သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် နိုင်ငံတဝန်း လျှပ်စစ်မီးရရှိမှု လျော့ကျနိုင်  


ယခင်မှတ်တမ်းဓါတ်ပုံ | ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့တွင် ဖယောင်းတိုင်မီးနှင့် ညစာစားနေကြသည့် မိသားတစု။ စက်တင်ဘာ ၂၄၊ ၂၀၁၃။
ယခင်မှတ်တမ်းဓါတ်ပုံ | ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့တွင် ဖယောင်းတိုင်မီးနှင့် ညစာစားနေကြသည့် မိသားတစု။ စက်တင်ဘာ ၂၄၊ ၂၀၁၃။

ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတချို့က လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို ပေးပို့နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ပြုပြင်တဲ့အတွက် ဒီရက်ပိုင်းထဲမှာ လျှပ်စစ်ဓာတ်အား လျှော့နည်းနိုင်ကြောင်း လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက ဒီနေ့ တပြိုင်နက်တည်း အသိပေးထားပါတယ်။ လျှပ်စစ်ကို အချိန်ပိုင်းပဲရနေချိန်မှာ ထပ်ပြီးပိုဆိုးလာမယ့် အခြေအနေကို လုပ်ငန်းရှင်တွေက စိုးရိမ်ကြပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

တရက်ကို လေးနာရီခြား တနိုင်ငံလုံးကို အလှည့်ကျမီးပေးနေတာကနေ လျှပ်စစ်ဓာတ်အား ထပ်ပြီးလျော့ကျနိင်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကော်ပိုရေးရှင်းဘက်က ဒီနေ့အသိပေးလိုက်ပါတယ်။ ဘယ်လောက်အထိ လျော့ကျသွားမယ်ဆိုတာ မသိရပေမဲ့ တရားဝင် ကြေညာချက်မှာတော့ ၂၂၅ မီဂါဝပ် လျော့နည်းသွားလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အရာရှိတဦးကတော့ လက်ရှိ အလှည့်ကျမီးပေးတဲ့ပုံစံကို ပြင်မှာမဟုတ်ဘဲ လိုအပ်ရင် ပြတ်တောက်မှု ဖြစ်နိုင်တာကို ကြိုတင်အသိပေးတာလို့ ဗွီအိုအေကို ပြောပါတယ်။

" အဲဒါက လျော့ကျသွားမယ်ဆိုတာက လိုအပ်ရင် L.D.C Load Shed တွေဘာတွေ၊ မီးပိတ်ရင်ပိတ်မယ်ဆိုတဲ့ သဘောပါပဲ။ အလှည့်ကျတော့ ဒီအတိုင်း ပေးနေမှာပေါ့။ ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ အခုသွားနေတဲ့ အလှည့်ကျအတိုင်းပဲ။ အလှည့်ကျကိုပြင်ဖို့မှ ညွှန်ကြားချက်မှ မရှိသေးဘဲနဲ့။ ကျနော်တို့ အလှည့်ကျပေးတာ ပြင်မယ်ဆိုရင် တရားဝင် ထပ်ပြီးတော့ ချပြမယ်နော်။"

အခု မနက် ၅နာရီကနေ ၉နာရီ၊ ၉နာရီကနေ ၁နာရီ၊ ၁နာရီကနေ ၅နာရီ ဒီပုံစံအတိုင်း မြို့နယ်အများစုမှာ အလှည့်ကျစနစ် ကျင့်သုံးနေတာ ဖြစ်ပါတယ်။

ညနေပိုင်းအချိန်တွင် တွေ့ရသည့် ရန်ကုန်မြို့လယ်ခေါင်မြင်ကွင်း။ အောက်တိုဘာ ၂၃၊ ၂၀၁၂။
ညနေပိုင်းအချိန်တွင် တွေ့ရသည့် ရန်ကုန်မြို့လယ်ခေါင်မြင်ကွင်း။ အောက်တိုဘာ ၂၃၊ ၂၀၁၂။

မီးရတဲ့အချိန် နည်းတာကြောင့် အသေးစား၊ အလတ်စား အိမ်တွင်းမှုလုပ်ငန်းတွေလည်း ရပ်တည်ဖို့ ခက်ခဲနေတုန်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ရန်ကုန်က တွင်ခုံလုပ်ငန်းရှင်တဦးက အခုလိုပြောပါတယ်။

"ညီမတို့က ဝရိန်ဆိုတော့ မီးက အဓိကလိုတယ်ပေါ့နော်။ မီးရနေတာတောင်မှ ညီမတို့က ဝရိတ်တွန်းရတာဆိုတော့ ရိုးရိုးမီးစက်တွေနဲ့လည်း အဆင်မပြေဘူးပေါ့။ ဗို့အားအများကြီး သုံးရတာပေါ့။ အဲဒီတော့ မီးမလာတဲ့အချိန်တွေဆို ညီမတို့က Customer နဲ့ အလုပ်လုပ်တာဆိုတော့ Time လည်း အတိအကျ လုပ်ပေးရတာဆိုတော့ အချိန်တွေလည်း မမီဘူး။ ပြီးတော့ Labour တွေလည်းထောင်းတယ်။ မီးစက်ဝယ်ပြီး အလုပ်လုပ်ပေမဲ့ လူတွေကငွေအားလည်း နည်းနေတာဆိုတော့ အော်ဒါလေးတွေလည်း နည်းတဲ့အခါကြတော့ တခါတလေ မီးစက်တွေလည်း သိပ်မ Run နိုင်ဘူး။ အဲဒီတော့ အလုပ်တွေလည်း ပါးတယ်ပေါ့။"

ဒီရက်ပိုင်းထဲမှာ နေပြည်တော်ကိုပါ အလှည့်ကျမီးပေးတော့မယ်လို့ လျှပ်စစ်စွမ်းအားဌာနဘက်က ထုတ်ပြန်ထားပါတယ်။ နေပြည်တော်ခရိုင်ထဲက မြို့နယ်တွေမှာ မကြာခဏ မီးပျက်လေ့ရှိလာပေမယ့် အခုအလှည့်ကျပေးဖို့ ဌာနဆိုင်ရာဘက်က ထုတ်ပြန်လာတာပါ။

မကြာသေးခင်က ရန်ကုန်က SME လုပ်ငန်းရှင်တွေနဲ့ စစ်ကောင်စီခေါင်းဆောင်တို့ တွေ့ဆုံခဲ့တာမှာ လုပ်ငန်းရှင်တွေက လျှပ်စစ်မီး ပုံမှန်ရရှိဖို့ ပြောဆိုခဲ့ကြပါတယ်။ လျှပ်စစ်မရတာကြောင့် ကုန်ကျစရိတ် မကာမိဘဲ ၂နှစ်အတွင်း ရပ်နားသွားတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေ အများအပြားရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG