သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1-A ရာသီတုပ်ကွေးနဲ့ဆက်စပ်ပြီး သေဆုံးသူ ၉၉ ဦးရှိ


မြန်မာနိုင်ငံမှာ H1N1 pdm09 အမျိုးအစား ရာသီတုပ်ကွေးနဲ့ဆက်စပ်ပြီး သေဆုံးသူ ၉၉ ဦးရှိသွားပြီလို့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ သေဆုံးသူ အများစုကတော့ အခြားရောဂါအခံနဲ့ သေဆုံးကြတာဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါကြောင့် ရာသီတုပ်ကွေးရောဂါလက္ခဏာ ခံစားရရင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို အမြန်ဆုံးပြဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းပါတယ်။

ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့် စုံစမ်းမေးမြန်းထားတာပါ။

ဇန်နဝါရီလကနေ သြဂုတ်လလယ်အထိ မြန်မာနိုင်ငံတဝှမ်း ရာသီတုပ်ကွေး ရောဂါပိုး သံသယရှိသူ ၁၃၀၀ ကျော်မှာ ပိုးတွေ့ရှိသူ ၅၀၀ ကျော်ရှိပြီး အဲဒီထဲကနေ ၉၉ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ သေဆုံးသူအများဆုံးကတော့ လူဦးရေများတဲ့ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး ၆၆ ဦး သေဆုံးထားပါတယ်။

H1N1 pdm09 အမျိုးအစား ရာသီတုပ်ကွေးပိုးနဲ့ဆက်စပ်ပြီး သေဆုံးသူအများစုကတော့ အခြားရောဂါအခံတွေကြောင့်ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

"ရာသီတုပ်ကွေးကြောင့်သေတာက ၈ ယောက် အသက်ငယ်လွန်းသူ အသက်ကြီးလွန်သူ ရာသီတုပ်ကွေး ကြောင့်သေတာ ၁၀ ယောက်ဆိုတော့ ၁၈ ယောက်ပေါ့နော်။ ၈၁ ယောက်ကကျတော့ နောက်ခံ သူတို့မှာ ရောဂါ ရှိနေတာပေါ့။ နာတာရှည်ရောဂါ လက္ခဏာတွေရှိနေတာ။ အဲ့ရှိနေတဲ့လူက ၈၁ ယောက်ပေါ့နော်။ သေဆုံးတယ်ဆိုတာ သေဆုံးတဲ့လူသာ ပြောနေတာ တကယ့်တကယ် ဆေးရုံ တက်ရောက် ကုသသူ ၄၀၀ တိတိရှိတယ်။ အဲ့ ၄၀၀ မှာ ပျောက်ကင်းပြီး ဆေးရုံကဆင်းသွားတဲ့လူက ၂၇၉ ဦးဆိုတော့ ၃ ပုံ ၂ ပုံလောက်က ရာသီတုပ်ကွေးကြောင့် ကုသပျောက်ကင်းပြီးတော့ ဆေးရုံက ဆင်းသွားပြီပေါ့။"

သေဆုံးသူတွေထဲမှာ အများစုဟာ ရောဂါအခံရှိပြီး ဆေးရုံလာရောက် ကုသတာ နောက်ကျတာကြောင့်လို့ လည်းဆိုပါတယ်။ မြန်မာအိမ်နီးချင်း အာဆီယံနိုင်ငံအချို့မှာလည်း ရာသီတုပ်ကွေးဖြစ်ပွားမှုများနေသလို အသေအပျောက်တွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ရာသီတုပ်ကွေး ရောဂါကုသဖို့အတွက် အရေးပေါ် ဆေးကုသပေးရေးဖွင့်လှစ်ထားပြီး ကုသပေးနေပါတယ်။ ဆေးရုံတိုင်းမှာ ရာသီတုပ်ကွေး ကုသဖို့ ပြင်ဆင် ထားပြီး အချိန်မှီကုသနိုင်ရင် အသက်မသေဆုံးနိုင်တဲ့အတွက် အစိုးရိမ်မလွန်ဖို့ ဒေါ်ခင်ခင်ကြီးက အကြံပြုပါတယ်။

"ကျွန်မတို့ဆေးရုံတိုင်းမှာ ဆေးရုံကြီးတိုင်းမှာ Facility ICU အကုန်လုံး လူနာတွေနဲ့ ပတ်သက်လို့ ကုသမှု ဆေးဝါးပစ္စည်း အကုန်ထောက်ပံ့ထားပြီးသား ဆေးရုံကြီးတိုင်းက ဒီလူနာကို ကုသနိုင်တယ်။ ကောင်းကောင်း ကိုင်တွယ်ကုသနိုင်တယ်။ ဒါပေမယ့် လူနာကိုယ်တိုင်က ဆေးရုံကို စောစောလာဖို့ လိုတယ်။ အဲ့ဒါဆိုတဲ့အခါကျတော့ ဒါကတော့ ပြည်သူလူထုကို သိစေချင်တာက ရာသီတုပ်ကွေးရောဂါက ကြောက်စရာ မဟုတ်ဘူး။ ဒါပေမယ့် မိမိမှာ နောက်ခံရောဂါရှိနေမယ်။ နာတာရှည်ရောဂါရှိနေမယ်ဆိုလို့ရှိရင် သေချာ ဆရာဝန် ဆေးခန်း သေချာပြသမယ်။ အဲ့ဒီလက္ခဏာတွေရှိနေတယ်ဆိုရင်တော့ ဆေးရုံမှာ အမြန်ကုသမှုခံယူရင်တော့ အသက်သေဆုံးတဲ့အထိတော့ မဖြစ်ဘူးပေါ့။"

ရာသီတုပ်ကွေး ရောဂါစဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်အပူချိန်မြင့်တက်လာပြီး နှာရည်ယို ဖျားနာခြင်း မောပန်း အသက်ရှုပ်ကျပ်ခြင်းတို့အပြင် ကိုယ်လက်ကိုက်ခဲတဲ့ ဝေဒနာတွေပါ ခံစားလာရပါတယ်။ ရာသီတုပ်ကွေး ဖြစ်ပွားနေပြီဆိုရင် လူအများကြား သွားလာမှုကို ရှောင်ရှားပြီး သွားလာရင်လည်း နှာခေါင်းစည်းတွေ အုပ်ထားသင့်တယ်လို့ ဆရာဝန်တွေက အကြံပြုပါတယ်။

ဒါ့အပြင် ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့လည်း ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး ရှောင်ရန် ဆောင်ရန် အချက်တွေကို အမြဲမပြတ် ထုတ်ပြန်ပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG