သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်ရုံအလုပ်ရုံတွေမှာ COVID-19 မဖြစ်မနေစစ်ဆေးပေးတဲ့စနစ် သတ်မှတ်ဖို့ လုပ်ငန်းရှင်တွေလိုလား


(Zawgyi/Unicode)

ကပ်ရောဂါကိုဗစ်ကူးစက်မှုတွေ ထောင်ချီထပ်တိုးလာနေချိန်မှာပဲ အကန့်အသတ်တွေနဲ့ ယာယီပိတ်ထားတဲ့စက်ရုံတွေ ပြန်လည် လုပ်ကိုင်ခွင့်ပြုချိန် လုပ်ငန်းခွင်ပြန်ဝင်မယ့် စက်ရုံလုပ်သားတွေကိုကုမ္ပဏီတွေရဲ့ကျခံမှုနဲ့COVID စစ်ပေးဖို့ အစိုးရကို စီးပွားရေးလုပ်ငန်းရှင်တွေ တောင်းဆိုလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က အသေးစိတ်ကို တင်ပြမှာပါ။

မြန်မာနိုင်ငံမှာ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကူးစက်မှုနှုန်းက တရက်ကို တထောင်ဝန်းကျင် အထိ နေ့စဉ်ရက်ဆက်ဆိုသလို ဓာတ်ခွဲစမ်းသပ် ရှာဖွေစစ်ဆေးတွေ့ရှိနေချိန်မှာပဲ လုပ်ငန်းခွင်တွေ ပြန်လည်လည်ပတ်နိုင်ဖို့ ယာယီပိတ်ထားတဲ့ စက်ရုံအလုပ်ရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် အကန့်အသတ်တွေနဲ့ ဒီသီတင်းပတ်ထဲမှာပဲ ပြန်ဖွင့်ခွင့်ပေးလိုက်တာပါ။

ဒါပေမဲ့ စက်ရုံအလုပ်ရုံတွေအနေနဲ့ မိမိတို့ရဲ့အစီအစဉ်နဲ့ ကိုဗစ်၁၉ ရောဂါပိုးရှိ-မရှိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရပဲ မစစ်ဆေးကြဖို့နဲ့ ခွင့်ပြုချက်မရှိပဲ စစ်ဆေးနေတာ တွေ့ရင် တည်ဆဲဥပဒေအရ တရားစွဲခံရနိုင်တယ်ဆိုတာကို အသင်းဝင်စက်ရုံများ အားလုံးသို့ အသိပေးညွှန်ကြားချက်ဆိုပြီး အောက်တိုဘာလ ၁၃ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ကြေညာချက်ထုတ်ပါတယ်။

ဒီလိုအခြေအနေမှာ လုပ်ငန်းခွင်ပြန်ဝင်ကြမယ့် လုပ်သားတွေထဲ တကယ်လို့ COVID ဖြစ်နေတဲ့သူ ပါလာခဲ့ရင် စက်ရုံတခုလုံး ကူးစက်ပြန့်ပွားမှု အန္တရာယ်ကြီးမားတာမို့ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကုမ္ပဏီရဲ့ ကုန်ကျစားရိတ်နဲ့ ကိုဗစ် ၁၉ ရှိ-မရှိ စစ်ဆေးနိုင်ဖို့ အစိုးရအစီအစဉ်နဲ့ စစ်ပေးဖို့ တောင်းဆိုပါတယ်လို့ မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဌလည်းဖြစ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကပြောပါတယ်။

“ ကျနော်တို့က မြင်တာက အခုက စက်ရုံကပြန်လည်တဲ့အခါကျတော့ တချို့တွေကလည်း နယ်ကလာကြတယ်။ နယ်အစုံကပေါ့။ အဲ့မှာ ကူးစက်သူပါလာရင် သူတို့ကို ကူးစက်နိုင်လားဆိုတာကို ဝန်ထမ်းတွေကလည်း မေးကြတယ်။ ကျနော်တို့ဘက်က အစိုးရက Guild Lines တွေထဲမှာ စစ်တာတွေကို ထည့်ပေးစေချင်ပါတယ်။ အခုက ကားသမားတွေကိုတော့ တောက်လျောက် စစ်ပေးနေတာတွေ့တော့ ကျနော်တို့ဘက်က စက်ရုံအလုပ်ရုံထဲကို ပြန်အလုပ်ဝင်တဲ့သူတွေကို COVID-19 Screening များ လုပ်နိုင်မလားပေါ့ ဒါစဉ်းစားကြည့်တာပေါ့နော်။"

စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်ထဲ ပြန်ဝင်လာတဲ့သူတွေကို အခုလို မဖြစ်မနေ COVID ရှိ-မရှိ စစ်ဆေးပေးခြင်းအားဖြင့် စက်ရုံတွင်း ပျံ့နှံ့ကူးစက်မှုကို အမြန်ဆုံးသိရှိကာကွယ်နိုင်သလို ပိုးတွေ့ရှိသူနဲ့ ထိတွေ့ဆက်စပ်မှုတွေကို သိရှိနိုင်ပြီး အများပြည်သူကြား ကူးစက်မြန်ရောဂါပိုး ကူးစက်မှု ကြိုတင်ကာကွယ်နိုင်တဲ့အနေအထားဖြစ်တာကြောင့် အစိုးရဝန်ကြီးဌာနတွေနဲ့ဆွေးနွေးမှုတိုင်းမှာ တစိုက်မတ်မတ်တောင်းဆိုနေတယ်လို့ ဒေါက်တာစိုးထွန်းကပြောပါတယ်။

“ တကယ်လို့ သူတို့က COVID-19 Screening စစ်ခွင့်ပေးမယ် စမ်းသပ်ပေးတယ်ဆိုရင်တော့ လုပ်ငန်းခွင်သမားတွေ လုပ်ငန်းရှင်တွေက ပူးပေါင်းပါဝင်ကြမှာပဲ။ ကျနော်တို့ကတော့ ကိုယ့်ဝန်ထမ်းတွေ ကိုယ့်လုပ်ငန်းခွင် ပတ်ဝန်းကျင်ပေါ့ စစ်ပေးတဲ့အခါမှာတခုက အများအတွက် တခါတည်း ပေါ့စတစ်ရှိ-မရှိ တခါတည်း လုပ်တဲ့သဘောဖြစ်သွားမယ်။ နောက်တခုက လုပ်ငန်းခွင်မှာ တယောက်က ပေါ့စတစ်ဖြစ်ခဲ့ရင် လုပ်ငန်းခွင်တခုလုံးLock Down ကျသွားနိုင်တာပေါ့နော်။ အဲ့တော့ ဒီလုပ်သားတွေ လုပ်ငန်းခွင်ပြန်ဝင်ကတည်းက စစ်ပေးထားတယ်နိုင်ဆိုရင် ဘာပဲဖြစ်ဖြစ် ကျနော်တို့အတွက် အဆင့်တဆင့်ခံထားတဲ့သဘော လုပ်ပေးနိုင်မလားလို့ စဉ်းစားမိတာပေါ့။ကျနော်တို့က ပထမဆုံးလုပ်ငန်းခွင် စဝင်တဲ့သူတွေကို စစ်လိုက်ရင် ပိုများမိနိုင်မလားပေါ့နော်။ပေါ့စတစ်တွေ့ခဲ့လို့ အစကတည်းက အလုပ်မဆင်းခိုင်းဘူးဆိုရင် ပိုပြီးအဆင်ပြေမှာပေါ့။ အရင်ကတော့ အဖျားတိုင်းတာ လက္ခဏာပေါ်တာဆို အလုပ်မဆင်းခိုင်းခဲ့ဘူးလေ။ အခုကတော့ လက္ခဏာမပြပဲ ပေါ့စတစ်ရှိတဲ့သူတွေကလည်း ရှိနေကြတာကိုး။ ဆိုတော့ ဆွေးနွေးပွဲတွေမှာ ကျနော်တို့တင်ပြတာမျိုးတွေရှိတာပေါ့။”

