သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတဝန်း အပူလှိုင်းအန္တရာယ်နဲ့ကြုံ


အပူလှိုင်းဖြတ်နေချိန်အတွင်း ရန်ကုန်မြို့မှာတွေ့ရတဲ့ လမ်းသွားလမ်းလာအမျိုးသားနဲ့ ကလေးငယ်တဦး (ဧပြီ ၁၉၊ ၂၀၂၃)
အပူလှိုင်းဖြတ်နေချိန်အတွင်း ရန်ကုန်မြို့မှာတွေ့ရတဲ့ လမ်းသွားလမ်းလာအမျိုးသားနဲ့ ကလေးငယ်တဦး (ဧပြီ ၁၉၊ ၂၀၂၃)

ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ နွေရာသီကာလ နေ့အပူချိန်တိုးလာနေပြီး အသက်ကြီးသူနဲ့ ရောဂါအခံရှိသူတွေ အပူဒဏ်ကြောင့် အသက်သေဆုံးတဲ့အထိ ရှိလာပါတယ်။ မြို့တချို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ပိုပူပြင်းတာလည်း ရှိလာနေလို့ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ဖို့ကိုလည်း သတိပေးနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး မခင်ဖြူထွေး ပြောပြမှာပါ။

မြန်မာနိုင်ငံရဲ့ နွေရာသီကာလထဲ အခုဧပြီလမှာ အပူချိန်သိသိသာသာ တိုးလာတဲ့ဒဏ်ကို ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ ခံစားနေရတာပါ။ လူနေထူထပ်တဲ့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာလည်း လျှပ်စစ်မီးပုံမှန် မရကြတာကြောင့် နွေရာသီရဲ့ အပူဒဏ်ကို ခံစားနေကြရသူ ပြည်သူတွေအဖို့ အခုထက် အပူချိန်ထပ်တိုးရင် အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။

ဧပြီလ ၁၉ ရက်၊ မနေ့က နေ့လည် ၁၂ နာရီဝန်းကျင်အချိန်မှာ နွေအပူရှိန်ကြောင့် အဖိုးအိုတဦးလဲကျသေဆုံးတဲ့ ဖြစ်စဉ်လည်း မရမ်းကုန်းမြို့နယ်မှာ ဖြစ်ခဲ့ပါတယ်။ သေဆုံးသွားတဲ့ အသက် ၇၀ အရွယ် အဖိုးအိုမှာ ရောဂါအခံရှိ၊ မရှိဆိုတာကိုတော့ မသိရပေမယ့် နေအရမ်းပူတဲ့အချိန်မှာ လဲကျသေဆုံးသွားတာလို့ မြန်မာ့ကြယ်ဖြူပရဟိတတာဝန်ရှိသူတဦးက ပြောပါတယ်။

"လတ်တလော ကြုံတွေ့နေရတာတော့ အသက်ကြီးပိုင်း လူနာတွေကို ပို့ဆောင်နေရတဲ့ အနေအထားတွေပေါ့။ ရောဂါအခံလည်း ရှိတယ်။ တချို့ဆို ဆီးချိုနဲ့ သွေးတိုးရှိတဲ့သူတွေ ရှော့ခ်ရတာတွေရှိတယ်။ မနေ့ကဆိုရင်လည်း မင်းဓမ္မမီးပွိုင့်ထောင့်မှာ အဖိုးအိုတဦး လဲကျသွားတာ။ သွားရောက်ကြည့်တဲ့ အခါကျတော့ အသက်ကမရှိတော့ဘူး။ သူ့ရောဂါအခံ ဘာရှိတယ်ဆိုတာတော့ ကျနော်တို့လည်း မသိရဘူး။ ရာသီဥတုပူတော့ အသက်ကြီးပိုင်းတွေ၊ ရောဂါအခံရှိတဲ့ သူတွေကတော့ အပြင်မထွက်တာ ကောင်းပါတယ်။"

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်ကနေ ၆ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်ပိုခဲ့ပြီး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ချင်းပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်ပိုခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာတော့ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်သာ ရှိခဲ့ပါတယ်။ အခု နွေရာသီကာလမှာ ပူပြင်းတဲ့အပူချိန်က နှစ်စဉ်ဖြစ်လေ့ရှိတဲ့ အပူချိန်မှာသာ ရှိနေပြီး၊ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ပိုတဲ့နေရာတွေမှာတော့ နေ့အပူချိန် သတိထားဖို့ကို မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

"အဓိက နေ့အပူချိန်တိုးတာက စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့တွေပါမယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်တဲ့ မန္တလေးတိုင်းနဲ့ မကွေးပေါ့နော်။ လက်ရှိတိုးနေတာ ဒီမြစ်ဝကျွန်းပေါ်ဆိုရင် ရန်ကုန်ရှိမယ်။ အဲဒီနေရာတွေပါပဲ၊ နှစ်တိုင်းပုံမှန် အပူချိန်မြင့်တက်တဲ့ နေရာတွေပါ၊ ဒီနှစ်မှ တက်တာတော့ မဟုတ်ဘူးပေါ့။ မကွေးတိုင်းဒေသကြီးထဲက မြို့တွေဆိုရင် ပုံမှန်အားဖြင့်တက်တာ ၄၀၊ ၄၅ တခါတရံ ၄၆ လောက်ထိ ရောက်သွားတာတွေ ရှိတယ်။ အပူချိန်တက်တာက အခုဖြစ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲက မြို့တွေပါပဲ။ အဲဒီနေရာတွေကတော့ သတိထားရမှာပေါ့နော်။"

မြင်းခြံ၊ ညောင်ဦးနဲ့ ချောက်မြို့မှာ ထူးခြားနေ့အပူချိန် အနေနဲ့ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။ ကလေးဝ၊ တမူး၊ မင်းကင်းနဲ့ ရွှေဘို၊ မုံရွာ၊ မြင်းမူ အပါအဝင် တံတားဦး၊ ဂန့်ဂေါနဲ့ ဆင်ဖြူကျွန်းမြို့မှာတော့ ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။ ဟုမ္မလင်းမြို့မှာတော့ မနက်ဖြန်အတွက် အမြင့်ဆုံး နေ့အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်မှာ ရှိနေပြီး၊ မုံရွာ၊ မန္တလေးနဲ့ မကွေးမြို့မှာတော့ မနက်ဖြန်အတွက် အမြင့်ဆုံး နေ့အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိ ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG