သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးနောက်ဆက်တွဲ အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်


မြန်မာနိုင်ငံတဝှမ်းမှာ ရေကြီးရေလျံပြီး မြေပြိုကျတာတွေ ဖြစ်ပေါ်ခဲ့လို့ သေဆုံးသူ ၇၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ ဒါ့အပြင် ရေဘေးနောက်ဆက်တွဲ ရောဂါတွေဖြစ်ပွားတာတွေအတွက်လည်း ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ တနင်္သာရီတိုင်း ၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့မှာ ဂျူလိုင်လနဲ့ သြဂုတ်လ အတွင်း ရေကြီးရေလျံပြီး မြေပြိုတာတွေ ဖြစ်ပွားခဲ့လို့ သေဆုံးသူ ၇၀ ကျော်ထိ ရှိလာပြီး ရေဘေး ဒုက္ခသည် ၈ သောင်းကျော်ရှိလာနေပါပြီ။

သေဆုံးမှုအဆိုးဆုံးက အခုလ ၁၀ ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့ သဲဖြူချောင်းကျေးရွာမှာ တောင်ပြိုကျတာကြောင့် လူ ၆၅ ယောက် သေဆုံးတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ သေဆုံးဒဏ်ရာရှိတဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက

"၆၅ ယောက်မနေ့က သိရတယ်။ ၄၇ ဦးဒဏ်ရာရပေါ့။ အဲ့ဒါက ပေါင်မြို့နယ်။ နောက်ကျွန်မတို့ မနေ့ကထိ သိထားတာက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ၁ ယောက်ရှိတယ် ကျား ၁ ဦးပေါ့ ရေနစ်သေဆုံးတယ်။ တနင်္သာရီတိုင်းမှာကျတော့ တင်္သာရီမြို့နယ်မှာ ကလေး ၁ ဦးသေဆုံးတယ်။ နောက်တင်္သာရီမြို့နယ်မှာ တပ်မတော်သား ၁ ဦးသေဆုံးတာရှိတယ်။ မန္တလေးကကျတော့ ညောင်ဦးမြို့နယ်ပေါ့ သူကလည်း ၁၀ ရက်နေ့ လောက်ကပါ မိုးရွာတုန်း တံတားဖြတ်ကူးရင်းနဲ့ ကျား ၁ ဦးသေဆုံးတာရှိတယ်။ နောက်သံဖြူဇရပ်မှာလည်း ရှိတယ်လို့ သိရပေမယ့် ကျွန်မတို့ အတိအကျမသိရသေးဘူး။"

ဒါ့အပြင် ရေး-ထားဝယ်လမ်းပိုင်း ၊မလွှဲတောင်မှာ တောင်ပြိုကျတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့လို့ အမျိုးသား ၂ ဦးသေဆုံး ခဲ့ပါသေးတယ်။ အစိုးရအနေနဲ့ လက်ရှိအချိန်ထိ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်တိုက်ပြုလုပ်နေသလို လိုအပ်တဲ့ ကူညီထောက်ပံ့တာတွေလည်း ပြုလုပ်နေပါတယ်။

ရေကြီးရေလျံတာရဲ့ နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျော ကျန်းမာရေး ပြသာနာတွေအတွက် ရေသန့်စင် ဆေးထည့်တာတွေ ဆောင်ရွက်နေတယ်လို့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက

"ရေကန်တွေမှာ ဒီဟာမဖြစ်အောင် ဆေးခပ်ဖို့ ပိုးသတ်ဆေးတွေခပ်တဲ့ဟာလေ အဲ့ဒါတွေကို လိုက်ပြီးတော့ ဆောင်ရွက်နေကြတယ်။ အဲ့ဒါတွေက လုပ်ကိုလုပ်ရမှာ ရေကျပြီးတာနဲ့ ရေကန်တွေ သုံးလို့ရအောင် အဲ့ဒါတွေ ပြန်ပြီးတော့ ဆောင်ရွက်ရမှာ အရေးကြီးဆုံးက အဲ့ဒါပဲ။ အဲ့ဒါမှမလုပ်ရင် ဝမ်းလျောမှာပဲ။"

လက်ရှိအချိန်မှာတော့ တောင်ပြိုကျတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတဲ့ ရေးထားဝယ် မလွှဲတောင် လမ်းပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ယာယီဘေလီတံတားထိုးပေးထားတဲ့အတွက် ယာဉ်များ ပုံမှန်ပြန်လည် သွားလာနေနိုင်ပြီဖြစ်ပါတယ်။

ရေပြန်ကျသွားပြီဆိုပေမယ့် ရေဘေးဒုက္ခသည်တွေဟာ ရေဘေးရှောင်စခန်းတွေမှာ ဆက်လက်ခိုလှုံနေရဆဲပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ပြိုကျမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မြေပြိုကျရာမှာ ပါသွားတဲ့ အိမ်တွေကို ပြန်လည် တည်ဆောက်ပေးမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကပြောပါတယ်။

ပညာရှင်တွေကတော့ မွန်ပြည်နယ်နဲ့ တင်္သာရီမှာ နောက်ထပ်တောင်ပြိုကျတာတွေ ဖြစ်ပေါ်မှာ စိုးရိမ်တဲ့အတွက် တောင်ပေါ်နဲ့ တောင်ဇောင်းတွေမှာ နေထိုင်တဲ့ လူတွေကို ပြောင်းရွှေ့ဖို့ အကြံပြုထားပါတယ်။ ဒါ့အပြင် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း မိုးလေဝသ သတင်းတွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန် ပေးနေသလို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနကလည်း အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းတွေကို ထုတ်ပြန်ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG