သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ယာဉ်တိုက်မှုလျော့ပါးရေး အဝေးပြေးလမ်းတွေ ဘေးကင်းလုံခြုံဖို့လိုအပ်


အဝေးပြေးလမ်းမတခု

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တယောက်ဖြစ်တဲ့ မမီးမီး (ခေါ်) မသင်းသင်းအေး တနလာင်္နေ့က ဧရာဝတီတိုင်း ကျောင်းကုန်းအနီးမှာ ကားမတော်တဆ တိမ်းမှောက်ပြီး သေဆုံးသွားခဲ့တာကြောင့် ပုသိမ်ရန်ကုန် လမ်းမကြီးရဲ့ ဘေးကင်းလုံခြုံမှုနဲ့ လမ်းအခြေနေကို အများက အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။ လမ်းတွေဆိုးတာ၊ ကျဉ်းတာ၊ ကားတွေ အရှိန်နဲ့ မောင်းနှင်တာတွေကြောင့် ယာဉ်တိမ်းမှောက်မှုတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ ကားလမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဘာတွေပြင်ဆင်မလဲ၊ မေးခွန်းထုတ်မှုတွေလည်း ရှိလာနေပါတယ်။ ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။

၁၁၃ မိုင်ရှည်တဲ့ ရန်ကုန်-ပုသိမ်လမ်းမကြီးဟာ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်း ဒေသကြီး အကြား မြို့နယ်အသီးသီးက ဒေသခံတွေရဲ့ နေ့စဉ်ကုန်စည်ကူးသန်းမှုအတွက် အားထားရတဲ့ လမ်းမကြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လမ်းတွေ အလွန်ကျဉ်းပြီး လမ်းဆိုးတဲ့နေရာတွေ ရှိတဲ့အတွက် ယာဉ်မတော်တဆ တိမ်းမှောက်တာ၊ တိုက်မိတာတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။ ဒီလမ်းပေါ်မှာ ကားမောင်းဖူးတဲ့ ကားသမားတယောက်က အခုလို ပြောပါတယ်။

"ကားကြီးကို ကျော်ချင်တယ်ဆိုသော်လည်းကောင်း၊ ကားလေး အချင်းချင်းကျော်တယ်ဆိုရင်လည်းကောင်း ရှေ့ကလူက ချိုင့်တွေကို ရှောင်နေရတဲ့အခါမှာ ချက်ချင်းရုတ်တရက် ဘေးဘက်ကို မကပ်ပေးဘူး မကပ်ပေးတော့ ၊ ဒီအနောက်ကလူကလည်း ကျော်မိသားဖြစ်နေတယ်ဆိုရင် တချို့က အတင်းကျော်လိုက်တာပေါ့ ကျော်လိုက်တဲ့အချိန်မှာ မျက်နှာချင်းဆိုင်က တခုခုပေါ့နော် ဆိုင်ကယ် တခုခုကလာရင် သူ့အနေနဲ့က ဟိုဆွဲဒီဆွဲမှာ လမ်းဘေးကို ရောက်သွားနိုင်တယ်။ ရောက်တဲ့အခါဖြစ်တဲ့ပြဿနာက လမ်းဘေးမှာ လမ်းပုခုံးက တချို့နေရာမှာ ပြည့်ပြည့်စုံစုံမရှိဘူး။ မရှိတော့ ကျနော်တို့ လမ်းဘေးကို ချလိုက်တဲ့အချိန်ကျရင် အရမ်းသတိထားရတာပေါ့နော် ဆွဲသွားတာတို့ ၊ တချို့က ရေကိုပဲမြင်ရတယ် ချိုင့်ဘယ်လောက်နက်သလဲဆိုတာ မမှန်းနိုင်ဘူး။ ဆင်းလိုက်တဲ့အခါကျမှ ချိုင့်ကကြီးနေတယ် အဲလိုမျိုးတွေ ကြုံရတယ် အကို။ တချို့နေရာမှာ ဘေးရေမြောင်းက အဆင်သင့်ပဲရှိနေတယ်။ ရှိနေတော့ နည်းနည်းလေး လိုတာထက်ပိုပြီးတော့ ဆင်းလိုက်ရင် ရေမြောင်းထဲရောက်သွားရော ။ ပြန်ဆွဲတက်လာဖို့ ခက်တယ်ပေါနော်။"

လမ်းဖောက်လုပ်ရေးအတွက် ကန်ထရိုက်ယူခဲ့တဲ့ ကုမ္ပဏီတွေက ပေးထားတဲ့ ကတိက၀တ်နဲ့အညီ စံချိန်စံညွှန်းအမီမဖောက်လုပ်ခဲ့တဲ့ အပြင် သတ်မှတ်တဲ့ ပေပြည့်မှီအောင် မဖောက်လုပ်ခဲ့ဘူးဆိုပြီး ဝေဖန်ချက်တွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကပဲ ရန်ကုန်-ပုသိမ် လမ်းမကြီးပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်းမှာ မေးခွန်းထုတ်မှုတွေ ရှိခဲ့ပြီး ADB အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အကူအညီ ချေးငွေနဲ့ လမ်းမကို ချဲ့ဖို့ စီစဉ်နေတဲ့အကြောင်း တာဝန်ရှိသူတွေ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အမေရိကန် ဒေါ်လာ သန်း ၁၁၀ ကနေ ၁၃၀ အထိ ချေးငွေ အကူအညီယူပြီး ၃၆ လလောက်ကြာမယ်လို့ ခန့်မှန်းတဲ့အကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ခန့်မှန်းခဲ့ပါတယ်။

လေးလမ်းသွား ကားလမ်းနေရာတွေကို ၄၆ ပေအထိတိုးချဲ့ပြီး နှစ်လမ်းသွား ကားလမ်းနေရာတွေကို ၃၃ ပေအထိ တိုးချဲ့ဖို့ စီစဉ်ထားခဲ့တာဖြစ်တဲ့အကြောင်း ဆောက်လုပ်ရေးဌာန တာဝန်ရှိသူတွေကို ကိုးကားပြီး ပြည်တွင်း သတင်းတွေမှာ ရေးပါတယ်။ ဧရာဝတီတိုင်း စက်မှုလက်မှုနဲ့လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေးကတော့ စီမံကိန်း နှောင့်နှေးကျန့်ကြာ နေတာတွေနဲ့ ပတ်သက်လို့ အခုလို VOA ကို ပြောပါတယ်။

"ပုသိမ်-ရန်ကုန်လမ်းက BOT ကုမ္ပဏီကိုပေးထားတယ် ။ သူတို့က ဟိုအရင်တုန်းကတည်းက စာချုပ်ချုပ်ထားတာလေ။ BOT ကိုပေးထားတယ် သူတို့နဲ့ လုပ်နေတာပေါနော့်။ ကားက တကယ်တမ်းတော့ လမ်းကျဉ်းတယ်၊ နောက်ပြီးတော့ ချိုင့်ခွက်တွေရှိတယ်ပေါ့နော်။ အဲဒါကိုလည်း ကျနော်တို့ ကုမ္ပဏီကို Pressure ပေးပြီးလုပ်သော်လည်းပြန်ပြန်ပြီး ဖြစ်နေတာပေါ့နော်။ Pressure ပေးတယ် လုပ်တယ် သို့သော်လည်း အဲဒီလမ်းကို ကျနော်တို့ ADP ချေးငွေနဲ့ ပြုပြင်ဖို့က လွှတ်တော်က အတည်ပြုပေးပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ကနေလေ။ ADP ချေးငွေနဲ့လုပ်ဖို့မှာ ဒီလမ်းကို BOT ကနေ ပြန်သိမ်းရမယ် ။ ပြန်သိမ်းဖို့ကိစ္စကိုလည်း ကျန်ခဲ့တဲ့ ၂ ရက် ၃ ရက်ကပဲ ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးနဲ့ ဒုဝန်ကြီးလာသွားတာ အဲဒါနဲ့ ပတ်သက်ပြီးတော့ သူတို့လုပ်နေပါတယ်။ မကြာခင် တပတ်အတွင်းမှာ BOT ကနေ ပြန်သိမ်းမှာပေါနော့်။ အဲဒါပြီးရင် လောလောဆယ် ADP အစီအစဉ်နဲ့ ဆက်လုပ်သွားမှာပေါနော့်။ အမှန်တကယ် လမ်းက ကျဉ်းတယ် Traffic များတယ် BOT ကလည်း အကုန်မလုပ်နိုင်ဘူးပေါ့နော် အဲလိုဖြစ်နေတာအခု။"

ဦးဝင်းဌေးရှင်းပြတဲ့ BOT ဆိုတာက ကုမ္ပဏီတခုကို လမ်းဖောက်လုပ်ခွင့် သက်တမ်းတခုအတွင်းလမ်းလုပ်ငန်းလည်ပတ်ခွင့်နဲ့ လမ်းခ ကောက်ခံခွင့်တွေ ခွင့်ပြုထားတဲ့ စနစ်ဖြစ်ပါတယ်။

ရန်ကုန်ပုသိမ်လမ်းမ တိုးချဲ့မွန်းမံပြီးမယ်ဆိုရင်တောင် မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆ ထိခိုက်မှုတွေ လျော့ကျသွားအောင် ပြုပြင်ရမယ့် လမ်းတွေနဲ့ တင်းကြပ်ရမယ့် စည်းမျဉ်းတွေ ရှိနေပါတယ်။

မြန်မာ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ ၂၀၁ဂ ခုနှစ် ဇန္န၀ါရီလကနေ ၂၀၁၈ ခုနှစ် ဇွန်လအတွင်း တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှာ ယဉ်တိုက်မှု ၉၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၈၀၀ ကျော် ရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ တသောင်းလေးထောင်ကျော် ရှိတယ်လို့ ဖေါ်ပြပါတယ်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ အများဆုံးဖြစ်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ မကြာခင်က ထုတ်ပြန်တဲ့ လမ်းစည်းကမ်း ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီရင်ခံတွေ အရ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှ နိုင်ငံတွေမှာ ယာဉ်မတော်တဆ တိမ်းမှောက်မှု ဒုတိယ အဆိုးဆုံးလို့ ဖေါ်ပြထားပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG