက် သုံးစွဲသူကသာ တိုးတက်လာတယ်။ ထုတ်တဲ့ဘက်ကတော့ နဂိုအတိုင်းမူလအတိုင်းပဲ ရှိနေတယ်ဆိုတော့ Demand ကတော့ ပိုများလာတယ် ပေါ့လေ။ ပိုများလာတဲ့အပေါ်ကို လိုအပ်ချက်တွေ အမြန်ဆုံးဖြည့်ဆည်းနိုင်မယ့်နည်းလမ်းလည်းကျနော်တို့ ရှာဖွေလို့လည်း ဒီနှစ်အတွင်းမှာဆိုရင် မယ်ဂါဝက်တိုးထုတ်နိုင်ပြီးတော့ လျှပ်စစ်မီးပျက်တဲ့ ဒုက္ခကိုလည်း တိုးတက်သုံးစွဲတာထက် နှိုင်းယှဉ်ရင် တော်တော်လေး ထိန်းနိုင်ခဲ့တယ်လို့ ယူဆရမှာပါ။ ဒါရှေ့နှစ်တွေကိုတော့ ဒီအတိုင်း ဒီလောက်နဲ့ကတော့ ရပ်ထားလို့မရဘူး အားလုံးဖြစ်နိုင်ခြေနည်းလမ်းတွေနဲ့ ထုတ်ယူသုံးစွဲနိုင်ဖို့ကို ကျနော်တို့အစိုးရအနေနဲ့တော့ ကြိုးစားနိုင်လိမ့်မယ်လို့တော့ ယူဆပါတယ်။ ကျနော်ကလွှတ်တော်ဘက်ကဆိုတော့ ဒါတွေကတော့ ပြောလို့မရဘူးပေါ့နော်။

ဦးသိန်းထိုက်ဦး။ ။တကယ်လို့ စွမ်းအင်ပြဿနာကိုဖြေရှင်းဖို့ဆိုရင် အဓိက လျှပ်စစ်စွမ်းအင် လုံလောက်ဖို့ဆိုရင် ဘာတွေလိုအပ်မယ်လို့ Recommendation ပေါ့နော် သုံးသပ်ပါသလဲခင်ဗျ။

ဦးကြည်မိုးနိုင်။ ။လျှပ်စစ်ဓါတ်အားတိုးတက်ရရှိဖို့ဆိုတဲ့နေရာမှာ လျှပ်စစ်ထုတ်နိုင်တဲ့ နည်းလမ်းတွေ ကတော့ မျိုးစုံရှိတာပေါ့နော်။ အဲဒီရှိတဲ့အထဲမှာ ဈေးအသက်သာဆုံးနဲ့ ရနိုင်တာက ရေအားလျှပ်စစ်ပေါ့။ ကျနော်တို့ခုနကပြောသလို ရေအားလျှပ်စစ်ကလည်း ၄-၅ နှစ်အတွင်းမှာ မထွက်လာနိုင်ဘူးဆိုတော့ တခြားနည်းလမ်းကို ရွေးချယ်မှပဲ ရနိုင်တဲ့အနေအထားပေါ့။ တခြားနည်းလမ်းကို ရွေးချယ်တာမှာ ဈေးနှုန်းအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဥပမာ- ကျောက်မီးသွေးဆိုရင် ရေအားလျှပ်စစ်ထက်ဈေးနည်းနည်းပိုကြီးမယ်။ နောက်တခါ သဘာဝဓါတ်ငွေ့သုံး မယ်ဆိုရင် သူ့ထက်ပိုပြီးတော့ ဈေးပိုများမယ်။ နောက်တခါ ရေအားလျှပ်စစ်ကနေပြီးတော့ နည်းလမ်းမျိုးစုံရှိတဲ့အထဲမှာ solar ပေါ့ အဲဒါဆိုရင်လည်း သူ့ထက်ပိုပြီးတော့ ဈေးပိုကြီးမယ်။ အဲဒီတော့ လျှပ်စစ်ကတော့ ရဖို့ကတော့ နည်းလမ်းမျိုးစုံသုံးလို့ရတယ်၊ ဒါပေမယ့် ဒီဟာတွေရဖို့အတွက် ၁ ယူနစ်ကို ကုန်ကျမယ့် ကျန်ကျစရိတ်နဲ့ လက်ရှိမြန်မာနိုင်ငံမှာ ကောက်ယူတဲ့နှုန်းထားနဲ့က ကွာဟချက်တွေများနေတော့ ပုဂ္ဂလိက ကိုပေးပေး၊ နိုင်ငံတော်အစိုးရကပဲ လုပ်လုပ် ဒီဟာကို ဘယ်လိုထပ်ပြီးအရှုံးခံနိုင်မလဲ ဆိုတဲ့ကိစ္စကတော့ လက်ရှိအကျပ်အတည်းဖြစ်နေတဲ့ မေးခွန်းတခုပေါ့နော်။