ကမ္ဘာတဝန်း ကိုဗစ်၁၉ ကြောင့် စီးပွားရေးဈေးကွက်တွေထိခိုက် လုပ်ငန်းခွင်တွေ ပိတ်သိမ်းနေကြရချိန်မှာ ရေရှည်ကုန်ထုတ်လုပ်ငန်းတွေ စက်ရုံအလုပ်ရုံတွေ ရပ်နားထားရရင် အခြေခံလုပ်သားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ထိခိုက်မှုရှိပါတယ်။ ဒီလိုထိခိုက်မှုတွေကို အစိုးရကျားကန်ပေးထားဖို့ စိန်ခေါ်မှုတွေရှိနေတဲ့ မြန်မာပြည်လိုအနေအထားမှာ နောက်ထပ် ပိုးတွေ့လို့ ထပ်ပြီး လုပ်ငန်းခွင်တွေ ရပ်မပစ်ဖို့ ရေရှည်နည်းလမ်းတွေကို စဉ်းစားတဲ့အနေနဲ့ အခုလို ကိုဗစ်စစ်ပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့လည်း ဒေါက်တာစိုးထွန်းကပြောပါတယ်။

“ စက်ရုံအလုပ်ရုံတွေ အားလုံးပိတ်ထားတဲ့အခါကျတော့ ရေရှည်ကတော့ မဖြစ်နိုင်ဘူးပေါ့ဗျာ။ကျနော်တို့ဆီမှာဆိုလည်း လုပ်ငန်းခွင်တွေ ပိတ်ထားတာ လချီလာပြီပေါ့နော် နောက် ကျနော်တို့တိုင်းပြည်က ကျန်တဲ့တိုင်းပြည်နဲ့ကွာတာ ကျနော်တို့ဆီက ထောက်ပံ့မှုနည်းတာပေါ့။ ကျန်တဲ့တိုင်းပြည်တွေကတော့ အလုပ်ပိတ်ချိန် အပြည့်အဝ ထောက်ပံ့ပေးတာရှိတယ်။ ပံ့ပိုးမှုက များတာပေါ့။ ကျနော်တို့ တိုင်းပြည်ကတော့ ပံ့ပိုးမှုကလည်း ပြောရင်တော့ ကျန်တဲ့တိုင်းပြည်ထက်စာရင်နည်းတယ်လေ။ နည်းတော့ ကိုယ့်ဘာသာကိုယ်ပဲ ရပ်တည်ကြရတာများတယ်။ အဲ့တော့ လုပ်ငန်းခွင်ပိတ်သွားရင် ရေရှည်က မလွယ်နိုင်ဘူး မလွယ်နိုင်တဲ့အတွက်ကြောင့်မို့ ကျနော်တို့က လက်ရှိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့ စက်ရုံတွေ ပြန်လည်ပတ်နိုင်ဖို့ စီစဉ်နေကြရတာပေါ့။”

အခုလက်ရှိမှာတော့ စက်ရုံအလုပ်ရုံတွေနဲ့ ကုန်ထုတ်လုပ်ငန်းခွင်တချို့ ပြန်လည်လည်ပတ်စပြုနေပြီး လုပ်ငန်းခွင်အတွင်း ကူးစက်မြန် ကိုဗစ်၁၉ ရောဂါကာကွယ်နိုင်ရေး ပြင်ဆင်ထားရှိမှုတွေနဲ့ပတ်သက်လို့ အားနည်းချက်တွေရှိသလို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ချမှတ်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို အပြည့်အဝ မလိုက်နာတဲ့စက်ရုံတွေရှိနေတယ်ဆိုပြီး အလုပ်သမားရေးလှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေဘက်က စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)











XS
SM
MD
LG