မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရာသီပေါ် တုတ်ကွေးရောဂါတစ်ခုဖြစ်တဲ့ H1N1 ရောဂါကြောင့် သေဆုံးသူ ဦးရေ ၈၉ဦးထိရှိလာပီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောပါတယ်။ရာဂါပိုးကူးစက်ခံရရင် မူလရောဂါအခံရှိသူတွေအတွက် ပိုပြီး သတိထားသင့်တယ်လို့ ကျန်းမာရေးအရာရှိတွေက သတိပေးပါတယ်။ ဗွီအိုအေ ရန်ကုန်ရုံးက ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ H1N1 ရောဂါပိုးကြောင့် သေဆုံးသူ ဦးရေမှာ သြဂုတ်လ၅ရက်နေ့အထိ၈၉ ဦး ရှိလာပီလို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ ဒေါက်တာခင်ခင်ကြီးက အခုလို ဗွီအိုအေကို အတည်ပြု ပြောပါတယ်။
“သေဆုံးသူက H1N1 influenza A pdm09 နဲ့ ထပ်မံသေဆုံးသူက ၆ ဦးရှိပါပြီ ။ အဲဒီအတွက်ကြောင့် စုစုပေါင်း သေဆုံးသူက ၈၉ ဦး ရှိပါတယ်။ အဲဒီ ၈၉ ဦးမှာဆိုရင် ရာသီတုပ်ကွေးရောဂါကြောင့် သေရတယ် ။ သူ့မှာ ထင်ရှားတဲ့ နောက်ခံရောဂါမရှိဘူး။ ရာသီတုပ်ကွေးရောဂါကြောင့်ပဲလို့ ပြောလို့ရသူက ၈ ယောက်ရှိတယ် ဆိုတော့ သေဆုံးမှုရဲ့ ၉ ရာခိုင်နှုန်းလောက်တော့ရှိပါတယ်။”
ရာသီတုတ်ကွေး ရောဂါပိုးသံသယလူနာ ၁၀၀၀ ကျော်မှာ လူဦးရေ ၄၀၀ ေျကာ် ရောဂါပိုးတွေ့ရှိပြီးတော့ အဲဒီထဲက H1N1 ကြောင့် သေဆုံးသူ ၈၉ ဦးရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူတွေထဲက ၈၀ရာခိုင်နှုန်းဟာဆိုရင် နာတာရှည် ရောဂါတွေဖြစ်တဲ့ ဆီးချို ၊သွေးတိုး ၊နှလုံးရောဂါတွေကြောင့် ဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
“ရာသီပေါ်တုပ်ကွေးပိုး တွေ့ရှိမှု အခြေအနေကို ပြောရမယ်ဆိုရင် ဓာတ်ခွဲနမူနာ အရေအတွက် ၁၁၃၀ ဓာတ်ခွဲစမ်းသပ်ပါတယ်။ဒါက သံသရလူနာတွေ ဖြစ်ပါတယ်။အဲ့ဒီ ၁၁၃၀မှာဆိုရင် ရာသီတုပ်ကွေး Influenza A H1N1 ပိုးတွေ့ရှိသူဟာ ၄၁၇ ယောက် ရှိပါတယ်။ Influenza A H3N2 ဆိုတာကို တွေ့ရှိသူက ၂၆ ယောက် ရှိပါတယ်။ Influenza Bက ၂၉ ယောက် ရှိပါတယ်။စုစုပေါင်း အနေနဲ့ဆို ရာသီပေါ်တုပ်ကွေး ရောဂါပိုးတွေ့ရှိသူလူနာ ၄၇၂ ယောက်ရှိပါတယ်။”
အအေးမိတုပ်ကွေး ဖြစ်လေ့ရှိတဲ့ ရာသီမျိုးမှာ နေထိုင်မကောင်းဖြစ်နေရင် လူအများရှိတဲ့နေရာ မသွားလာဘဲ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့နဲ့ အသက်ရှူလမ်းကြောင်းကနေ တဆင့် ကူးတဲ့ ဒီရောဂါမျိုးက ချောင်းဆိုး၊ နှာချေရင် ရောဂါပိုးမပြန့်ပွားအောင် ပါးစပ် နှာခေါင်းတွေကို အုပ်ပေးဖို့ လက်ကိုမကြာခဏ ဆေးကြောဖို့လည်း သတိပေးထားပါတယ်။
အခုလို မိုးရာသီအချိန်ကာလတွေမှာ မြန်မာနိုင်ငံအနှံ့ ရာသီပေါ်တုပ်ကွေး ရောဂါတွေနဲ့အတူ ခြင်ကိုက် ခံရာကနေ တစ်ဆင့် ကူးစက်တဲ့ သွေးလွန်တုတ်ကွေးရောဂါ၊ဆင်တုတ်ကွေး ရောဂါတွေ ဖြစ်ပွားနေတာပါ။