ဦးသိန်းထိုက်ဦး။ ။လောလောဆည်ဒီ စွမ်းအင်ချွေတာရေးနဲ့ ပတ်သက်လို့ အရေးပေါ်အစီအစဉ်တွေ ဘာတွေချမှတ်ပြီးတော့ ဘယ်လိုမျိုး ဆော်သြတာတွေ ဘယ်လို ညွှန်ကြားချက် တွေရှိပါသလဲ။

ဦးကြည်မိုးနိုင်။ ။အခုဒီမေးခွန်းကတော့ တကယ်တမ်း ကျနော်တို့ လွှတ်တော်ရဲ့ ပြောပိုင်ခွင့်ထဲမှာတော့ မရှိဘူးပေါ့နော် ။ ဒါက အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်တဲ့ ၀န်ကြီးဌာနဖြစ်တဲ့အတွက် ဒီလိုကိစ္စမေးခွန်းကတော့ သူတို့နဲ့ တိုက်ရိုက်ဆိုင်လိမ့်မယ်လို့ထင်တယ်၊ ကျနော်ကတော့ တိုက်ရိုက်ဖြေလို့မရဘူးပေါ့နော်။

ဦးသိန်းထိုက်ဦး။ ။ဒါပေမယ့် ဒီစွမ်းအင်ကိစ္စက နိုင်ငံရေးအရရော နိုင်ငံရေးကိစ္စတခုဖြစ်မလာနိုင်ဘူးလား နောင်ရွေးကောက်ပွဲတွေမှာ စွမ်းအင်လုံခြုံမှုမရှိဘူးဆိုရင်၊ ဒီအတွက်ရော အထူးသဖြင့် ဒီလွှတ်တော်ရေးရာအနေနဲ့ ပြင်ဆင်တာမျိုးတွေရှိပါသလား။

ဦးကြည်မိုးနိုင်။ ။လွှတ်တော်ရေးရာက ကျနော်တို့က ဒီလွှတ်တော်သက်တမ်း ၁ နှစ်ကျော်ကျော်မှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ကို ကျနော်တို့ oversight လုပ်ရမယ် check and balance လုပ်ရမယ် သဘောအရတော့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍရရှိရေး လက်ရှိအခြေအနေ အားလုံးကို အချက်အလက်တွေ ကိန်းဂဏန်းတွေ လေ့လာဆန်းစစ်ချက်တွေအားလုံး သုံးသပ်ချက်တွေကို ၀န်ကြီးဌာနနဲ့ လိုအပ်တဲ့အခါမှာ မေးမြန်းတာတွေ ဆွေးနွေးတာတွေလုပ်နေပါတယ်။ သူတို့ဘာတွေဆက်လုပ်မလဲဆိုတာကတော့ သူတို့ကျနော်တို့ကို ကမ်းလှမ်းလို့ ၊ ဖိတ်ကြားလို့ ဆွေးနွေးညှိနှိုင်းမယ်ဆိုရင်တော့ ကျနော်တို့ဘက်ကလည်း ကော်မတီက ဒါတွေကို တိုက်တွန်းဆွေးနွေးဖို့ကလည်း ရှိပါတယ်။ အဲဒီတော့ တကယ်လို့ လိုအပ်တဲ့အပြောင်းအလဲကို ဘာတွေလိုအပ်တယ်ဆိုတာကို ကျနော်တို့ကို ရှင်းရှင်းလင်းလင်း ပြောဖို့အချိန်ရောက်လာပြီဆိုရင်လည်း ကျနော်တို့လွှတ်တော်ဘက်ကနေ လွှတ်တော်ရဲ့လုပ်ပိုင်ခွင့်ဘောင်ထဲကနေ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ရှိပါတယ်။”

XS
SM
MD
LG